Thursday, June 1, 2023

တစ်ဦးချင်းပညာအခြေခံမှသည် ပညာအခြေခံလူ့အဖွဲ့အစည်းသို့

ပတ်ဝန်းကျင်ရှုထောင့်စုံက ဘယ်အာရုံလာလာ၊ ကမ္ဘာကြီးရဲ့ဘယ်နေရာက ဘယ်လိုအရာ‌တွေ ရိုက်ခတ်သည်ဖြစ်စေ အကြောင်းအကျိုး၊ အဆိုးအကောင်း ခွဲခြားစိတ်ဖြာဝေဖန်နိုင်မှုကို ပေးနိုင်စွမ်းတာလည်း ပညာပါပဲ။ အနာဂတ်ခရီးလမ်းကို ချောမွေ့‌စေမယ့် ပတ်စ်ပို့တစ်ခုအဖြစ် ပညာကို တင်စား နိုင်သလို ယနေ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု အားကောင်းသူတွေသာလျှင် အနာဂတ်ကို ပိုင်ဆိုင်ကြပါလိမ့်မယ်။ မိမိ ကိုယ်မိမိပြောင်းလဲနိုင်တာ၊ မိသားစု လူ့အဖွဲ့အစည်းကို၊ နောက်ဆုံးကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးကိုတောင်ပြောင်းလဲပေး နိုင်တာကပညာတည်းဟူသော လက်နက်စွမ်းပကားသာလျှင် ဖြစ်ပါတယ်။

ဒီလို ပညာရဲ့စွမ်းအားတွေကြောင့် လောကကြီးဟာ တရားမျှတမှုနဲ့အတူ အလှတရားတွေရှိလာပါတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်မှုကြောင့် အမှား လည်းကင်းလာသလို အမှီကင်းကင်းနဲ့ ရပ်တည်ချက်ကြောင့်လည်း စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းသာယာမှု ကင်းမဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ ကောင်းတာနဲ့မကောင်းတာကို ကွဲကွဲပြားပြားခွဲခြား တတ်သူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ပဋိပက္ခကို မှန်မှန်ကန်ကန်သုံးသပ် ဖြေရှင်းနိုင်စွမ်းသူတွေ နည်းပါးလာတာ ကြောင့်လို့ဆိုပါတယ်။ အဲဒီသုံးသပ်ချက်ပဲပညာရေးနဲ့ ငြိမ်းချမ်းခြင်းရဲ့ ဆက်စပ် မှုသဘောတရားကို ပြသနေတာလို့ ယူဆရမှာဖြစ်ပါတယ်။

ပညာအခြေခံလူ့စွမ်းအား အရင်းအမြစ်ဖြင့်သာ

မြင်ကွင်းကျယ်ကျယ်နဲ့ လှပတဲ့အနာဂတ်တစ်ခုကို ပုံဖော်လိုရင် ပညာအခြေခံတဲ့ လူ့စွမ်းအားအရင်းအမြစ်တစ်ခုကို မလွဲမသွေတည်ဆောက်ရပါ လိမ့်မယ်။ ပညာအခြေခံအုတ်မြစ် မခိုင်မာတဲ့နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဘယ်လိုမှဖွံ့ဖြိုးတိုးတက် လာစရာအကြောင်းမရှိပါဘူး။

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအရှိတရားကိုပဲ‌ လေ့လာကြည့်ပါ။ အားကိုးထိုက်တဲ့ အသိအတတ်ပညာရှင် များစွာလိုအပ်နေတဲ့ အခြေအနေတစ်ရပ်ကို တွေ့မြင်နေရပါတယ်။ အခုကာလဟာ ဘာသာတရားကို အခြေခံပြီးနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အမျိုးသားရေးစရိုက် လက္ခဏာတွေကို ခက်ခက်ခဲခဲပြန်လည်ပြုပြင် တည်ဆောက်ရမယ့် အနေအထားတစ်ရပ်မှာ ရောက်ရှိနေပါတယ်။

အပြန်အလှန် လေးစားတတ်မှု၊ နားလည်ပေးနိုင်မှု၊ ကြင်နာသနားတတ်မှု၊ နာခံတတ်မှု၊ စိတ်ထားတတ်မှု၊ အကောင်းမြင်မှု စတဲ့လိုအပ်ချက်တွေအတွက် မှန်ကန်တဲ့အသိအမြင်တွေ ပေးဖို့၊ ရယူဖို့ များစွာလိုအပ်နေပါတယ်။ အသိအလိမ္မာ အားနည်းမှုနဲ့အတူ အကောင်းအဆိုး၊ အကြောင်းအကျိုး ဆန်းစစ်ဝေဖန်နိုင်စွမ်း မရှိခြင်းရဲ့ သက်ရောက်မှုတွေကို အားလုံးခံစားနေ ကြရပါတယ်။ ယနေ့ကြမ်းတမ်း ခက်ထန်မှုတွေ၊ ပူလောင်မှုဒဏ်ရာ ဒဏ်ချက်တွေဟာ ပညာမပြည့်ဝခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။

အတတ်ပညာအပြင် အသိပညာကိုပါ မှန်မှန်ကန်ကန်နဲ့စနစ်တကျ ဖြည့်ဆည်းပေးနိုင်မှသာ စဉ်းစားဉာဏ် ရင့်သန်ပြီး ထက်မြက်တဲ့အ‌တွေးအခေါ် နဲ့အတူ ဆင်ခြင်တုံတရားရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်များစွာ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ အခမဲ့ ပညာသင်ကြားနိုင်ခွင့်ကို အပြည့်အဝ လက်လှမ်းမီစေမယ့် ပညာသင်ကြားခွင့် ဆိုတဲ့အခွင့်အလမ်းကောင်းကို အားလုံး ရရှိအောင် ပေးဆောင်နိုင်ခြင်းရှိရပါမယ်။ အခုမျိုးဆက်အတွက်သာမက နောင် မျိုးဆက်တွေအထိပါ လှမ်းမျှော်ကြည့်ပြီး သင်ယူသူဘက်ကနေ သင်ယူလိုစိတ် တွေဖြစ်နေအောင် မပြတ်နှိုးဆွပေးနိုင် စွမ်းရှိနေရပါမယ်။

မိဘ၊ ဆရာသည်သာ ရှေ့ဆောင်လမ်းပြ စံပြပုဂ္ဂိုလ်အရာ

ပညာရေးဝန်းကျင်ကောင်းတစ်ခုကို မိဘ၊ ဆရာ၊ ကျောင်းသားဆိုပြီး ဒေါက်တိုင်သုံးခုနဲ့ တည်ဆောက်ယူရပါတယ်။ ဒီအချိန်မှာ အဓိကဖန်တီးရှင်ဖြစ်တဲ့ ပျိုးထောင်သူမိဘရဲ့စေတနာနဲ့ အမြော်အမြင်ဟာ အထူးပဲအရေးကြီးသလို စံနမူနာပြအဖြစ် ပုံသွင်းပေးမယ့် လေးစားထိုက်တဲ့ ဆရာဆရာမတွေရဲ့စွမ်းရည်နဲ့ အတွေ့အကြုံတွေဟာလည်း အလွန်အရေးပါလှပါတယ်။ အရေးကြီးတာက ပညာတန်ဖိုးကြီးမားပုံနဲ့ ပတ်သက်ပြီးမိဘဆရာတွေရဲ့ အတွေး အခေါ်နဲ့စဉ်းစားပုံပါ။ ဒီကတစ်ဆင့် သူတို့ရဲ့စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ဉာဏ်ပညာကို ပြဋ္ဌာန်းပါတယ်။

