သိပ္ပံနည်းပညာအင်ဂျင်နီယာ(ထွန်း) - စက်မှုစီးပွားထူးချွန် (၁၉၉၂ခုနှစ်)
ကမ္ဘာကြီးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (Carbon Dioxide Gas) တွေ တစ်စတစ်စဖြစ် ပေါ်တိုးပွားများပြား လာတာကြောင့် ရာသီဥတုဖောက်ပြန်၊ အပူဓာတ်လွန်ကဲမှုတွေ ဖြစ်လာ နေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း တိုးပွားစေကာ လူနဲ့သဘာဝပတ်ဝန်းကျင် ထိခိုက် ဆုံးရှုံးမှုများလာနေပြီ ဖြစ်ပါတယ်။ လူသားတွေရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များပြားလာ တာကို ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှုဖြစ်ပေါ်စေတဲ့ အင်ဂျင်အတွင်း လောင်ကျွမ်းပေါက်ကွဲစွမ်းအားသုံး (ICE) ယာဉ်တွေအတွက် နိုင်ငံခြားကနေ ဝယ်ယူဖြည့်တင်းပေးနေရတဲ့ နိုင်ငံခြားငွေဆုံး ရှုံးမှုကို လည်း ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ အဲဒီ ICE ယာဉ်တွေကို အစားထိုးအသုံးပြုနိုင်တဲ့ လျှပ်စစ် စွမ်းအင်သုံး လျှပ်စစ်ယာဉ်တွေ အစားထိုးအသုံးပြုနိုင်ကြဖို့ သုတေသနပညာရှင်တွေက တီထွင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်သုံးယာဉ်များ အထွေထွေသယ်ယူပို့ဆောင်နိုင်ရေးအတွက် ICE ယာဉ်သုံးဖို့ တွင်းထွက် လောင်စာဆီတွေ ဝယ်ယူ ပေးနေရတဲ့ ဈေးနှုန်းကလည်း တစ်စတစ်စ ကြီးမြင့် လာတဲ့အတွက် ဝန်ထုပ်ဝန်ပိုး လျော့နည်းပပျောက်ဖို့၊ သိပ္ပံနည်းပညာသုတေသန ပညာရှင် တွေရဲ့တီထွင် ဖော်ဆောင်ပေးလာနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ဖြစ်ပေါ် စေသော တွင်းထွက်လောင်စာဆီသုံး အတွင်း ပေါက်ကွဲစွမ်းအား ဖော်ဆောင်ပေးတဲ့ ICE ယာဉ်တွေ နေရာမှာ လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) တွေနဲ့အစားထိုး အသုံးပြုခွင့်ရလာနိုင်ဖို့ ၁၉၆၀/ ၇၀ ပြည့်နှစ် ကတည်းက သုတေသနပြု ကြိုးပမ်းခဲ့ကြပြီး ၁၉၇၁ ပတ်ဝန်းကျင်လောက်မှာ လူသိများ ကျော်ကြားပြီး သုံးစွဲသူ များပြားလာခဲ့ပါတယ်။
နည်းပညာအသစ်တွေ
တွင်းထွက်လောင်စာဆီစွမ်းအားသုံး (ICE) ယာဉ်တွေအစား လျှပ်စစ်စွမ်းအင်သုံး (EV) ယာဉ် တွေကို အစားထိုးအသုံးပြုကျော်လွှားနိုင်နေပြီ ဖြစ်သလို သုတေသနပညာရှင်တွေရဲ့ အဆင့်ဆင့် တီထွင် အသုံးချလာနိုင်အောင် ဖော်ဆောင်ပေးမှကြောင့် လျှပ်စစ်စွမ်းအင်ကို နေရောင်ခြည် စွမ်းအား၊ လေအား၊ရေစွမ်းအား (ယခင်ကသဘာဝပုံမှန်ရေစီး အားသန် ရေကြောရှိတဲ့နေရာ တွေမှာသာ ရေအား ဖြင့် လျှပ်စစ်စွမ်း အင်ထုတ်ယူ အသုံးပြုနိုင်ခဲ့ကြပေမယ့် သုတေသန ပညာရှင်တွေရဲ့ တီထွင်ဖန်တီး ပေးနိုင်စွမ်းမှုကြောင့် သဘာဝမြေအနေအထား အခြေအနေ အပေါ်မူတည်ပြီး မိမိတို့ပညာရှင်များ ဖန်တီးတည်ဆောက်ရယူနိုင်တဲ့) လူဖန်တီးနိုင်သော စဉ်ဆက်မပြတ် ရေစီးအားစွမ်းအင် (Continuous Artificial Hydro Power) တို့ဟာ လူသားတွေ အတွက် ရေရှည်စဉ်ဆက်မပြတ် အထူးအကျိုးပြု နိုင်တာကိုလည်း အလေးထားအသုံးချ နိုင်အောင် နည်းပညာအသစ်တွေကိုကြိုးပမ်းအကောင်အထည် ဖော်နိုင်ကြရပါမယ်။ နေရောင်ခြည်စွမ်း အားသုံး အားဖြည့်သွင်းစနစ် EV ယာဉ်တွေ နေရာဒေသအနှံ့မှာ ဘက်ထရီ အားနည်းသွားတဲ့အခါ အခက်အ ခဲမရှိ အားပြန် ဖြည့်နိုင်မယ့် လျှပ်စစ်စွမ်းအင်ဖြည့်တဲ့စနစ် (Recharging Stations) တွေကို လက်ရှိအင်အား အပြည့်အဝ မဖြန့်ဖြူးပေးနိုင်သေးတဲ့ မဟာဓာတ်အားလိုင်း စွမ်းအားမလျော့စေအောင် အဆက်မပြတ် စွမ်းအား ဖြည့်ပေးနိုင်မယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ နေရောင်ခြည်စွမ်းအားသုံး လျှပ်စစ်ကားများ အားဖြည့်သွင်း စနစ် (EV Rechargering Stations) တွေနဲ့ ဖြည့်တင်းပေးနိုင်အောင် သုတေသနပညာရှင်တွေ တီထွင်ပေးနိုင်တာဟာလည်း လျှပ်စစ်မီးပြတ်တဲ့အခါနဲ့ လျှပ်စစ်မီးမရောက်သေးတဲ့နေရာ ဒေသတွေအတွက် အထူးအကျိုးရှိစေမှာပါ။
လျှပ်စစ်စွမ်းအင်သုံး EV ယာဉ်တွေဟာ လူနဲ့ ကုန်ပစ္စည်းအထွေထွေအစုံစုံ သယ်ယူပို့ဆောင် ရေးမှာ ယခင် အလေးထားအသုံးပြုရင်း ကာဗွန်ဒိုင် အောက်ဆိုက်များစွာဖြစ်ပေါ်စေနိုင်တဲ့ICE ပေါက်ကွဲအင်ဂျင်စနစ် (လေးလံရှုပ်ထွေး အစိတ်ပိုင်းများစွာ ကြောင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ် မကြာခဏ ဖြစ်စေပြီး လေးလံ၊ အသံကျယ်ဖြစ်ပေါ်တတ်စေ ပါတယ်)ကို EV တွေနဲ့ အစားထိုးကြရပါမယ်။
ICE ယာဉ်တွေ လည်ပတ်စွမ်းအားဖြစ်စေဖို့ လိုအပ်တဲ့ အစိတ်အပိုင်းများစွာနဲ့ ရွေ့လျားစွမ်းအင် ကိုဖန်တီး ပေးရမှုကြောင့် အထွေထွေပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ် လျော့နည်းစေပြီး ငြိမ့်ညောင်းပေါ့ပါး၊ အသံမထွက်၊ လွယ်ကူစွာလှုပ်ရှားသွားလာ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ EV ယာဉ်တွေကို အများအပြား သုံးစွဲနေကြပြီဖြစ်ပါတယ်။
လတ်တလော မိမိတို့နိုင်ငံအနေနဲ့ EV ယာဉ်တွေ အစပြုသုံးကြရာမှာ အရေအတွက် နည်းနေပါ သေးတယ်။ အများပြည်သူသွား လာမှုလွယ်ကူပြီး စရိတ်သက်သာစေဖို့၊ အဓိက နိုင်ငံခြားငွေကို သုံးပြီး လက်ရှိ ICE ယာဉ်တွေ အတွက်လိုအပ်တဲ့လောင်စာဆီ ဝယ်ယူဖြည့်တင်း ပေးသွင်းနေ ရမှုတို့ အလျင်အမြန် လျော့ကျပျောက်ကွယ်သွားဖို့၊ လူသားတွေ ကျန်းမာ ရေး ထိခိုက်မှုလျှော့ချ ပေးနိုင်ဖို့နဲ့ သဘာဝပတ်ဝန်း ကျင်ပျက်စီးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ဖို့အတွက် အကြံပြုချင်ပါတယ်။
အဓိကရည်မှန်းချက်တွေ အထမမြောက်သေး
အခု EV အကျိုးဖော် ဆောင်နိုင်မှုမှာတိုင်းပြည် အထွေထွေလိုအပ်ချက် ဖြည့်ဆည်းပေးနေရတဲ့ အင်အားမ တောင့် တင်းသေးတဲ့ မဟာဓာတ် အားလိုင်းမှ ၄၄၀၀ ဗို့အားကို ခွဲဝေရယူပြီး အမြန် အားသွင်း တိုင်လေးတိုင် တည်ဆောက်ပေး နိုင်သူတွေကိုသာ EV ကားတင်သွင်း ရောင်းချခွင့် ထုတ်ပေးတဲ့ စနစ် ကြောင့် EV တင်သွင်း Permit များရသူ လူနည်းစု က ယာဉ်တစ်စီးသွင်း၊ တစ်စီးရောင်းချ အမြတ်များများရအောင် ဈေးတင်ရောင်း ချဖြန့်ဖြူးနေတာမို့ လူအနည်းစု အတွက်သာ ရောင်းသူဝယ်သူ အကျိုးဖြစ်စေပါတယ်။ အများပြည်သူအတွက် မထိရောက် သလို နိုင်ငံခြားငွေနဲ့ လောင်စာဆီဝယ်သွင်း ဖြန့်ဖြူး ပေးနေရမှုကို လျှော့ချနိုင်ခြင်း၊ သဘာဝပတ် ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ခြင်းစတဲ့နိုင်ငံတော်ရဲ့ အဓိကရည်မှန်းချက် တွေလည်း အထမမြောက်သေးပါ။
