ဥတုရာသီ၊ တောကိုမှီ
“ဥတုရာသီ၊ တောကိုမှီ” ဆိုသည့်အတိုင်း နေ့စဉ်မိုးလေဝသအခြေအနေများ၊ နှစ်အလိုက် ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုအခြေအနေများသည် သစ်တော၊ သစ်ပင်များအပေါ် များစွာမှီတည်လျက်ရှိသည်။ ကမ္ဘာ့လေထုကို ပူနွေးစေပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို သစ်တောသစ်ပင်များက စုပ်ယူဖယ်ရှားပေးပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသဖြင့် “ဥတု ရာသီ၊ တောကိုမှီ” ဟု ဆိုခြင်းဖြစ်သည်။ သစ်ပင်သစ်တောများ တိုးပွားလာသည်နှင့်အမျှ မိုးလေဝသမှန်ကန်ပြီး ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွန်အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
စိုက်ပျိုးလိုလျှင် ကြိုတင်ပြင်
စိုက်ပျိုးသောသစ်ပင်တစ်ပင်
ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် အချိန်ယူ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရသည်။
စိုက်ပင်အရေအတွက် အနည်းအများပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုကာလနှင့် လုပ်ငန်းပမာဏအနည်းအများသာ
ကွာခြားသည်။ မိုးဦးကျ၍ မြေဆီအစိုဓာတ်ရရှိသည့် တစ်ပြိုင်တည်းအချိန်ကိုက်စိုက်ပျိုးနိုင်ရေးအတွက်
ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဝီရိယထားပြင်ဆင်ဆောင်ရွက်ကြရသည်။ စိုက်ပျိုးမည့်
သစ်တောစိုက်ခင်း ဧရိယာပမာဏ၊ အပင်အရေအတွက်တို့ အပေါ်မူတည်ပြီး ဒေသအလိုက်စိုက်ပျိုးမည့်
မြေနေရာရွေးချယ်ခြင်း၊ မြေရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်း၊ ပန္နက်ရိုက်ခြင်း၊
ကျင်းတူးခြင်း၊ မြေဆီစုဆောင်းခြင်း၊ မျိုးရိုးဗီဇကောင်းမွန်သော သစ်စေ့များစုဆောင်းခြင်း၊
ကျန်းမာကြံ့ခိုင်သောပျိုးပင်များ လုံလောက်စွာရရှိစေရန် ပြုစုပျိုးထောင်ထားခြင်း၊ ပျိုးဥယျာဉ်နှင့်
စိုက်ပျိုးမည့်နေရာ အကွာအဝေးပေါ်မူတည်၍ ပျိုးပင်များအချိန်ကိုက်သယ်ဆောင်ရန် ပြင်ဆင်ထားရှိခြင်းစသည့်
လုပ်ငန်းအဆင့်အဆင့်ကို ဆောင်ရွက်ထားရှိရသည်။
မြေဆီစိုခိုက်သစ်ပင်စိုက်
မိုးကြိုကာလများတွင် နေရာဒေသအလိုက်သစ်ပင်များ
စိုက်ပျိုးကြသလို မိုးတွင်းကာလဇွန်လနှင့် ဇူလိုင်လများတွင် မြေဆီအစိုဓာတ်ရရှိသော အချိန်ကာလတွင်
အင်နှင့်အားနှင့်သစ်ပင်များ စိုက်ပျိုးကြရသည်။ ယခုလို မိုးလရာသီ ရောက်၍
မြေဆီစိုသည်နှင့် သစ်ပင်များ ကို ဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့်သစ်ပင်များ စိုက်ပျိုးကြသည်။
သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကဲ့သို့
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်နေရသော ဌာနများအနေဖြင့် ကြိုးဝိုင်း/
ကြိုးပြင် ကာကွယ်တောများအတွင်း သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း
တည်ထောင်ခြင်းလုပ်ငန်းများ နှစ်စဉ်လျာထားချက်များ ပြည့်မီရေးအတွက် မိုးလရာသီကိုအားကိုးပြုကာ
မြေအစိုဓာတ်ကောင်းစွာရရှိသော အချိန်တွင်စိုက်ပျိုးကြရသည်။
သစ်ပင်သစ်တောများ တိုးပွားလာစေရန်အတွက် လက်ရှိရှိနေသော
သဘာဝတောများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရသကဲ့သို့ သစ်တောနယ်မြေအတွင်းရှိ
တောနိမ့်၊ တောပျက်၊ တောပါးသောနေရာ များတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊
သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း တို့ကို ဆောင်ရွက်ကြရသည်။ စီးပွားရေးစိုက်ခင်း၊
