ခင်သန်းမြင့်
လူတစ်ခုပူမှုရယ်နဲ့ ဆယ်ကုဋေဆိုတဲ့အထဲမှာ အခုနောက်ပိုင်း ကျွန်မတို့လို အိမ်ရှင်မတွေရဲ့ပူမှုက မနက်မိုးလင်း ဈေးထဲရောက်ကတည်းက အစပြုတယ်လို့ပဲ ဆိုရမယ်။
အရင်တုန်းကဈေးထဲရောက်ရင် ဘာဝယ်လို့ဝယ်ရမှန်းမသိတာက တစ်ဒုက္ခ၊ အခုနောက်ပိုင်းတော့ ဈေးထဲရောက်ရင် ဒီနေ့ဘာပစ္စည်းတွေများ ကုန်ဈေးနှုန်းထပ်တက်ဦးမလဲဆိုတဲ့ သောကပါအဆစ်ပါလာရပြန်တယ်။
ဒီနေ့တော့ လကုန်ရက်မို့ ခြိုးခြံချွေတာတဲ့အနေနဲ့ တော်ရုံသင့်ရုံဘဲဥချဉ်ရည်ဟင်းလေးပဲ ချက်မယ်လို့ စိတ်ကူးထားတယ်။ ဈေးထဲရောက်လို့ ပြန်စဉ်းစားကြည့်တော့ ဘဲဥတစ်လုံးကအနည်းဆုံးသုံးရာ၊ မိသားစုညမနက်ဆိုတော့ ဆယ်လုံး။ “ဟင်” ဘဲဥဖိုးချည်းပဲ ၃၀၀၀ ဖြစ်နေပါလား။ မကိုက်သေးပါဘူး။
ဒါနဲ့သားငါးတန်းဘက်ဆက်ပြီး ခြေဦးလှည့်မိတယ်။ ဟိုမှာ ငါးစင်ရိုင်းလေးတွေပါလား။
“လာ၊ အစ်မတစ်ဆယ်သား ၁၂၀၀ ဈေး၊ အစိတ်သား ၃၀၀၀၊ ငါးမြစ်ချင်း အကောင်သေးက ၈၀၀၊ အကောင်ကြီးက ၁၀၀၀၊ ငါးမြီးတံသွယ်က ၁၂၀၀”
ငါးသည်က ကျွန်မအဖြေကိုမော့ကြည့်ပြီး စောင့်မျှော်နေပေမယ့်စိတ်ထဲက ဒါလည်းမဟုတ်သေးပါဘူးဆိုတဲ့အတွေးနဲ့ ပေပြီးရပ်နေမိတယ်။
ဘေးကပ်လျက် ပင်လယ်ငါးဆိုင်က ဈေးသည်ကလည်း “ရွှေငါး တစ်ဆယ်သား ၈၀၀၊ ၇၀၀ နဲ့ ယူသွားအစ်မ၊ ငါးသေတ္တာငါးလည်း အတူတူပဲ။
ငါးမုတ်ကလည်း ၈၀၀၊ ၇၀၀ နဲ့ပဲယူသွား”၊၊ အရင်က တစ်ပုံမှ သုံး၊ လေး၊ ငါးရာသာပေးရတဲ့ ပင်လယ်ငါးတွေကလည်း ဈေးခေါင်ခိုက်နေပါလား။
တစ်ခေတ်တစ်ခါက သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်က မြန်မာလူမျိုးတွေ ပင်လယ်ငါး ပိုပြီးစားသုံးကြဖို့ နှိုးဆော်တိုက်တွန်းခဲ့တဲ့ “ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်”ဆိုတဲ့ ကြော်ငြာလေးကို သတိရသွားတယ်။ လက်ရှိမှာတော့ ပင်လယ်ငါးတွေကပဲ ခေတ်မီလာလို့ ရေချိုငါးတွေနည်းတူ ဈေးတွေလိုက်ပြီး တက်လာကြတာလားမသိဘူးလို့ ကြံကြံဖန်ဖန်အတွေးပေါက်မိသေးတယ်။
ငါးပုစွန်တွေ လှိုင်လှိုင်ပေါ