စာသိသိရာမှတစ်ဆင့် ပညာသိသိဖို့မှာကလေးတွေကို မှန်မှန်ကန်ကန် ဆုံးမပဲ့ပြင်တတ်တဲ့ မိဘနဲ့ ဆရာဆရာမတွေကသာ အနီးကပ်စံပြပုဂ္ဂိုလ်တွေ ဖြစ်သင့်ပါတယ်။ မိမိတို့ရဲ့ သားသမီး လေးတွေ ဂါရဝတရားထားတတ်အောင်၊ ကျေးဇူးအထူးသိတတ်သူတွေ ဖြစ်အောင် မင်္ဂလာတရားနဲ့အညီ နေတတ်ထိုင်တတ်အောင်လမ်းညွှန် ပြသနိုင်သူတွေဟာ မိဘ၊ ဆရာတွေပဲ ဖြစ်ပါတယ်။ ပညာကို ပြင်းပြင်းပြပြသင်ယူလိုစိတ်နဲ့ ကြိုးစား သင်ယူနေအောင်၊ စွယ်စုံသုတကြွယ်ဝလာအောင်၊ တတ်မြောက်ထားတဲ့ပညာရပ်ကို လက်တွေ့အသုံးချခွင့် ရအောင် ရှေ့ဆောင်လမ်းပြဟာ မိဘ ဆရာတွေပါပဲ။

ပြောရမယ်ဆိုရင် မိဘတွေရော ဆရာဆရာမတွေပါ မိမိတို့ရင်‌သွေးတွေ၊ ကျောင်းသားတွေရဲ့ ချစ်ခင်လေးစားအားကျရတဲ့ ပုဂ္ဂိုလ်မြတ်တွေ၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရာမှာ စံပြုရတဲ့ သူရဲကောင်းတွေဖြစ်အောင် ခံယူချက် ကောင်းကောင်းနဲ့ ပြုစုပျိုးထောင်ပေး ရပါမယ်လို့ ဆိုချင်တာဖြစ်ပါတယ်။

ပညာသဘောတရား အားနည်းခြင်းနှင့်အတူ

တာဝန်ရှိတဲ့မိဘတွေက သားသမီးတွေကိုစာသင်ခန်းနဲ့ နီးသထက်နီးအောင် ကျောင်းရှိရာအရပ်ဆီပို့ပေးနေသလို ဆရာ ဆရာမတွေအပါအဝင် တာဝန်ရှိသူအားလုံးကလည်း လိုအပ်တာမှန်သမျှတတ်နိုင်တဲ့ဘက်က ပညာရေးခရီးဖြောင့်ဖြူးရေးမှာ ပါဝင်ဖြည့်ဆည်းနေကြတာကို တွေ့မြင်နေရပါတယ်။ ပညာသင်ခွင့်မရတာဟာ ကလေးအတွက်ရော၊ မိဘတွေအတွက်ရော နိုင်ငံအတွက်ပါအထူးနစ်နာလှတဲ့အပြင် ပညာမဲ့များတဲ့လူ့အဖွဲ့အစည်းနဲ့ တတ်ထားတဲ့ပညာကို အသုံးမချတတ်တဲ့ ဝန်းကျင်မှာ အမှားဟူသမျှတွေ့မြဲ တွေ့‌နေရတဲ့အတွက် ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ယှဉ်တဲ့ ပညာသဘော တရားအားနည်းလာတဲ့အခါ စောင့်ထိန်းရမယ့်သိက္ခာတရားက လျော့ပါးလာ တတ်ပါတယ်။

ဗဟုသုတမပြည့်တော့ သူများစည်းရုံးတာ အလွယ်တကူခံရ၊ ဆင်ခြင်တုံတရားနည်းတော့ ဆောင်ရန်ရှောင်ရန်မသိ၊ အစွန်းနှစ်ပါးကလွတ်အောင်မရှောင်နိုင်၊ အမှားအမှန်မသိတော့ မျှမျှတတဖြစ်အောင် ဆောင်ကြဉ်းနိုင်စွမ်းလည်းမရှိ၊ အေးချမ်းသာယာမှုကင်းပြီး အပျက်သဘောချည်းသာ တွေ့နေရ တတ်ပါတယ်။ ကမ္ဘာ့အလယ်မှာနောက်ကျမကျန်ရစ်ဖို့နဲ့ ဒီအချက်တွေကို ပြန်ပြီးတည်ဆောက်ဖို့ဆိုရင် ပညာရှင်တွေများစွာလိုအပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေကို လျစ်လျူမရှုမိဖို့ လိုအပ်ပါတယ်။

