မောင်မုဒိတာ
ယခု သန်းခေါင်စာရင်းသည် ရက်တစ်ရက်၊ အချိန်တစ်ချိန်သတ်မှတ်၍ ကာလတစ်ခုအတွင်း လူဦးရေနှင့်အကြောင်းအရာ အချက်အလက်များကို တစ်အိမ်တက်ဆင်း ကောက်ယူသည့်စာရင်းကို ဆိုလိုသည်။ လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်သည်။ ယင်းလုပ်ငန်းသည် အသစ်အဆန်းတော့မဟုတ်။ ခေတ်စနစ်နှင့်အညီ လုပ်နည်း၊ လုပ်ဟန်နှင့် အသုံးပြုရန်လိုအပ်သည့် အချက်အလက်များအပေါ် မူတည်ကာ အနည်းနှင့်အများ အပြောင်းအလဲတော့ရှိသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကိုလိုနီလက်အောက် ကျရောက် နေချိန်ကတည်းက ကောက်ယူဆောင်ရွက်ခဲ့ ကြောင်း အထောက်အထား မှတ်တမ်းများအရ သိရှိရသည်။ လွတ်လပ်ရေးရပြီးချိန်တွင် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမခဲ့ပေ။ ဒီမိုကရေစီအစိုးရအဖြစ် စတင်အုတ်မြစ်ချ တာဝန်ယူခဲ့သည့် သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တွင်မှ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ သည်။ သို့ရာတွင် စာရင်းသဘောတရားအရ ၁၀ နှစ် ခန့်ကြာလျှင် စာရင်းကွာဟမှုကြီးမားလာသဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ပြန်လည် သန်းခေါင်စာရင်းကောက်ယူရပေတော့မည်။
တစ်နိုင်ငံလုံး တစ်ပြိုင်တည်းကောက်ယူမည်
နိုင်ငံတိုင်းတွင် ယင်းနိုင်ငံနှင့် ပတ်သက်သည့် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်ရေးသည် အလွန်အရေးကြီးသည့်အလျောက် လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များကို ဆန်းစစ်လေ့လာခြင်းဖြင့် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်သိရှိနိုင်သည်။ ယင်းကဲ့သို့ တိကျမှန်ကန်သည့် လူဦးရေ၊ စာရင်းအင်းနှင့်လူမှုစီးပွားဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များကို သန်းခေါင်စာရင်း ကောက်ယူခြင်းမှသာ ရရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံသည် သန်းခေါင် စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံကာ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက်အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံ ကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်။ ထို့ကြောင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတိုင်းက မဖြစ်မနေ ဆောင်ရွက်ကြရသည်။ သို့သော် ယင်းလုပ်ငန်း သည် တစ်တိုင်းတစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရသဖြင့် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့် ပြီး ငွေကုန်ကြေးကျများပြားသည့် လုပ်ငန်းတစ်ခု လည်းဖြစ်ပေသည်။ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကမ္ဘာ့နိုင်ငံအများစုက ၁၀ နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံသည်လည်း ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူဆောင်ရွက်ခဲ့ သည့်အတွက် လာမည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရန် အချိန်စေ့ရောက်မည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကလည်း လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြု ထားပြီးဖြစ်သည်။ ယင်းလုပ်ငန်းကို အဓိက တာဝန် ယူဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကလည်း ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း စီမံချက်ရေးဆွဲကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းအဆင့်(၄)ဆင့် ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်း စသည်တို့ကို စတင်ဆောင်ရွက်ချိန်မှ ၅၄ လခန့်ကြာ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယင်း လုပ်ငန်းများအနက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း သည် ကာလအရှည်ကြာဆုံးဖြစ်ပြီး လုပ်ငန်း စတင်ချိန်မှ ၃၆ လ နှစ်အားဖြင့် သုံးနှစ်ကြာမြင့် မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ရက်တစ်ရက်၊ အချိန် တစ်ချိန်အဖြစ် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်ကို သတ်မှတ် ထားရာ သန်းခေါင်စာရင်းရည်ညွှန်းချိန်၏ နောက် တစ်နေ့ဖြစ်သော ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ရက်ပေါင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းကောက်ယူမည်ဖြစ် သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း လူဦးရေ စုစုပေါင်း ၅၇ သန်းခန့်ရှိ အိမ်ထောင်စုပေါင်း ၁၃ သန်းကို စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့် ခွဲကာ လျာထားသတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်သည်။
သတ်မှတ်ကောက်ယူရာတွင် အနည်းအများကွဲပြားမှုရှိ
သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုအလိုက် လူဦးရေအချက်အလက်ကို သော်လည်းကောင်း၊ အဖွဲ့အစည်းအလိုက် လူဦးရေအချက်အလက်ကိုသော်လည်းကောင်း မေးခွန်းများ မေးမြန်းကောက်ယူမည်ဖြစ်သည်။ အိမ်ထောင်စုအလိုက်က အိမ်ထောင်ဦးစီး (သို့မဟုတ်) ယင်း အိမ်ထောင်စုကို ကိုယ်စားပြုသည့် အရွယ်ရောက်ပြီး သူတစ်ဦးက ဖြေကြားပေးရန်သာဖြစ်သည်။ အဖွဲ့ အစည်းဆိုရာတွင် ဘုန်းကြီးကျောင်း၊ ဘိုးဘွား ရိပ်သာ၊ ဂေဟာ၊ ဆေးရုံ၊ အကျဉ်းထောင်၊ စစ်တန်း လျား(လူပျို/အပျိုလိုင်း)၊ အိမ်ခြေရာမဲ့များဟု ခေါ် သည့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ၊ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာနေသူများ စသည်ဖြင့် အစုအဖွဲ့အလိုက် နေထိုင်ကြသူများကို ဆိုလိုသည်။ ယင်းသို့ အဖွဲ့အစည်းအလိုက်ကိုတော့ အစုအဖွဲ့၊ အဖွဲ့အစည်းတာဝန်ခံကို မေးမြန်းကောက်ယူသွား မည်ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံအတွင်း ရှိနေသူအားလုံးကို စာရင်းကောက်ယူမည့် သဘော။ အိမ်ထောင်စုအလိုက်နှင့် အဖွဲ့အစည်းအလိုက် သတ်မှတ်ကောက်ယူရာတွင် မေးခွန်းအရေအတွက် အနည်းအများတော့ ကွဲပြားမှုရှိသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် ၂၀၁၄ ခုနှစ်နှင့် တူညီမှုမရှိသည်က ၂၀၂၄ ခုနှစ်တွင် နည်းပညာကိုအသုံးပြုမည့် Computer Assisted Persional Interviewing (CAPI) စနစ် ဖြင့် Mobile Tablet များ အသုံးပြုကောက်ယူမည် ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် အစိမ်းသက်သက်တော့ မဟုတ်။ ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကြားဖြတ်သန်းခေါင်စာရင်းကိုလည်း CAPI စနစ်ဖြင့် ကောက်ယူခဲ့သည်။ တစ်နိုင်ငံလုံး မဟုတ်သော်လည်း ခရိုင်အဆင့်ကိုယ်စားပြုအဖြစ် သမားရိုးကျ အိမ်ထောင်စု တစ်သိန်းသုံးသောင်းကျော်ကို ကောက်ယူခဲ့သည်။ ယခု ၂၀၂၄ ခုနှစ်တွင်လည်း စာရင်းကောက်များက Mobile Tablet များ အသုံးပြု၍ CAPI နည်းဖြင့် တစ်အိမ်တက်ဆင်း မေးမြန်း ကောက်ယူသွားမည်ဖြစ်သည်။ CAPI စနစ်သည်ပိုမိုတိကျမှန်ကန်မှုရှိသည့် အချက်အလက်များကို လျင်လျင်မြန်မြန်ရရှိနိုင်သည့် ခေတ်မီနည်းပညာအသုံးပြုသည့်စနစ်ဖြစ်သည်။ ယင်းနည်းလမ်းကို နိုင်ငံတကာတွင်လည်း အသုံးပြုနေကြပြီဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုများ မထပ်မကျန်စေရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုလွယ်ကူအဆင်ပြေစေရေးအတွက် အဓိကကျသည့် ကောက်ကွက်များဖွဲ့စည်းနိုင်ရန် ယခုအခါလဝက