EV ယာဉ်တွေ အသုံးများစေဖို့
လတ်တလောကာလ EV ယာဉ် စတင်သုံးစွဲ နေနိုင်မှုကို တစ်စတစ်စ တိုးပြီးသုံးစွဲလာနိုင်ဖို့နဲ့ တိုင်းပြည်ရဲ့ရည် မှန်းချက်ဖြစ်တဲ့ ပြည်ပကနေ နိုင်ငံခြားငွေနဲ့ ICE အင်ဂျင်အတွက် တွင်းထွက်ဆီ ဝယ်ယူတင်သွင်းနေရမှုလျော့ကျစေအောင် EV ယာဉ်တွေ နိုင်ငံအတွင်း အသုံးများစေနိုင်ဖို့ ဆောင်ရွက် ပေးသင့်ပါတယ်။ ငွေကြေးသင့်တင့်စွာသုံးနိုင်တဲ့ အများစု လူတန်းစားပြည်သူ တွေအတွက်အကျိုး ဖြစ်စေအောင် အများပြည်သူဝယ်ယူအသုံးပြုနိုင်တဲ့ ငွေကျပ်သိန်းသုံးရာခန့် တန်ဖိုးရှိ EV Mini Van (ထိုင်ခုံ လေးခုံပါ၊ တံခါးသုံးပေါက်ပါ၊ ဗင်ကား နောက်ဘက် ပစ္စည်းတင် အပေါက်အပါအဝင်) ကားတွေဦးစားပေး တင်သွင်းဖြန့်ဖြူးရောင်းချပေးပြီး အရေအတွက် အလျင် အမြန်တိုးပွားလာရင် ပြည်သူတွေ ဝမ်းပန်းတသာ သုံးနိုင်ကြပါမယ်။ အစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်း တွေမှ ဝန်ထမ်းတွေနဲ့ပင်စင်စား တွေကိုလည်းအဆိုင်းနဲ့ ငွေပေးချေဝယ်ယူခွင့် စနစ်ကို ဘဏ်အဖွဲ့အစည်း၊ အုပ်စုဖွဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက် စီမံပေးနိုင်အောင် လည်း ဖော်ဆောင်ပေးကြစေလိုပါတယ်။
ဒါမှ ICE ယာဉ်တွေအစား EV များစွာကို အစား ထိုး အသုံးချနိုင်မယ်ဆိုရင် နိုင်ငံခြားက တွင်း ထွက်လောင် စာဆီတင်သွင်းနေရမှုတွေ လျော့နည်းနိုင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ပေါ်မှုကို ထိန်းသိမ်းကာကွယ်နိုင်ပါမယ်။
နေရောင်ခြည်စွမ်းအားသုံး EV Rechargering Stations များကြောင့် နေရာဒေသလုပ်ငန်းတိုင်း နေရောင်ခြည် စွမ်းအားနဲ့ လျှပ်စစ်စွမ်းအင်ထုတ်ယူနိုင်ပြီး EVယာဉ်တွေ အားသွင်းစနစ် အတွက် သာမက ပြည်သူတွေ အထွေထွေလိုအပ်မှုအတွက်ကိုလည်း ဖော်ဆောင်ရယူနိုင်ကြမှာဖြစ်ပါ တယ်။
ဒါဆိုရင် လူဦးရေတစ်စတစ်စ တိုးပွားလာပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မား လာမှု၊ အထွေထွေ စီးပွားရေးလုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေ၊ စက်မှုဇုန်တွေ၊ အစိုးရစက်ရုံတွေ အတွက်လျှပ်စစ်ဓာတ်အား အပြည့်အဝမဖြည့်ဆည်းပေးနိုင်မှု အခက်အခဲကိုလည်း ကျော်လွှား နိုင်ပါမယ်။ ဒါ့ပြင်အစိုးရ၊ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊ ဆက်စပ်ပြည်သူတွေအားလုံးစုပေါင်း ညီညာ ဖော်ဆောင်ယူ နိုင်ကြတဲ့ သဘာဝကပေးအပ် နေတဲ့ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် တွေကို အစိုးရနဲ့ပြည်သူ လက်တွဲညီစွာအသုံးချနိုင်အောင် စီမံဖော်ဆောင် ကျော်လွှားကြနိုင်မယ် ဆိုတာကို အသိပေးရေးသား တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment