ဘကြီးကောင်း
မောင်မြင့်အေးရေ
...
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ဘုရားကြီး ပြီးခဲ့တဲ့ ၁၃၈၅ ခုနှစ် နယုန်လဆန်း(၇)ရက် (၂၅-၅-၂၀၂၃) ရက်ည မဇ္ဈိမယံမှာ ပျံလွန်တော်မူရှာ ပြီဆိုတဲ့သတင်းကိုကြားလိုက်ရတော့ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတွေအဖို့ အင်မတန်မှစိတ်ထိခိုက် ပြီး နှလုံးစိတ်ဝမ်းမသာမယာဖြစ်ကြရတယ်ကွယ်။
လူမှုကွန်ရက်
စာမျက်နှာထက်မှာလည်း ဆရာတော်ကြီးရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာ ဂုဏ်တို့နဲ့ပတ်သက်ပြီး
အနီးနေသံဃာတော် အရှင်မြတ်အချို့ရဲ့ ရေးသားဖော်ပြမှုတွေကို မြင်ရဖတ်ရပြန်တော့လည်း နိုင်ငံတော်နဲ့သာသနာတော်
မြတ်ကြီးအတွက် နှမြောတသ ယူကျုံးမရဖြစ်ကြ ရတယ်။
အထူးသဖြင့်
ဆရာတော်ကြီးရဲ့ ဥဇုပ္ပဋိပန္နောဆိုတဲ့ ရိုးဂုဏ်တွေကို တသသ ပြန်လည်မှန်းဆလွမ်း တမ်းတကြရတယ်။
သံဃာ့ဂုဏ်ကိုးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ ဥဇုပ္ပဋိပန္နောဂုဏ်ဆိုတာ
ဥဇု-ဖြောင့်မှန်စွာ၊ ပဋိပန္န-ကျင့်သူလို့အဓိပ္ပာယ်ရတယ်ကွဲ့။ ဓမ္မာစရိယဦးဌေးလှိုင်ရဲ့“ရတနာသုံးပါးကျေးဇူး” စာအုပ်ထဲမှာတော့
“ဘဂဝတော-ဘုန်းတော်ကြီး သောမြတ်စွာဘုရား၏၊ သာဝကသံဃော-တပည့်သား သံဃာတော်အပေါင်းသည်၊ ဥဇုပ္ပဋိပန္နော-
ကိုယ်နှုတ်စိတ်ဝယ်၊ မဖုံးကွယ်ဘဲ၊ အရွယ်သုံးမျိုး၊ မချိုးမထောင့်၊ ရိုးဖြောင့်မှန်စွာ
ကျင့်ကြံတော်မူပါ ပေ၏။
မဇ္ဈိမပဋိပဒါလမ်းသည်
ဖြောင့်မှန်သောလမ်း ဖြစ်သည်။ သံဃာတော်အရှင်မြတ်တို့သည် ထိုလမ်း စဉ်အတိုင်းကျင့်တော်မူကြ၍
‘ဖြောင့်မှန်စွာကျင့်သူ’ဟု ခေါ်ရ၏။
ကိုယ်နှုတ်စိတ်သုံးပါးတွင်လည်း
ဒုစရိုက် ဆယ်ဖြာမဝင်သာဘဲ မာယာ၊ သာဌေယျ စသော အကောက်တရားများလည်းမရှိ၍ ရိုးသားဖြောင့်မတ်တော်မူ၏။
လောက၌ ရိုးသားဖြောင့်မတ်ခြင်းဂုဏ် သည် ကြီးမြတ်လှပေသည်။
ပထမ၊
ဒုတိယ၊ တတိယဟူ၍ အရွယ်အားဖြင့် သုံးမျိုးရှိရာတွင်လည်း မည်သည့်အရွယ်၌မျှ ကောက်ကျစ်စဉ်းလဲ
ဖောက်လွှဲချိုးဖျက် သိုဝှက် ဖုံးကွယ်ကွေ့ဖယ်သွေဖည် လိမ်လည်လှည့်ဖြား မရိုးသားမှုမရှိ။
သီလသမာဓိ ပညာအကျင့်များကိုတစ်ဖြိုးတည်း၊ တစ်သန်တည်း၊ တစ်ဖြောင့်တည်းမြင့်ထက်မြင့် ဖြောင့်ထက်ဖြောင့်အောင်
ကျင့်တော်မူသည်ဟု ဆိုလိုပေသည်” စသဖြင့်အဓိပ္ပာယ်ဖွင့်ဆို
ရေးသားထားတယ်ကွဲ့။
ဝိမံသာဓိပတိ