ဝန်ထမ်းများက ပထဝီဝင်သတင်းအချက်အလက်စနစ် (Geographic Information System-GIS) နည်းပညာဖြင့် ရပ်ကွက်/ ကျေးရွာအရောက် Point ကောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။ Point ကောက်သည့်နေရာများအရ မြေပုံများရေးဆွဲ၍ စာရင်းကောက်ကွက်များဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ပြီးလျှင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲသတ်မှတ်မည်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်ကို မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မှသာ အိမ်ထောင်စုမထပ်မကျန်ဘဲ စာရင်းကောက်ဒေသများကို တိတိကျကျသတ်မှတ်ကာ စာရင်းကောက်ကွက်များ မှန်ကန်စွာ ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်း၏ အုပ်ချုပ် ထောက်ပံ့မှုလည်း လွယ်ကူအဆင်ပြေနိုင်မည် ဖြစ်သည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် အိမ်ထောင်စုနှင့်အဖွဲ့အစည်းများ၏ လူဦးရေဆိုင်ရာ အချက်အလက်များဖြစ်သည့် ဆွေမျိုးသားချင်းတော်စပ်မှု၊ အသက်အပိုင်းအခြား၊ ကိုးကွယ်သည့်ဘာသာ၊ အထောက်အထား ကတ်တစ်မျိုးမျိုးရရှိ ကိုင်ဆောင်မှုအခြေအနေ၊ တစ်ဦးချင်း၏ ပညာသင်ယူတတ်မြောက်မှု၊ အလုပ်အကိုင်ရရှိဆောင်ရွက်မှု၊ မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ အကြောင်းအရာအပြင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု၊ မသန်စွမ်းမှု၊ ပြည်တွင်း/ ပြည်ပရွှေ့ပြောင်း သွားလာမှု စသည့်အခြေအနေအရပ်ရပ်ကို သိရှိနိုင်မည်ဖြစ်သည်။
ယင်းအချက်အလက်များအရ ကျောင်းသားအချိုးနှင့် ကျောင်းဆရာအချိုး ချင့်ချိန်ခြင်း၊ လိုအပ်သော ကျောင်းအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးပေးခန်း၊ ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါးဖြည့်တင်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးခြင်းစသည်တို့ကို တာဝန်ရှိသူများအနေဖြင့် လိုအပ်သလို စီမံခန့်ခွဲဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိမ်အကြောင်းအရာ အချက်အလက်များအရ နေထိုင်မှုပုံစံ၊ ဝါး၊ သက်ငယ်၊ ပျဉ်၊ အုတ်စသည့် အိမ်အမျိုးအစားကို သိရှိရမည်။ အသုံးပြုသည့် ရေအခြေအနေ၊ လျှပ်စစ်မီးရရှိသုံးစွဲမှု၊ အိမ်သာ အသုံးပြုမှု စသည့်အခြေအနေကို သိရှိနိုင်မည်ဖြစ်ပြီးလိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်။ ယင်းအချက်အလက်များသည် ဥပမာသဘောသာ တင်ပြခြင်းဖြစ်သည်။ အချက်အလက်အသုံးပြုသူ များ၏ အသုံးချနိုင်မှုအပေါ်မူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် စီမံကိန်းများ အသေးစိတ်ရေးဆွဲအကောင်အထည် ဖော်နိုင်သည်။ သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအထိ လိုအပ်သည့် အချက်အလက် များကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။ ယင်းအချက် အလက်များအပေါ်မူတည်၍ အချက်အလက် အသုံး ပြုသူများက စီမံချက်ကို တိတိကျကျ ရေးဆွဲအကောင်အထည်ဖော်လျှင် ထိရောက်အောင်မြင် သောရလဒ်များ ထွက်ပေါ်လာမည်က မလွှဲဧကန်ဖြစ်သည်။ ထို့ကြောင့် တိကျမှန်ကန်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ အချက်အလက်များ ရှိရေးအတွက် နိုင်ငံတိုင်းက သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူကြခြင်းဖြစ်သည်။