စာသိသိမှ ဗဟုသုတအတွေ့အကြုံကို အခြေခံသောပညာသိသို့

ဒီနေရာမှာ ပညာဆိုတဲ့စကားလုံးကို တောက်လျှောက်သုံးလာခဲ့တဲ့ အဓိကအချက်က စာသင်ခန်းကသင်ယူရခဲ့တဲ့ အတန်းပညာနဲ့တကွ စာသိသိတာထက်ပိုသာတဲ့ စူးစမ်းလေ့လာထိုးထွင်းသိမြင် တဲ့ပညာသိကို ဆိုလိုရင်းဖြစ်ပါတယ်။ နှစ်စဉ်စာမေးပွဲအောင်ရုံနဲ့ မပြီးစေဘဲ အခြေခံပညာကရခဲ့တဲ့ပညာကို အခြေခံပြီး ဗဟုသုတတိုးပွားအောင် အစဉ်ဖတ်မှတ်လေ့လာနေဖို့ လိုပါသေးတယ်။ အခြေခံပညာအပေါ်မှာ ဗဟုသုတတိုးသထက် တိုးအောင်လုပ်၊ လုပ်ငန်းခွင်ရောက်ရင် လက်တွေ့အတွေ့အကြုံနဲ့ ထပ်ဆင့်ပေါင်းပြီး စာတွေ့ကို တကယ့်လက်တွေ့နဲ့ပေါင်းစပ်အသုံးချတတ်မှသာ အသိအတတ်ပညာရှင်အဆင့်ကို ရောက်မှာပါ။ စာသိသိတာထက် အတွေ့အကြုံကသင်ယူရရှိတဲ့ ပညာသိက ပိုပြီးအားကောင်းပါတယ်။

စာသိ + သုတ + အတွေ့အကြုံ ပေါင်းစပ်မှုဟာ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်စွမ်း၊ ဖြစ်ရပ်တစ်ခုအပေါ် ယုတ္တိရှိ/ မရှိ ချင့်ချိန်နိုင်စွမ်း၊ ဆက်စပ် စဉ်းစားပြီး ဖြန့်ကြက်အတွေးအခေါ်နဲ့ အတူခြုံငုံသုံးသပ်နိုင်စွမ်း၊ အကြောင်းအကျိုး၊ အဆိုးအပြစ်ကို မြော်တွေးနိုင်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်းစတဲ့ များစွာသောအရည်အချင်းတွေကို ပေးစွမ်းပါတယ်။ ဒါ့အပြင် ဒီလိုစွမ်းရည်မျိုးတွေဟာမိမိကိုယ်မိမိ ယုံကြည်ချက်ကိုပါ တိုးပွားစေတဲ့အတွက် အလုပ်လုပ် တဲ့အခါမှာ တာဝန်ယူတာဝန်ခံမှုရှိလာစေတဲ့အပြင် ပေးအပ်တဲ့တာဝန်ကိုလည်း ကျေကျေပွန်ပွန်နဲ့ပြီးမြောက်အောင် ထမ်းဆောင်နိုင်တာမျိုး ဖြစ်စေပါတယ်။ ယနေ့ ၂၁ ရာစုခေတ်မှာတောင်းဆိုနေတဲ့ အရည်အသွေးတွေပဲဖြစ်တဲ့အတွက် နိုင်ငံမှာအရေးတကြီးဖြည့်ဆည်းပေး ရမယ့်အရာတွေလည်း ဖြစ်‌နေပါတယ်။ ရေတိုထက် ရေရှည်အကျိုး၊ တစ်ဦးချင်းအကျိုးစီးပွားထက် အများရဲ့အကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်မယ့် လိုအပ်ချက်တွေ ပါပဲ။