“မန္တလေးမှာ တစ်မနက်ခင်းလုံးဆွမ်းခံသွား ရတယ်၊ နံနက်
၆ နာရီလောက်ဆို ဆွမ်းခံထွက်ပြီ။ ကျောင်းကို ၈ နာရီ၊ ၉ နာရီလောက်မှပြန်ရောက်။ သုံးနာရီလောက်၊
‘ဟာ’၊
အလကားအချိန်တွေကုန်တာပဲ။ ငါဘာလုပ်ရပါ့မတုံး၊ စဉ်းစားတယ်။ အဲဒီတော့
သပိတ်ဖုံးပေါ်မယ် ဒီလိုစာရွက်ကလေးရေးသွားတာ။ ကျက်ရမယ့်စာလေး။ အဲဒါ ဆွမ်းခံရင်း မတ်တတ်စာကျက်သွားတာ။
အပြန်အခါဆိုစာတွေရတာပဲ။ တစ်ခါတလေ စာတွေမကျက်နိုင်ဘူးဆိုရင် ဆွမ်းခံရင်းစာတွေပြန်သွားတာ။
အဲဒီလို ဉာဏ်လေးနဲ့ လုပ်တော့ ဝိမံသာဓိပတိပေါ့။
တစ်ခါတလေ
နောက်နားက ကိုယ်တော်နှစ်ပါး ကပြောသေးတယ်။ ‘အဲဒီကိုယ်တော် တောထွက် ကြီးနဲ့တူပါရဲ့’တဲ့။
တစ်ပါးက‘မဟုတ်ဘူးဗျ၊ ကြည့်တော့သာဒီကိုယ်တော်က တောထွက်ကြီးနဲ့တူတာ၊ ဉာဏ်သိပ်ကောင်းတဲ့ကိုယ်တော်၊
ပညာအလွန်တော်တယ်’တဲ့။ သူတို့က ဘုန်းဘုန်းကိုချီးကျူးသွားကြတာ။ နောင်ဆို စာမေးပွဲတွေမှာ
ဘုန်းဘုန်း ပထမရ၊ အောင်။ အဲဒီလိုဆိုတော့ အံ့ဩကြတယ်။ အဲဒီလို ပြောလို့ ဆရာတော်ကြွားတယ်လို့
မထင်ပါနဲ့၊ ဝိမံသာဓိပတိလေးပေါ်အောင်ပြောတာပါ။”
ပဋ္ဌာန်းဒေသနာ
အပိုင်း (၂) တရားတော်မှာ ဆရာတော်ကြီးကိုယ်တော်တိုင် ဟောကြားတော်မူ ခဲ့တဲ့ ဘဝတစ်စိတ်တစ်ဒေသကို
နာယူမှတ်သားမိမယ်ဆိုရင် ဆရာတော်ကြီးရဲ့ ငယ်စဉ်ကတည်းက ထက်သန်တဲ့ဝီရိယနဲ့ ဉာဏ်ပညာကိုကြည်ညိုဖွယ်ရာ
တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီလို
ငယ်စဉ်ကတည်းက ထက်သန်တဲ့ဝီရိယနဲ့ ဉာဏ်ပညာတို့ကို အဓိပတိထားပြီး ဆောင်ရွက်တော်မူခဲ့တဲ့အတွက်ကြောင့်လည်း
ဆရာတော်ကြီးဟာ ၁၃၁၅ ခုနှစ်မှာ “ပရိယတ္တိသာသနဟိတ ဓမ္မာ စရိယ၊ ဝဋံသကာ၊ BA(မန်းတက္ကသိုလ်)၊
သာသနဓဇသိရီ ပဝရဓမ္မာစရိယဘွဲ့” ၁၃၁၈ ခုနှစ်မှာ “ပါဠိ သိရောမဏိ”ဘွဲ့၊
၁၃၇၈ ခုနှစ်မှာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့က ဆက်ကပ်တဲ့
ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt)ဘွဲ့၊ ၂၀၀၃ ခုနှစ်မှာရန်ကုန်တက္ကသိုလ်က ဆက်ကပ်တဲ့ Doctor
of Letters (D.Litt)ဘွဲ့၊ ၂၀၁၆ ခုနှစ်မှာ ကိုရီးယားနိုင်ငံ Sehan University က ဆက်ကပ်တဲ့
ဘာသာရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင်(Ph.D) ပါရဂူဘွဲ့တို့ကို ဆွတ်ခူးရရှိတော်မူခဲ့ပါတယ်။
ဆရာတော်ကြီးကတော့
“စာမေးပွဲတွေ အောင်ရမယ်ဆိုတဲ့စိတ်နဲ့ စာမကျက်ဘူး။ ငါဘုရား ကို ဘယ်နှခေါက်ပူဇော်နိုင်မလဲဆိုတဲ့
စိတ်နဲ့ပဲစာကြည့်၊ စာကျက်လုပ်ခဲ့တယ်။ အဲဒီလိုနဲ့ သကျ သီဟဝဋံသကာ၊ ပါဠိသိရောမဏိစတဲ့ ဘွဲ့တွေရခဲ့
တာ”လို့
မိန့်ကြားတော်မူခဲ့ကြောင်း နာယူမှတ်သား မိပါတယ်။
ဆရာတော်ကြီးဟာ
စာပေကျမ်းဂန်တွေ သင်ကြားပို့ချ ရေးသားပြုစုတော်မူခဲ့တဲ့အပြင် သံဃာ့ အဖွဲ့အစည်းတွေမှာလည်း
တာဝန်အဆင့်ဆင့် ထမ်းဆောင်တော်မူခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ ယခုဘဝနတ်ထံပျံလွန်တော်မူတဲ့အထိ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်များ၏အဓိပတိအဖြစ် သာသနာ့တာဝန်တွေကို ဆောင်ရွက်တော်မူခဲ့ပါတယ်။
ဆရာတော်ကြီးဟာ
နာမကျန်းဖြစ်လို့ ရောဂါ ဝေဒနာခံစားနေစဉ်မှာလည်း ကျန်းမာရေးအခြေ အနေကို သွားရောက်မေးမြန်းလျှောက်ထားတဲ့
နိုင်ငံတော်အကြီးအကဲနဲ့ဇနီးအပါအဝင် ဧည့်ပရိသတ်
အပေါင်းကိုမမောနိုင် မပန်းနိုင်တရားတော်တွေ ချီးမြှင့်ဟောကြားတော်မူဆဲပါ။
ဒါ့အပြင်
ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေ အန္တရာယ်ကင်း၊ ဘေးရှင်းအောင် သမ္ဗုဒ္ဓေဂါထာနဲ့ ဘုရားရှိခိုးဖို့၊
ယခုဘဝ နောက်ဘဝနှစ်ဌာနလုံး ကောင်းမွန်အောင် ဘုရားဂုဏ်တော်ပုတီးစိတ်ဖို့၊ မေတ္တာပွားဖို့၊
နတ်ဗြဟ္မာသတ္တဝါအားလုံးကို အမျှပေးဝေဖို့တစ်သက်တာအမှတ်ရဖွယ် သာရဏီယ ဆုံးမဩဝါဒတွေကိုလည်း
မိန့်မှာတော်မူခဲ့ပြန်ပါတယ်။
ဘုရားဂုဏ်တော်၊
တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်ဆိုတဲ့ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူး ကိုလေးမြတ်ကော်ရော်ပူဇော်ကြဖို့
ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တယ်ဆိုတာကလည်း တကယ် တမ်းတော့ သတ္တဝါတွေရဲ့အကျိုးစီးပွားအတွက်ပဲ
မဟုတ်ပါလား။
သက်ဆုံးတိုင်
အမြဲရွတ်ဆိုပွားများ
သမ္ဗုဒ္ဓေဂါထာကို
ငယ်စဉ်ကတည်းက သက် ဆုံးတိုင် အမြဲရွတ်ဆိုပွားများခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်နတ်ရှင်ဆိုရင်
ဒုတိယကမ္ဘာစစ်ကာလမှာ စစ်ဘေးရှောင်ရင်း တရုတ်စစ်သားတွေနဲ့တိုးပြီး တယ်လီဖုန်းကြိုးဖြတ်သူလို့
အထင်မှား၊ အသတ်ခံရဆဲဆဲမှာ သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲကရွတ်ဆိုနေခဲ့လို့ သေနတ်မောင်းတင်အပစ်ခံရခါနီးလေးမှာပဲ
အသက်ဘေးက ကြံဖန်လွတ်ခဲ့ရတယ်လို့ဆိုတယ်။
ဒါကြောင့်မို့ ဆရာကြီးဟာသူ့အသက်ကို ကယ်တင်ခဲ့တဲ့သမ္ဗုဒ္ဓေဂါထာကို သူ့တစ်သက်တာမှာ ဘယ်အခါမျှနှုတ်ကမချခဲ့ဘူးလို့
ရေးသားခဲ့ပါတယ်။
စာရေးဆရာကြီး
သင်္ခါဆိုလည်း အိမ်ထောင်ပြု စဉ်က ဆင်းရဲလိုက်သည့်ဖြစ်ခြင်းလို့ ဆိုပါတယ်။ အိမ်ငှားဘဝမှာ
အိမ်လခတောင်ပေးစရာမရှိဘူးတဲ့။ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ်မှန်မှန်ပုတီးစိတ်ခဲ့ရာမှာ “ယခင်က
မွဲတေလှသော (စာရေးဆရာ) ဘဝမှသည် ယနေ့တိုင် မယိမ်းမယိုင်ရပ်တည်ကာ နောက်ဆုံး အိုးပိုင်၊
အိမ်ပိုင်လေးနဲ့ ယခုလိုနေထိုင်ရခြင်းပင် တည်း”လို့ရေးသားခဲ့ဖူးတယ်ကွဲ့။
ဆရာကြီးက
သူ့ကိုယ်တွေ့ဖြစ်ရပ်အပြင် အခြားသူတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။
မိန်းမတစ်ဦးဆိုရင်
သူ့ကိုရိုက်ဖို့ချောင်းနေတဲ့ ယောကျ်ားကြီးသုံးယောက်က သူပြန်လာတိုင်း ဘေးကယောကျ်ားကြီးနှစ်ယောက်
အဖော်ပါလာတာကိုတွေ့တွေ့နေလို့ အကြံအစည်အထမမြောက် ခဲ့ဘူးတဲ့။ အမှန်တော့ ဒီအမျိုးသမီးက
နေ့တိုင်း အဖော်မပါ တစ်ကိုယ်တည်း သမ္ဗုဒ္ဓေဂါထာရွတ်ပြီး ပြန်လေ့ရှိသူလို့ဆိုပါတယ်။
စစ်အတွင်းကာလမှာ
နေ့စဉ်ဘုရားကိုအာရုံပြု၊ ပုတီးစိတ်၊ သမ္ဗုဒ္ဓေဂါထာရွတ်၊ ပဋ္ဌာန်း (၂၄) ပစ္စည်းစည်းချပြီးမှ
အိပ်ရာဝင်တဲ့မိသားတစ်စုဟာလည်း အနုကြမ်းစီးဓားပြတိုက်ဖို့လာတဲ့ လူဆိုးဓားပြတွေရဲ့အမြင်မှာ
တစ်အိမ်လုံးမီးတွေလင်းနေပြီး လူတွေတရုန်းရုန်းနဲ့ မြင်ခဲ့ရလို့ ဓားပြဘေးကလွတ်ကင်းသွားခဲ့တယ်။
အမှန်အားဖြင့်တော့ ဒီအိမ်ထဲမှာ သူတို့ မိသားစုအပြင် ဘယ်သူမှမရှိခဲ့ဘူးလို့ဆိုပါတယ်။
အကျယ်သိချင်ရင်တော့
ဆရာကြီးမင်းသူရိန်ရဲ့ “တန်ခိုးထက်မြက်သည့် ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များ” စာအုပ်နဲ့ဓမ္မာစရိယဦးဌေးလှိုင်ရဲ့
“ရတနာသုံးပါး ကျေးဇူး”စာအုပ်တွေကို ကိုယ်တိုင်သာဖတ်ရှုလေ့လာကြည့်ပေတော့။
အလားတူပဲ
ဆရာတော်ကြီးက ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေအပါအဝင် လောကသားတို့ရဲ့ အကျိုးစီးပွားအတွက်
ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တဲ့အခါမှာ (၁)ခန္ဓာ ကိုယ်သန့်ရှင်းစေရမည်၊
(၂) အချိန်မှန်မှန်ရွတ်ဖတ်ရမည်၊ (၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်၊ (၄) ပြီးလျှင်