ဒီနေ့က ရေထရက်ဆိုတော့ ဈေးထဲမှာ ငါးပုစွန်တွေ လှိုင်လှိုင်ပေါနေတာကိုတွေ့ရတယ်။ ရှေးမြန်မာတွေက လဆန်း ၁ ရက်ကနေ ၅ ရက်အထိကို ရေတက်ရက်၊ ၆ ရက်ကနေပြီး ၁၀ ရက်အထိ ရေကျရက်၊ ၁၁ ရက်ကနေပြီး ၁၅ ရက်အထိ ရေတက်ရက်၊ လပြည့်နေ့ကတော့ ရေအတက်ဆုံးခေါင်ရေ။ နောက်ပြီး လဆုတ် ၁ ရက် ကနေ ၅ ရက်အထိ ကျရက်၊ ၆ ရက်ကနေ ၁၀ ရက်တက်ရက်၊ ၁၁ ရက်ကနေပြီး လကွယ်အထိ ရေကျရက်။ အဲဒီလိုဗမာလဆန်း၊ လဆုတ်နဲ့ပဲ တွက်ကြတာပါ။ ငါး၊ ပုစွန်ဈေးက ရေတက်ရက်မှာပေါပြီး ရေကျရက်မှာ ရှားတယ်။
“ပုစွန်ဖော့ချိတ်ဝယ်ရင် ကောင်းမလား”
ဒန်ဇလားကြီးထဲက ပုစွန်ဖော့ချိတ်များဆီ မျက်စိက ရောက်သွားတယ်။ “တစ်ဆယ်သား ၁၂၀၀၊ အစိတ်သား ၃၀၀၀ နဲ့ ယူအစ်မ” ပုစွန်ဖော့ချိတ်ဈေးကတော့ နည်းနည်းကျသွားတယ်။ ဟိုတစ်ရက်က သူထက်နည်းနည်းပိုကြီးတာ တစ်ဆယ်သား ၂၀၀၀။ ၁၉၆၉-၁၉၇၀ ကျော်ကာလ ကျွန်မငယ်ငယ်က အမေနဲ့ဈေးအတူ သွားခဲ့တာကို ဖျတ်ခနဲသတိရသွားတယ်။ အမေက “ငါတို့ငယ်ငယ် ကဆို ဒီလိုငါးကျည်း၊ ငါးခူမျိုး မစားသေးပေါင်” လို့ ပြောပါတယ်။ ကျွန်မက “ဒါဆို ဘာငါးမျိုးတွေ စားသလဲ” ဆိုတော့ “ငါတို့ မြန်မာတွေ အထူးသဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေက ငါးမြင်း၊ ငါးကြင်း၊ ပုစွန်ထုပ်လောက်မှကွယ်။ ပုစွန်ကျော့၊ ဖော့ချိတ်ဆိုတာမျိုး လှည့်တောင်မကြည့်ဘူး”လို့ ဆိုပါတယ်။ အဲဒီအချိန်က ပုစွန်ကျော့၊ ဖော့ချိတ် တစ်ပိဿာ ၁၂ ကျပ်၊ ငါးမြင်းရင်းဈေးက တစ်ပိဿာ ၁၈ ကျပ်ဖြစ်နေလို့ အမေက သူတို့ငယ်ငယ်က ခေတ်ထက်စာရင်ဈေးကြီးတယ်ဆိုပြီး မချိတင်ကဲ ပြောခဲ့တာဖြစ်ပါတယ်။ အခုအချိန်ဆို အမေဘာပြောမလဲမသိဘူး။
ပုစွန်စပ်ထုပ်အသေးလေးတွေပဲ တစ်ဆယ်သားကို ၂၅၀၀။ ငါးမြင်း ရင်းကမပြောပါနဲ့၊ မြစ်ငါးတန် တစ်ဆယ်သားကိုပဲ ၂၀၀၀၊ ငါးကျည်း၊ ငါးခူ၊ ငါးကြင်း(အကောင်ကြီးသား) လည်း ၂၀၀၀ ပဲ။ ကျွန်မကြိုက်တဲ့ ငါးပုဏ္ဏားဆိုလည်း ၂၅၀၀၊ ၃၀၀၀ ဖြစ်နေလို့ မချက်ဖြစ်တာကြာပြီ။
ငါးဖယ်ခြစ်အစစ်နဲ့ ဆိတ်သားကလည်း တစ်ဆယ်သား ၃၀၀၀ မို့ အနားတောင်မကပ်ရဲဘူး။ အခုချိန်မှာ အခြားအိမ်ရှင်မတွေနည်းတူ ဝက်သားနဲ့ မွေးမြူရေးကြက်ပဲ အစားများနေခဲ့တယ်။ ဝက်သားသုံးထပ်သားကလည်း တစ်ဆယ်သား ၂၀၀၀၊ မွေးမြူရေး ကြက်က ၁၀၀၀၊ ၁၂၀၀ ဖြစ်နေပေမယ့် ငါးပုစွန်တွေလို အမြီးနုတ်၊ ခေါင်းနုတ်စရာမလိုတော့ တွက်ခြေကိုက်တယ်လို့ပဲ ပြောရမှာပေါ့။
ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် စီမံချက်ပြုတ်ရ
တကယ်တော့ အိမ်ထောင်ဦးစီး ယောကျ်ားခင်ပွန်းတွေက အိမ်ထောင်တစ်ခုလုံး၊ မိသားတစ်စုလုံးရဲ့ စားဝတ်နေရေးအတွက် ဦးစီးစီမံရှာဖွေလုပ်ဆောင်ကြရတဲ့နည်းတူ ကျွန်မတို့ အိမ်ရှင်မတွေကလည်း ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် အခုလိုပဲ စဉ်းစားတွက်ချက်ပြီး ဝယ်ရခြမ်းရ စီမံချက်ပြုတ်ကြရတာပါပဲ။
မိသားစုလျှာရင်းမြက်စေဖို့၊ ဟင်းတစ်ခွက်ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တော့တာ။ အခုနောက်ပိုင်း ဟင်းတစ်ခွက်ဖြစ်ဖို့ အနည်းဆုံး သုံး၊ လေး၊ ငါးထောင်ရှိမှ။ သားငါးမတတ်နိုင်လို့ ဟင်းသီးဟင်းရွက်ပဲ စားဦးမလား။ ကန်စွန်းရွက်တစ်စည်း လေး၊ ငါးရာ။ ခရမ်းသီးအရှည် တစ်လုံး ငါးရာ၊ ပုံလုံသီးတစ်ထောင့် ခြောက်ရာ၊ ခုနစ်ရာ။ ငရုတ်သီးစိမ်း၊ နံနံပင်ဆို အရင်က ငါးဆယ်ဖိုး၊ တစ်ရာဖိုးရတယ်။ တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးတယ်။ အခုနှစ်ရာဖိုးတောင် မရောင်းချင်တော့ဘူး။ လတ်တလောမှာ ချင်းတွေလည်း ဈေးကောင်းလာတယ်။ လက်တစ်ဆစ်ကိုပဲ လေး၊ ငါးရာပေးဝယ်နေရပြီ။
မြန်မာလူမျိုးတွေ အဓိကစားသုံးနေတဲ့ ဆန်ဆိုရင်လည်း မကြုံစဖူးဆန်ကြမ်းတစ်ပြည် ၃၀၀၀၊ ဆန်ချောပေါ်ဆန်းဆို ၃၅၀၀၊ ၄၀၀၀။ ရွှေဘိုပေါ်ဆန်းဆို ၄၅၀၀၊ ၅၅၀၀ တဲ့။
ဆန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ပတ်သက်ပြီး တစ်နေ့က သတင်းစာထဲမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ အင်တာဗျူးတာ ဖတ်လိုက်ရတယ်။ အသင်းချုပ်ဥက္ကဋ္ဌက“ ဆန်ဈေးနှုန်းမြင့်တက်နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကက လှောင်လက်တွေများတယ်။ ဈေးကိုတက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့က စိစစ်ဖော်ထုတ်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ လူမှုကွန်ရက်တွေကနေပြီးတော့ မှန်တဲ့သတင်းတွေ တင်ပြတာရှိသလို လွဲမှားနေတဲ့ သတင်းတွေ၊ သူတို့ရဲ့ ရည်ရွယ်ချက်ကို အားပေးနေတဲ့ သတင်းမျိုးတွေကို တားဆီးဖို့ရှိပါတယ်။