ရေဝေရေလဲထိန်းသိမ်း ရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊
တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းစသည့်
စိုက်ခင်းအမျိုးမျိုးကို အချိန်ကိုက် ကြိုးပမ်းစိုက်ပျိုးကြရသည်။
သစ်တောနယ်မြေများရှိ သစ်ပင်သစ်တောများသည်သာ အရေးကြီးသည်
မဟုတ်ဘဲ သစ်တောမြေပြင်ပမှ သစ်ပင်များ (Trees Outside Forests-ToF)များ သည်
ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အတွက်အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ နိုင်ငံနှင့်အဝန်စိမ်းလန်းစိုပြည်ရေး၊
ရာသီဥတုမျှတသာယာရေး၊ ပြည်သူလူထုအရိပ်ခိုနားနေ အပန်းဖြေနိုင်ရေးအတွက်
သစ်တောနယ်မြေများတွင် သာမကသစ်တောမြေ ပြင်ပနေရာများဖြစ်သည့် အစိုးရ စီမံခန့်ခွဲခွင့်ရှိသောနေရာများ၊
အမြန်လမ်းဘေးဝဲယာများ၊ အာဆီယံ လမ်းမကြီးများဝဲယာများ၊ မီးရထားလမ်း
ဘေးဝဲယာများနှင့်ကျေးလက်လမ်း၊ ခရိုင် ချင်းဆက်လမ်းဘေးဝဲယာများတွင်လည်း
သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ သစ်တောဦးစီးဌာန
အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းအပြင် အစိုးရဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့်
ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်း၊ Tree Planting Campaign ၊
Greening Campaign နှင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ
စိုက်ပျိုးကြလျက်ရှိသည်။
အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ တပ်မတော်နှင့် ရဲတပ်ရင်းတပ်ဖွဲ့များ၊
ပြည်သူများအနေဖြင့်လည်း နှစ်သက်ရာသစ်မျိုးများကို မိုးတွင်းကာလတွင် အချိန်ကိုက်စိုက်ပျိုးနိုင်ရေးအတွက်
အမြင့်နှစ်ပေအထက်ကျန်းမာကြံ့ခိုင်သော ပျိုးပင်အမျိုးမျိုးကို သစ်တောဦးစီးဌာနက အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး
သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ အောင်မြင်စေရန်၊ တစ်ပင်စိုက်တစ်ပင်
ရှင်သန်စေရန် အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။ မိုးရာသီသစ်ပင်များ
စိုက်ပျိုးရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသောသစ်မျိုးများ၊ ဒေသနှင့်ကိုက်ညီသောသစ်မျိုးများ၊
လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရည်ရှိသောအပင်မျိုးများ၊
ပူပြင်းခြောက်သွေ့မှု ဒဏ်ခံနိုင်သော သစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများ၊ ရေရှည်တွင်မြို့ပြဖွံ့ဖြိုးမှုကို
ထိခိုက်မှုမရှိစေနိုင်သည့်သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်
ဖူးပွင့်သော သစ်မျိုးများ၊ မျက်စိ ပသာဒဖြစ်စေမည့် သစ်မျိုးများ၊ အရိပ်ကောင်းစွာပေးစွမ်းနိုင်သည့်
သစ်မျိုးများကိုစိုက်ပျိုးမည့်နေရာနှင့် လိုက်လျောညီထွေရှိစေရေး စနစ်တကျ
ရွေးချယ်ကာစိုက်ပျိုးကြရသည်။
အကျိုးကျေးဇူးစုံလင် သစ်တောသစ်ပင်
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းဖြစ်ပြီး
ဇရပ်၊ တန်ဆောင်းဂူကျောင်းပြာသာဒ်နှင့် အခြားထာဝရကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်ကိုရရှိခံစားနိုင်ကာ
အသက်ရှည်ကျန်းမာကုသိုလ် အကျိုးထူးတို့ကိုလည်း ရရှိနိုင်သည်။ သစ်ပင်သစ်တောများသည်
သစ်နှင့်ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင်အပါအဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို
ထောက်ပံ့ပေးသကဲ့သို့ ငွေကြေးဖြင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများစွာကိုလည်း
ပံ့ပိုးပေးလျက်ရှိသည်။ “သက်ရှိလောကတည်မြဲဖို့”၊ “ဇီဝမျိုးစုံ ထိန်းသိမ်းဖို့”၊ “လောင်စာ
စွမ်းအင်ရရှိဖို့”၊ “ရေ၊ မြေ သယံဇာတ ထိန်းသိမ်းဖို့”၊ “လေကောင်း လေသန့် ရရှိဖို့”၊
“ရာသီဥတု မျှတဖို့” ၊ “ထာဝရကုသိုလ်ရယူဖို့”၊ “သဲကန္တာရဖြစ်ထွန်းမှု တားဆီးဖို့”
စသော အကျိုးကျေးဇူးများစွာကို သစ်ပင်၊ သစ်တောများက ပံ့ပိုးပေးလျက်ရှိသည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု
အများဆုံးခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်း
တိုက်ခတ်မှုများ၊ ဆားငန်ရေ ဝင်ရောက်မှုများ၊ ရေကြီးရေလျှံမှုများကို တားဆီး
ကာကွယ်နိုင်ရန်နှင့် လျော့ပါးသက်သာ စေရန်အတွက် ဒီရေတောအပင်များစိုက်ပျိုးခြင်း၊ ဆားငန်ဓာတ်ခံနိုင်ရည်ရှိသော
အပင်များကို စိုက်ပျိုးခြင်း၊ ရေသောက်မြစ် နက်ရှိုင်းစွာရှိပြီး ဘေးမြစ်ဖြာထွက်မှုအားကောင်းသော
အမြဲစိမ်းအပင်များ စိုက်ပျိုးခြင်း၊ အုန်း၊ ပင်လယ် ကဗွီးကဲ့သို့သော ပင်စည်ကွေးညွှတ်
အားကောင်းပြီး အရွက်သေးငယ်သောအပင်များဖြင့် လေကာတန်းစိုက်ပျိုးခြင်း၊ ဒေသနှင့်ကိုက်ညီသော
လေပြင်း မုန်တိုင်းဒဏ်ခံနိုင်သည့် ကြီးမြန်ပင်များ နှင့် အမြဲစိမ်းအပင်များ၊ မြေဆီလွှာထိန်းနိုင်သည့်
အပင်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ
ကျရောက်မှုကို လျော့ပါး သက်သာစေနိုင်သည်။
နိုင်ငံအဝန်းစိမ်းလန်းစေဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော
ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက်
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊
အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက် သာဆုံး၊ သဘာဝနှင့်လိုက်လျောညီထွေ အဖြစ်ဆုံး လုပ်ငန်းတစ်ရပ်ဖြစ်သည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊
သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်း (Nature-based Solutions) အဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် မှ ၂၀၃၀
ပြည့်နှစ် အထိကာလကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN
Decade of Ecosystem Restoration 2021-2030) ဟု သတ်မှတ်ထားပြီး
ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊
ဂေဟစနစ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်
အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည်
ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ
ဖော်ဆောင်ရေးနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာစေရေး၊ ပတ်ဝန်းကျင်ရေးရာ နိုင်ငံတကာ
ကတိကဝတ်များဖြည့်ဆည်း နိုင်ရေးအတွက် မြန်မာနိုင်ငသစ်တောများ ပြန်လည်တည်ထောင်ရေး
စီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇) ကို ရေးဆွဲ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး
တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်း
အစီအစဉ် (၂၀၁၉-၂၀၂၀မှ ၂၀၂၈-၂၀၂၉အထိ) နှင့် နိုင်ငံအဆင့်ဒီရေတောနှင့် ကမ်းရိုးတန်းဒေသများ
ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များအစရှိသည့်
စီမံကိန်းများကိုရေးဆွဲပြီး သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်း
ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသစ်တောများ
ပြန်လည်တည်ထောင်ရေး စီမံကိန်းကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်း ဧက၂၈၅၅၅၀၊