ပညာသင်ခွင့်မှသည် တတ်သိပညာရှင်အဖြစ်သို့

နိုင်ငံအားလုံးက ပညာအုတ်မြစ်အခြေခံနဲ့ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေကြရပါတယ်။ တိုးတက် တဲ့နိုင်ငံအားလုံးမှာ ပညာရေးရေချိန် ပိုပြီးမြင့်မားတာကို တွေ့ကြရမှာဖြစ်ပါ တယ်။ ပညာရေးအားနည်းမှုနဲ့အတူ ဆင်းရဲမွဲတေမှု၊ ရောဂါဘယ‌ထူပြောမှု၊ အကြမ်းဖက်၊ ပြည်တွင်းစစ်၊ မငြိမ်းချမ်း မတည်ငြိမ်မှု စတာတွေဟာအနည်းနဲ့အများ ဆက်စပ်နေတတ်ပါတယ်။ ပြည်တွင်းစစ် မည်မည်ရရမရှိတဲ့နိုင်ငံ အချို့မှာတောင်ပညာကောင်းကောင်း သင်ခွင့်မရတဲ့အခြေအနေတချို့ ကြားဖူးပါလိမ့်မယ်၊ ပညာတန်ဖိုးနားမလည်လို့ရယ်၊ အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ ပယောဂကြောင့်ရယ်လို့ ယူဆမိမှာပါ။ မိမိတို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေးအနေအထား၊ စီးပွားရေး၊ ကျန်းမာရေးအခြေအနေတွေကြားထဲက ပညာသင်ကြားခွင့်ရှိသူတိုင်း ပညာသင်ကြား ခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုးစားလှုံ့‌ဆော်နေတာတွေ့ရ ပါတယ်။

ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများစွာကိုရင်ဆိုင်ပြီး ပညာ‌ရည်မြင့်မားအောင် အားထည့်ဆောင်ရွက်နေကြပါတယ်။ ပညာရဲ့တန်ဖိုးကို အလေးအနက်ထားလေတော့ ပညာသင်ခွင့်ရအောင်၊ ပညာသင်ရုံနဲ့မပြီး ပညာတတ်ဘွဲ့ရတွေ များလာအောင်၊ ပညာတတ်ရုံနဲ့မပြီး ပညာရှင်တွေများလာအောင် ကြိုးစား တည်ဆောက်နေရပါတယ်။ ပညာရှင် အဆင့်ကိုတော့မိမိကျွမ်းကျင်တဲ့ဘာသာရပ်ကို လက်တွေ့နယ်ပယ်မှာ အခြေအနေအချိန်အခါအလိုက် အသုံးချနိုင်စွမ်းရှိသူ၊ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ တာဝန်ယူတာဝန်ခံမှုရှိသူ၊ အခြားသူတွေအတွက် များများစဉ်းစားပေးပြီးမျှဝေ ပညာပေးနိုင်သူကိုသာ သတ်မှတ်ပါတယ်။ တိုင်းပြည်မှာ ဒီလိုလူမျိုးတွေ များလာအောင်တော့ ကြိုးစားယူရဦးမယ်လို့ ယူဆမိပါတယ်။

ပညာရေးကို မိမိဘဝနှင့် ထပ်တူခံစားနားလည်ပေးပါ

ယနေ့ ကျောင်းသားလူငယ်တွေအနေနဲ့လည်း စာသင်ခန်းကရခဲ့တဲ့ ပညာနဲ့တင် တင်းတိမ်ရောင့်ရဲနေရုံနဲ့မပြီးစေဘဲ စဉ်ဆက်မပြတ်လေ့လာ အားထုတ်ရမယ့် အရာများစွာရှိနေသေးတယ်လို့ အလေးအနက်ခံယူထားသင့်ပါတယ်။ အဓိပ္ပာယ်ရှိပြီး အောင်မြင်တဲ့ဘဝတစ်ခုမှာရပ်တည်နိုင်ဖို့ အချိန်မဖြုန်းသင့်ပါဘူး။ မိမိဘဝရည်မှန်းချက်အတွက် ပညာကိုအ‌ခြေခံကြပေမယ့် ပညာရေးကိုကိုယ့်ဘဝကြီးနဲ့ထပ်တူထပ်မျှ ခံစားနားလည်ထားရပါမယ်။ ဒါကြောင့်လည်း ယနေ့ပဋိပက္ခတွေ ကြားထဲက ခက်ခက်ခဲခဲဖန်တီးပေးထားတဲ့ပညာရေးဝန်းကျင်မှာ ပါဝင်သင်ယူကြဖို့အရေး ဝေဝေဝါးဝါးဖြစ်မနေသင့်ဘဲ နှောင့်နှေးတုံ့ဆိုင်းနေဖို့လည်း အကြောင်းမရှိကြောင်း တင်ပြလိုခြင်းဖြစ်ပါတယ်။