ဈေးကွက်ထဲမှာ ပြည်သူကိုသတင်းမှားတွေပေးနေတာရှိတယ်။ စိုးရိမ်ပူပန်မှုတွေဖြစ်အောင် ဖန်တီးတယ်။ လူမှုကွန်ရက်ကနေ ဆန်ဈေးနဲ့ပတ်သက်ပြီး သတင်းမဟုတ်တာတွေ လှုံ့ဆော်နေတာ တွေ့ရတယ်။ တချို့ဆိုရည်ရွယ်ချက်ရှိရှိ လုပ်နေတာတွေ့ရတယ်။ ဆန်အဝင်မရှိပါဘူးဆိုတာတွေ၊ ဆန်အဝင်မရှိပါဘူးဆိုတော့ ပြည်သူလူထုကစိုးရိမ်တာပေါ့။ ဆန်ပြတ်လပ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ဖြစ်ကြတာ၊ အမှန်ကမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စပါးက လုံလုံလောက်လောက်ရှိပါတယ်။
စားသုံးသူပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဆန်ကိုလိုသလောက်ပဲဝယ်ပါ။ ဆန်ဈေးတည်ငြိမ်အောင် ကျွန်တော်တို့စီစဉ် ဆောင်ရွက်နေပါတယ်။ ဆန်ကိုသိုလှောင်ပြီး ဈေးကစားတာတို့၊ ဈေးနှုန်းကြီးမြင့်အောင်လုပ်တာတို့ကိုဖော်ထုတ်ပြီး ပညာပေးတာတွေ၊ အရေးယူတာတွေ လုပ်ဖို့စီစဉ်နေပါပြီ။
အခုဆိုရင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့နဲ့ညှိနှိုင်းတိုင်ပင်ပြီး ဆန်သိုလှောင်တဲ့သူတွေ မှတ်ပုံတင်မယ့် စနစ်လုပ်ဖို့ရှိပါတယ်။ လှောင်လက်တွေဆိုတဲ့နေရာမှာ ပုံမှန် သမားရိုးကျ လှောင်တဲ့သူတွေရှိသလို အခြားရွှေတို့၊ ဒေါ်လာတို့ ဈေးကစားလို့မရအောင် နိုင်ငံတော်အစိုးရကနေပြီးတော့ ကိုင်တွယ်ထားတဲ့အခါမှာ ဆန်တို့၊ ပဲတို့မှာလာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်။ လာပြီးရင်းနှီးမြှုပ်နှံတာကို ကျွန်တော်တို့ကကြိုဆိုပါတယ်။ ဈေးကွက်ကမောက်ကမဖြစ်အောင် လာပြီးလုပ်တဲ့အနေအထားမျိုးဆို ပြည်သူတွေရော အားလုံးထိခိုက်မှာဖြစ်တဲ့အတွက် ဒီကိစ္စတွေမလုပ်ဖို့ပေါ့။ အခုတော့ ကျွန်တော်တို့က သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို စတော့မှာဖြစ်ပါတယ်” ဆိုပြီးပြောတာ ဖတ်လိုက်ရတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကုန်ဈေးနှုန်းတက်တာ မဆန်းပေမယ့် အခုနောက်ပိုင်းမှာ တော်တော်ဆိုးရွားလာတယ်။ ကုန်ပစ္စည်းတစ်မယ်တည်း၊ တစ်ခုတည်းမကဘူး၊ အားလုံးညှိထားသလားလို့ အောက်မေ့ရလောက်အောင် အထွေထွေကိုတက်လာတာ။ ဆန်၊ ဆီ၊ ဆား၊ သားငါး အမည်မည်အကုန်လုံးလိုလိုပါပဲ။