ပုဂ္ဂလိကသစ်တောစိုက်ခင်း ၂၈၅၁၀၄ ဧကနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၇၀၃၃၂
ဧက တို့ကို ရည်မှန်းချက်ချမှတ်လျက် နည်းလမ်းမျိုးစုံဖြင့် တည်ထောင်စိုက်ပျိုးလျက်
ရှိရာ နိုင်ငံပိုင်သစ်တောစိုက်ခင်း ၁၄၆၉၅၉ဧက၊ ပုဂ္ဂလိကသစ်တော စိုက်ခင်း ဧက ၆၄၂၅၀
နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၄၄၉၆၅၇ ဧက တို့ကို တည်ထောင်နိုင်ခဲ့ပြီး
ဖြစ်သည်။ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနနှင့်
မြန်မာ့သစ်လုပ်ငန်းတို့အနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ အတွင်း
သစ်တောစိုက်ခင်းမျိုးစုံ ဧရိယာ ၂၅၂၇၁ ဧက၊ အပင်ပေါင်း ၂၄၆၁၉၂၀၀ ကို
လျာထားစိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများသစ်ပင်သစ်တော ချစ်ခင်စိတ်တိုးပွားလာစေရေး၊
သစ်တော သစ်ပင်ထိန်းသိမ်းရေးအသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်တောများမှ
ထောက်ပံ့ပေးသော ပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်လာစေရေးအတွက်ရည်ရွယ်၍
မိုးလရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လာခဲ့ပြီး
နှစ်စဉ်ကျန်းမာကြံ့ခိုင်သည့် အမြင့်ပေ နှစ်ပေအထက် ပျိုးပင်များကို
အခမဲ့ဖြန့်ဖြူးပေးလျက်ရှိရာ ယခုနှစ်တွင် ပျိုးပင် ၈ ဒသမ ၄ သန်း ကျော်
လျာထားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော
သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။
သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ ခံစားရရှိဖို့
“နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ ခုချိန်စိုက်ကနောက်မကျ၊
ဒုတိယအကြိမ် အကောင်းဆုံးပ” ဟူ သော ဆိုရိုးစကားနှင့်အညီ ယခုအချိန်သည်
သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်းဆုံး အချိန်အခါဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်
လူတိုင်း လူတိုင်း၊ ကျေးရွာတိုင်း၊ မြို့ပြတိုင်း သစ်ပင် စိုက်ပျိုးနိုင်ရန် အားပေးကူညီ
ဆောင်ရွက်ပေးလျက်ရှိသည်။ သစ်ပင် စိုက်ပျိုးနိုင်သည့် နေရာမှန်သမျှ သင့်လျော်သော
သစ်ပင်များစိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
အိမ်ခြံဝင်းပတ်လည်နှင့် လယ်ယာနယ်နိမိတ်များ၊ ကျေးရွာအတွင်းအပြင် မြေကွက်လပ်များ၊
မြို့ပြ ပတ်ဝန်းကျင်နှင့် မြို့ပြအတွင်း သင့်လျော်သောနေရာများ၊ မြစ်ချောင်းကမ်းနား
တစ်လျှောက် နေရာကွက်လပ်များ၊ ရေကန်များ၊ အင်း၊ အိုင်ဘေးပတ်လည် နေရာများ၊ ကားလမ်းနှင့်
ရထားလမ်း ဘေးဝဲယာ သင့်လျော်သည့် နေရာများ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့်
ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းကန်ဝင်းအတွင်း
သင့်လျော်သောနေရာများ၊ အများနှင့် သက်ဆိုင်သောနေရာများစသည်တို့တွင် အကြားအလပ်မရှိ
သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့ကို ဝိုင်းဝန်း
ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု၊
မြဲအောင်ထိန်းသိမ်း
တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင်ရှင်သန်ဖို့ အလွန်အရေးကြီးလှသည်။
သစ်စေ့မှ ပျိုးပင်တစ်ပင်ဖြစ်လာ သည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။
ပင်လယ်ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်း၊ တောင်ကုန်း တောင်တန်းဒေသစသည့် နေရာဒေသအပေါ်