သန်းခေါင်စာရင်းက ရရှိသောအချက်အလက်များသည် နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနများနှင့်သာ သက်ဆိုင်မည်မဟုတ်။ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်သည်။ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကိစ္စရပ်များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြုရသည့် အချက်အလက်များဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကကောက်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍လည်း ကြီးကြပ်ကွပ်ကဲမှု၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှု၊ ကွင်းဆင်းကောက်ယူမှု စသည်တို့အတွက် လိုအပ်သည့် ကော်မတီအရပ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိနေပြီ။ လုပ်ငန်းများကိုလည်း စီမံချက်ပါအတိုင်း တစ်ဆင့် ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် နေပြီ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးနှင့် ရရှိသည့်အချက်အလက်များကို နိုင်ငံ တကာက အသိအမှတ်ပြုကာ အရည်အသွေးပြည့်မီသော အချက်အလက်များအဖြစ် ချီးကျူးခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရလဒ်ကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။
မေးခွန်းမေးမြန်းခြင်း ခံရသူက မှန်ကန်စွာဖြေဆိုရန်
စာရင်းစစ်များ မေးမြန်းကောက်ယူခဲ့သည့် လူတစ်ဦးချင်းစီ၏ အချက်အလက်၊ အကြောင်းအရာ များနှင့်ပတ်သက်၍လည်း တည်ဆဲဥပဒေဖြစ်သည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေက လုံလုံခြုံခြုံကာကွယ်ပေးထားပြီးလည်းဖြစ်သည်။ မေးခွန်းမေးမြန်းခြင်း ခံရသူကလည်း မှန်ကန်စွာဖြေဆိုရန် တာဝန်ရှိသကဲ့သို့ စာရင်းကောက်များကလည်း ဖြေကြားချက်ကို စာရင်းပုံစံများတွင် မှန်ကန်စွာ ဖြည့်သွင်းရန်လည်း တာဝန်ရှိသည်။ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း (သို့မဟုတ်) စစ်ဆေးခြင်းမပြုရဟုလည်း ဥပဒေမှာ ပါရှိပြီးဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် “သန်းခေါင် စာရင်းရလဒ်များသည် နိုင်ငံအဆင့် အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များ ဖြစ်သည့် အတွက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ဖြင့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတိအလင်း မီးမောင်းထိုး တိုက်တွန်းပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် အဓိကဆောင်ရွက်ပေးရန်မှာ နိုင်ငံတော်အတွက် အရေးပါအသုံးတည့်ပြီး အရေးကြီးသည့် ကိန်းဂဏန်းအချက်အလက်များ ရရှိရေးအတွက် နိုင်ငံတော်မှ တရားဝင်ခန့်ထား သည့် စာရင်းကောက်များ တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူရာတွင် ဖြေကြားမည့်သူ ပြည်သူများက မေးမြန်းချက်များအပေါ် မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီပံ့ပိုး ပေးရန်သာဖြစ်သည်။ သို့မှသာ တိကျမှန်ကန်သော အချက်အလက်များကို အသုံးပြု၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကို တိတိကျကျ ရေးဆွဲချမှတ်နိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ တိကျသောစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းကြောင့် ရည်ညွှန်းချက်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်နိုင်ရေးအတွက် အသွေးရောင်စုံဆေးရောင်စုံကို စုပ်ချက်ညီညီ ရေးခြယ်နိုင်ရန် အားလုံးမှာတာဝန် ရှိနေသည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို သူ့အရေး၊ ကိုယ့်အရေး၊ အားလုံးအရေး၊ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ လက်တွဲညီညီ ကြိုးပမ်းကြရေး မုဒိတာစိတ်လေးနဲ့ နိုင်ငံ့အကျိုးမျှော်လို့ နှိုးဆော်တင်ပြရပါသည်။ ။
“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့”
No comments:
Post a Comment