ဆန်ရေစပါးပေါများတဲ့နိုင်ငံမှာ ဆန်ဈေးနှုန်းကြီးတာ၊ မြစ်ချောင်းအင်းအိုင်ပေါများတဲ့နိုင်ငံမှာ သားငါးဈေးကြီးတာ၊ ရေသယံဇာတ၊ မြေသယံဇာတပေါကြွယ်ဝပြီး ရာသီဥတုမျှတတဲ့နိုင်ငံမှာ သစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်ဈေးကြီးတာ တကယ့်ကိုမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ဆိုရပါမယ်။
လက်ရှိအခြေအနေအရလည်း ပုံမှန်ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေက ပုံမှန်အနေအထားပါပဲ။ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုမရှိဘဲပုံမှန်ထွက်ရှိ၊ ဖြန့်ဖြူးရောက်ရှိနေတဲ့ကြားက ရန်ကုန်အပါအဝင် ဒေသအချို့မှာ ကုန်ဈေးနှုန်းတွေဘာကြောင့် အဆမတန်ဈေးကြီးနေရတာလဲ။ ကျွန်မတို့ လောဘတွေ တအားကြီးလာကြပြီလား။ လိုတာထက်ပိုအားကြီးလာတဲ့ လောဘဆိုရင်တော့ ဝိသမလောဘပါပဲ။
ဝိသမလောဘက ကူးစက်မြန်ပါတယ်။ သူများဆိုင်ကလက်ရာ အကောင်းစား၊ ကုန်ပစ္စည်းအကောင်းစားနဲ့ တူတူတန်တန် မုန့်ဟင်းခါးတစ်ပွဲကို ၁၀၀၀ နဲ့ရောင်းရင် ဘေးကစုတ်တီးစုတ်ပဲ့ မုန့်ဟင်းခါးဆိုင်ကလည်း ၁၀၀၀ တက်ရောင်းဖို့ ဝန်မလေးပါဘူး။ ဒီလိုပါပဲ ဝိသမလောဘသား ကုန်သည်ပွဲစား ဆိုတာကလည်း မြန်မာနိုင်ငံမှာ နာဂစ်လို၊ အခုမိုခါလို သဘာဝဘေးတွေကြုံတွေ့လာရင် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလို ကျဈေးနဲ့သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကို ဈေးကစားပြီး အဆမတန်ဈေးတင်တော့တာပါပဲ။
တကယ်တော့ ကျွန်မတို့ဟာ အလှူအတန်းရက်ရောတဲ့ မြန်မာလူမျိုးတွေပါ။ ရှေးလူကြီးတွေကလည်း တကူးတကမလှူနိုင်ရင် “မလှူတတ်ရင် ဈေးရောင်းလို့” ဆိုခဲ့ကြပါတယ်။
ဒါကြောင့်မို့ ကုန်ဈေးနှုန်းကြီးမြင့်အောင် ဈေးကစားနေတဲ့ ကုန်သည်ပွဲစားတွေအနေနဲ့လည်း အများပြည်သူကို စာနာငဲ့ညှာတဲ့အနေနဲ့ ကိုယ့်ရဲ့ဝိသမလောဘကို ချိုးနှိမ်ပြီးသင့်တင့်တဲ့ ဈေးနှုန်းနဲ့ သမ္မာအာဇီဝကျကျ ရောင်းဝယ်ဖောက်ကားပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အသင်းအဖွဲ့တွေအနေနဲ့လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါဦးလို့ တင်ပြလိုက်ရပါတယ်။ ။
No comments:
Post a Comment