မူတည်၍ ပတ်ဝန်း ကျင်၊ ရေ၊ မြေ၊ ဒေသအနေအထားနှင့် သဟဇာတဖြစ်သော သစ်မျိုးများ ဖြစ်ရန်
လိုအပ်ပြီး ရည်ရွယ်ချက်၊ စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည်
ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း ကြီးအောင်ပြုစုဖို့၊ မြဲအောင်
ထိန်းသိမ်းဖို့ အလွန်ခက်ခဲသည်။ အပင်တိုင်း အပင်တိုင်းကို တန်ဖိုးထားလျက် စတင်စိုက်ပျိုးခြင်းမှသည်
ကြီးပြင်းသည်အထိ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ရာသီအလိုက်လုပ်ဆောင်နိုင်မှသာ
စိုက်ပျိုးပြီးအပင်များရာနှုန်းပြည့် ရှင်သန်အောင်မြင်နိုင် မည်ဖြစ်သည်။
စိမ်းလန်းသာယာ၊ ပြည်မြန်မာ
သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကိုပိုင်စိုးရသကဲ့သို့
အကျိုးကျေးဇူးအမျိုးမျိုးကို သားစဉ်မြေးဆက်ရရှိခံစားနိုင်ပြီး သစ်တောများကအထောက်အပံ့ပြုသော
ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါလှသည်။ ငွေကြေးအားဖြင့်
တန်ဖိုးဖြတ်၍မရနိုင်ခြင်း၊ ငွေကြေးဖြင့်ဈေးကွက်တွင် ဝယ်ယူသုံးစွဲရခြင်း
မဟုတ်သည့်အတွက် သစ်ပင်သစ်တောများက ပံ့ပိုးသောပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို
တန်ဖိုးထားမှု၊ အသိမှတ်ပြုမှု၊ အလေးထားမှုနည်းပါးကြသည်ကို တွေ့ရသည်။ အဆိုပါတန်ဖိုးများကို
သိရှိ နားလည်မှုမရှိခြင်း ၊ သိရှိသူအလွန်နည်းပါးခြင်း၊ သိရှိသော်လည်း မိမိအကျိုးစီးပွား၊
လူနည်းစု အကျိုးစီးပွားနှင့် ရေတိုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်း၊
အဆိုပါတန်ဖိုးများကို ဖော်ထုတ် မည့်အဖွဲ့အစည်း၊ ထိန်းသိမ်းမည့် အဖွဲ့အစည်း အလွန်နည်းပါးခြင်းနှင့်
စွမ်းဆောင်ရည်နိမ့်ပါးခြင်း စသည့် အကြောင်းများကြောင့် သစ်တောများ ပြုန်းတီးပြီး သစ်တောဂေဟစနစ်များ
ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ သစ်တောသယံဇာတများ ပြုန်းတီးပျက်စီးခြင်းသည် နိုင်ငံ၏ကြွယ်ဝမှုကို
ယုတ်လျော့ဆုံးရှုံးခြင်းလည်း ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများနှင့်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင်
ပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများထည့်သွင်းရန်နှင့် သစ်တောသယံဇာတများကို
ထိန်းသိမ်းကာကွယ်ရန် အစီအစဉ်များကို အမြော်အမြင်ကြီးစွာဖြင့်
ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရန် မဖြစ် မနေ လိုအပ်သည်။ မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အပံ့ဖြစ်စေသည့် အဖိုးတန်သယံဇာတ အရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို
ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးသည်။ သစ်တော သစ်ပင်ချစ်ခင်သူများ ပိုမိုတိုးပွားလာဖို့
လိုအပ်သည်။ ပြည်သူများအကြား သစ်ပင်သစ်တောများ၏ စစ်မှန်သောတန်ဖိုးကို
ပိုမိုနားလည်လာပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း
ပါဝင်လာစေဖို့ ကြိုးပမ်းကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း
စိမ်းလန်းစိုပြည်စေဖို့၊ အေးချမ်းသာယာ စေဖို့ သဘာဝသစ်တောသယံဇာတများ၊ သစ်ပင်၊ သစ်တောများကို
ထိန်းသိမ်း ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ်
ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်
ပြည်သူတစ်ရပ်လုံး တက်ကြွစွာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒမွန်ဖြင့်
တိုက်တွန်းအပ်ပါသည်။ ။
သစ်တောမောင်
No comments:
Post a Comment