အမှောင်မှာ ပိတ်မနေသင့်တော့ဘဲ ဆက်ပြီးအလင်းပျောက်နေကြဦးမယ် ဆိုရင် နိုင်ငံနဲ့အများအတွက် အကျိုးပြုဖို့နေနေသာသာနောင်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့တောင်အနိုင်နိုင်ဖြစ်မှာ သေချာပါတယ်။ ပညာမဲ့ရင်အသိလည်းမဲ့၊ အသိမဲ့တဲ့သူ ဟာ ဖောက်ဖောက်ပြန်ပြန်၊ မှားမှားယွင်းယွင်းနဲ့သာသိနိုင်တဲ့ အဆိုးဆုံးအဆင့်အထိ ရောက်ရှိသွားဖို့လည်း မခဲယဉ်းတော့ပါဘူး။ ဒီလိုရောက်ရှိသွား ခဲ့တဲ့သာဓကတွေ မိမိတို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့ခဲ့ရပြီးပါပြီ။

နောက်ဆုံး ဆိုချင်တာတစ်ခုက ကိုယ့်ကြောင့်လည်း မညံ့သွားကြပါစေ နဲ့... ဟူ၍သာ...။ ကိုယ့်ရဲ့အသိမှားမှု‌ ကြောင့် အညံ့တွေ များလာရင် နောက်ဆုံးကိုယ့်ကိုပါ ပြန်ပတ်လာမယ် ဆိုတဲ့ အသိတစ်ခုဝင်လာရင်ကို အတော် ဟုတ်နေပါပြီ။ အနာဂတ်နိုင်ငံတော်နဲ့ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့အခင်း အကျင်းမှာ ရင်ပေါင်တန်းဝင်ဆံ့မယ့် သင်သိမှ တတ်သိ၊ တတ်သိမှပညာသိများ ဖြစ်လာဖို့ များစွာလျှောက်လှမ်းရဦးမှာ ဖြစ်ပါတယ်။

ကျောင်းတွေစောစောဖွင့်မှ ရန်တွေမြန်မြန်ငြိမ်းမှာဖြစ်ပါတယ်။ အသိတွေတိုးလာမှ အညံ့တွေဆုတ်ယုတ်မှာ ဖြစ်ပါတယ်။ အသိမှန်မှရှုမြင်ပုံလည်း မှန်ပြီးအပြောမှန် အလုပ်မှန်မှာဖြစ်လို့ပါပဲ။ ပညာရေးအတွက်အရင်းအမြစ်ဟာ ခါးသီးလှပေမယ့် ထွက်ပေါ်လာမယ့် အသီးအပွင့်ကတော့ချိုမြိန်တယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိရပါမယ်။ အမျိုးသား အကျိုးစီးပွားအတွက်ဦးတည်စဉ်းစားကြတဲ့အခါ အားလုံးမှာစွမ်းဆောင်နိုင်တဲ့ အားတွေရှိပြီးဖြစ်တဲ့အတွက် အကျိုးစီးပွားချင်းထပ်တူဖြစ်တဲ့ အကျုံးဝင်သက်ဆိုင်သူ stakeholder အားလုံးတက်ညီလက်ညီပါဝင်မှသာ ခရီးရောက်အောင်မြင်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါ‌တယ်။  


No comments:

Post a Comment