မြင့်စိုး(နတလ)
ပေါက်တောမြို့က ရတနာလေးတွေ
တစ်နာရီမိုင် ၁၀၀ ကျော်နှုန်းတိုက်ခတ်နေသည့် လေပြင်းဒဏ်ကြောင့် ပင်လယ်ထဲကတဝုန်းဝုန်း ရိုက်ခတ်နေသောလှိုင်းသံတွေ၊ တဖြောင်းဖြောင်း ကျိုးကျလဲပြိုနေသော သစ်ပင်သစ်ကိုင်းတွေ၊ မိုးသံ လေသံတွေကြားမှာ ကိုယ်ဝန်အရင့်အမာနှင့် မီးမဖွားရသေးသော မိခင်လောင်းတစ်ဦးသည် မည်သည့်အရာကို ဆုတောင်းလိမ့်မည် ထင်ပါသနည်း။ မိမိတို့နေထိုင်လျက်ရှိသည့် အိမ်လေးပြိုလဲ မသွားရေးလား၊ မိမိ၏အသက်အန္တရာယ်မဆုံးရှုံး စေရေးလား၊ သို့တည်းမဟုတ် မွေခါနီး ဖွားခါနီး မိမိလွယ်ထားရသော ဝမ်းကြာတိုက်ထဲက သားရတနာ၊ သမီးရတနာလေး ဘေးမသီရန်မခ လူ့ လောကကြီးထဲကို ရောက်ရှိလာစေရေးလား၊ ကျွန်တော်ကတော့ တုနှိုင်းမရသည့် မိဘမေတ္တာနှင့်ယှဉ်၍ ထွက်ပေါ်လာသော ဆုတောင်းသံတွေကို ကြားယောင်နေသလိုပင်။
ထိုကာလတစ်လျှောက်လုံး မိခင်လောင်း၏ ရင်ထဲမှာ အပူမီးတွေကြွ၍ ဗလောင်ဆူနေပါလိမ့်မည်။ အဖေအမေအတွက်ပူရ၊ လင်တော်မောင်အတွက် ပူရ၊ သားသမီးတွေရှိနေလျှင်လည်း သူတို့အတွက်ပူရ၊ ထို့ပြင် ဗိုက်ထဲကကလေးအတွက်ပါ ပူရနှင့် သူ့အတွက်ပူဖို့ရန်ပင် အချိန်ကျန်သေးရဲ့လား မသိတော့ပါ။
ဤသည်တို့ကား ပြီးခဲ့သည့် မေ ၁၄ ရက်က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်းနှင့် ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့လေးဆီက ကိုယ်ဝန်ဆောင်မိခင်များ၏ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲခဲ့သော စိတ်ဓာတ်ရေးရာတိုက်ပွဲပဲဖြစ်ပါသည်။ ဤပွဲမှာ ရခိုင်မိခင်လောင်းများ အနိုင်ရခဲ့ပါ၏။ မုန်တိုင်း တိုက်ခတ်မှုအပြီး မေ ၁၄ ရက် ည ၁၀ နာရီတွင် ရိုးရိုးမွေးလူနာတစ်ဦး၊ မေ ၁၅ ရက် နံနက် ၁ နာရီ တွင် ခွဲစိတ်မွေးဖွားပေးခဲ့ရသော မွေးလူနာတစ်ဦးတို့ကို ပေါက်တောမြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်၊ ဆရာမ၊ သူနာပြုများက အောင်မြင်စွာကြိုးပမ်းအားထုတ်မွေးဖွားပေးနိုင်ခဲ့သည်။ ဂုဏ်ပြုလိုက်ပါသည်။ ပေါက်တောမြို့လေးဆီက ဆရာဝန်၊ ဆရာမ၊ သူနာပြုများတို့ရေ …။
လူ့အသက်ထက် အရေးကြီးတာဘာမျှမရှိ
ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစဉ် အချိန်ကာလကတည်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အမှာစကားဖြစ်သည်။ ဤစကားရပ်သည် ကပ်ရောဂါဘေးအတွက်သာမက သဘာဝဘေးအပါအဝင် နိုင်ငံသူနိုင်ငံသားများ ကြုံတွေ့လာရသည့် မည်သည့်ဘေးအန္တရာယ်အတွက်မဆို ရာနှုန်းပြည့်သက်ရောက်မှုရှိနေပါလိမ့်မည်။ သည့်အတွက်လည်း လူ့အသက်ပေါင်းများစွာကို ကူညီကယ်ဆယ်စောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ မုန်တိုင်းမဝင်ရောက်မီ အကြိုကာလဖြစ်သော၂၀၂၃ ခုနှစ် မေ ၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကာ သဘာဝဘေးဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့(Rapid Response Team)များ ကြိုတင်ဖွဲ့စည်းထားရန်၊ ဆေးနှင့် ဆေးပစ္စည်းများအား ဘေးသင့်နိုင်သည့် ဒေသများနှင့် အနီးဆုံးနေရာများသို့ ကြိုတင်ပို့ဆောင်ထားရန်၊ ကျန်းမာ ရေးဌာနအဆောက်အအုံများ၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါး စေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဆေးရုံမှလူနာများ၊ ဝန်ထမ်းများ၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းများမှ သင်တန်းသား သင်တန်းသူများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိရန်၊ မုန်တိုင်းလွန်ကာလ၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားခဲ့သည်။
ဦးစီးဌာနများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ပစ္စည်းများ(CT-scan, X-ray, Ultrasound စသည်) ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ထိခိုက်နိုင်သောယာဉ်များကို ပျက်စီးမှုမရှိစေရေးကြိုတင်ရွှေ့ပြောင်း ထားခဲ့ကြသည်။ ကုသရေးဦးစီးဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်ကုသရေးဦးစီးဌာနအပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်က ပြည်သူ့ဆေးရုံများအတွက် လုပ်ငန်းသုံးရန်ပုံငွေ၊ လုပ်အားခ၊ ကယ်ဆယ်ရေးရန်ပုံငွေ၊ စားနပ်ရိက္ခာ၊ စက်သုံးဆီတို့အတွက် သင့်တော်သောရန်ပုံငွေများကို ကြိုတင်ပေးပို့ထားခဲ့သည်။
ကြိုတင်ဖွဲ့စည်းစေလွှတ်ခဲ့သည်
ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးတက္ကသိုလ်များအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အထူးကုဆေးအဖွဲ့ ၁၈ ဖွဲ့၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၁ ဖွဲ့၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ ဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ၁၆ ဖွဲ့၊ စိတ်ကျန်းမာရေးအထူးကု အဖွဲ့လေးဖွဲ့၊ မျက်စိအထူးကု ဆေးအဖွဲ့လေးဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အဆိုပါဆေးအဖွဲ့များထဲမှ ဆေးတက္ကသိုလ်- ၁ (ရန်ကုန်)နှင့်ဆေးတက္ကသိုလ်-၂ (ရန်ကုန်)တို့မှ အထူးကုဆရာဝန်များပါဝင်သော ဆေးအဖွဲ့နှစ်ဖွဲ့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး(ပြည်)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့မှ အထူးကုဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့ကို ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း ကြိုတင်စုဖွဲ့စေလွှတ် ထားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောက်ရှိလာကြသော ဆရာဝန်တစ်ဦး၊ သူနာပြုလေးဦးစီပါဝင်သော အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့ (RRT) ငါးဖွဲ့ကို လည်း ရသေ့တောင်နှင့် ပေါက်တောသို့ ရေကြောင်းခရီးဖြင့်လည်းကောင်း၊ မောင်တောအဖွဲ့အား ရဟတ်ယာဉ်ဖြင့်လည်းကောင်း ကြိုတင်စေလွှတ်ခဲ့သည်။ ယင်းသို့ကြိုတင် ရောက်ရှိနေသည့်အဖွဲ့များတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး)ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဆရာဝန်များပါဝင်သည့် ဗဟိုအားဖြည့်အဖွဲ့၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦးပါဝင်သောအဖွဲ့တို့ကိုပါ ပူးပေါင်းစေလွှတ် ထားခဲ့သည်။
မုန်တိုင်းလွန်ကာလ ကုသရေးလုပ်ငန်းများစတင်
မိုခါမုန်တိုင်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ဦးတည်တိုက်ခတ်လာခဲ့ရာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် မြောက်ပိုင်းမြို့နယ်များဖြစ်သော စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောမြို့နယ်များတွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် မုန်တိုင်းသင့် ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ အမြန်ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက်လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခဲ့သည်။ ကုသရေးအဖွဲ့များအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရေယာဉ်တို့ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ လေယာဉ်၊ သင်္ဘောများဖြင့်လည်းကောင်း အမြန်ဆုံးပို့ဆောင်ပေးခဲ့သည်။