အမျှဝေမေတ္တာပွားရမည်ဆိုတဲ့ စံချိန် ကိုက်ရွတ်ဖတ်နည်း လေးနည်းကိုအခါအားလျော်စွာ ဟောဖော်ညွှန်ပြဆိုဆုံးမတော်မူခဲ့ပါတယ်။
ပဋ္ဌာန်းနဲ့
ဆရာတော်ကြီးက သဟဇာတ၊ အညမညလို့လည်း ဆိုရမယ်ကွဲ့။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း “ဘုန်းဘုန်းကပဋ္ဌာန်းဝါသနာပါပါတယ်။
ပဋ္ဌာန်းဝါသနာပါလို့ ဆရာသမားတွေဆီ ပဋ္ဌာန်းခုနစ်ခေါက်တက်ပါတယ်။ တစ်ခေါက် တစ်ခေါက်ကို
သုံးလ၊ လေးလ အဲဒီလိုကြာပါတယ်။ စာချတန်းပြီးမှလည်း တက်သေးတယ်။ တချို့ကစာချတန်းပြီးပြီဆိုရင်
စာတတ်ပြီဆိုပြီးရပ်လိုက်တာ။ ဘုန်းဘုန်းကမရပ်ဘူး၊ ငါမတတ်သေးဘူးဆိုပြီး ပဋ္ဌာန်းတွေဆက်ပြီး
ဆရာသမားတွေဆီတက်ပါတယ်။ နောက်ဆဋ္ဌသင်္ဂါတင်တော့လည်း ပဋ္ဌာန်းတွေဘာတွေဘုန်းဘုန်းတို့ပဲ
ပြင်ပါတယ်။ ပဋ္ဌာန်းချတာကတော့ အခေါက်ရေ တော်တော်များနေပါပြီ။ အဲဒီလိုပြောတာက ကြွားချင်လို့ပြောတာ
မဟုတ်ပါဘူးနော်၊ အခေါက်ခေါက် အခါခါတက်တော့ အာသေဝနပစ္စယောလို့ခေါ်တယ်။ အဖန်ဖန် အထပ်ထပ်
မှီဝဲဆည်းကပ်တဲ့ အလုပ်အကိုင်မျိုးလုပ်တော့ အဲဒါတဖြည်းဖြည်းကျွမ်းကျင်လာတယ် လို့ဆိုပါတယ်” စသဖြင့်ပဋ္ဌာန်းဒေသနာတရားတော်မှာ
ဟောကြားတော်မူခဲ့ပါတယ်။
ဒါ့အပြင်
“ပဋ္ဌာန်းတရားနာရတဲ့အတွက် ပစ္စယပရိဂ္ဂဟဉာဏ်၊ အကောင်းဆုံးဉာဏ်ရပါတယ်။ သူ့ထက်ကောင်းတဲ့
ပစ္စယပရိဂ္ဂဟဉာဏ် မရှိတော့ဘူး။ ပဋ္ဌာန်းတရားဟာ အကောင်းဆုံး အကြောင်းအကျိုး၊ အကြောင်း
(၂၄) ပါး၊ အကျိုး(၂၄)ပါးပြောပြတာနော်။
အေး၊
တို့အလွန်တရာကောင်းမွန်တဲ့ ပဋ္ဌာန်း တရားနာကြားရတယ်လို့ ဒီလိုဝမ်းသာရမယ်နော်။ ဘုန်းဘုန်းလည်းပဲ
အခု အသက် (၈၀) ရှိပြီ။ နောက်ဒါထက်ကြီးလာလို့ရှိရင် ဒီလိုပဋ္ဌာန်းတရားတွေ ဟောချင်မှဟောနိုင်တော့မယ်နော်။
အေး၊ ကြိုးစား ပြီးနာပါ”လို့လည်း မိန့်ကြားတော်မူခဲ့ပါတယ်။
သို့ဖြစ်ရကား
တိုင်းနိုင်ငံနဲ့သာသနာတော် မြတ်ကြီးအတွက်တံခွန်သဖွယ် အလေးအမြတ် ပြုကြရတဲ့ မဟာထေရ်မြတ်ကြီးရဲ့
အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်က နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ခမ်းခမ်းနားနားကျင်းပပူဇော်ဖို့
စီစဉ်ဆောင်ရွက်လျက်ရှိတဲ့နည်းတူ မြန်မာပြည်သူအပေါင်းကလည်း ဆရာတော်ကြီးရဲ့ဆုံးမ ဩဝါဒနဲ့အညီ
ဓမ္မပူဇာနဲ့ ဆရာတော်ကြီးကို ပူဇော်ကြပါကုန်စို့။ ။
No comments:
Post a Comment