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငါးဦးစီပါဝင်သော အရေးပေါ်ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှုအဖွဲ့ (RRT)နှစ်ဖွဲ့သည် မေ ၂၀ ရက် တွင် စစ်တွေမြို့သို့ ရောက်ရှိလာရာ မင်းပြားမြို့နယ်သို့ တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်သို့တစ်ဖွဲ့စေလွှတ် တာဝန်ထမ်းဆောင်စေခဲ့သည်။
အရေးပေါ်ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှု (RRT)အဖွဲ့များ
ယင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် မုန်တိုင်းအကြိုကာလနှင့် တိုက်ခတ်ပြီးစအချိန်များ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ ဆရာဝန်၊ ဆရာမများဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့သည်။ မေ ၃၀ ရက်တွင် အလှည့်ကျတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်အဖွဲ့များနှင့် တာဝန်လဲလှယ် ထမ်းဆောင်စေခဲ့သည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်သို့ စေလွှတ်ပေးခဲ့ပြီး မြေပုံ မြို့နယ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့သည်။
ယနေ့အချိန်ထိ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့များ၏ ဖြန့်ခွဲတာဝန်ထမ်းဆောင်မှုအခြေအနေမှာ မောင်တောမြို့နယ်တွင် တစ်ဖွဲ့၊ ရသေ့တောင်မြို့နယ်တွင် နှစ်ဖွဲ့၊ စစ်တွေမြို့နယ်တွင်တစ်ဖွဲ့၊ ပေါက်တောမြို့နယ်တွင်တစ်ဖွဲ့၊ ကျောက်တော်မြို့နယ်တွင်တစ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်တွင် တစ်ဖွဲ့တို့ရှိနေကြပြီး ပုဂ္ဂလိကဆေးရုံများအသင်းဆေးအဖွဲ့အား မြောက်ဦးမြို့နယ်သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေလျက်ရှိသည်။
အထူးကုဆေးအဖွဲ့များဖြင့် ကွင်းဆင်းကုသပေး
ဆေးတက္ကသိုလ်-၁ (ရန်ကုန်)နှင့်ဆေးတက္ကသိုလ်-၂ (ရန်ကုန်)မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှစ်ဖွဲ့သည် ကျောက်တော်မြို့နှင့် မင်းပြားမြို့များတွင် အခြေပြု၍လည်းကောင်း၊ ဆေးတက္ကသိုလ်(မန္တလေး)မှ အထူးကုဆရာဝန်ကြီးများသည် ရသေ့တောင်မြို့နှင့် ပေါက်တောမြို့များတွင် အခြေပြု၍လည်းကောင်း ကုသမှုများဆောင်ရွက်ပေးခဲ့သည်။ စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီး(ခွဲစိတ်)တို့ကိုလည်း ရသေ့တောင်၊ ပေါက်တောသို့ လိုက်ပါပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ရန်ကုန်မြို့မှ ရောက်ရှိလာသော မျက်စိ အထူးကုဆေးအဖွဲ့သည် စစ်တွေဆေးရုံကြီးတွင် အခြေပြုကာမျက်စိလူနာများကို ကုသပေးလျက်ရှိသည်။ ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများပါဝင်လာသောကြောင့် အထွေထွေရောဂါ၊ ခွဲစိတ်ကုလူနာ၊ ကလေးရောဂါ၊ အရိုးအကြော၊ မျက်စိ၊ သားဖွားမီးယပ်၊ သွားနှင့် ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကို ကုသပေးသည့်အပြင် ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည်။
ယင်းကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ကုသခွင့်ရခဲ့ကြသော လူနာဦးရေမှာ ရသေ့တောင်တွင် ၁၉၁ ဦး၊ စစ်တွေမြို့နယ်အတွင်းရှိ ကြွီတဲတွင် ၃၉၄ဦး၊ မင်းဂံတွင် ၂၉၄ ဦး၊ သက္ကေပြင်တွင် ၅၈ ဦး၊ မင်းပြားတွင် ၁၁၅၀၊ ကျောက်တော်တွင် ၉၆၁ ဦး၊ ပုဏ္ဏားကျွန်း၌ ၂၇၅ ဦး၊ ပေါက်တောတွင် ၃၇၁ ဦး၊ မာန်အောင်တွင် ၈၄၈ ဦး၊ ဘူးသီးတောင်တွင် ၁၉၀၊ မောင်တောတွင် ၅၃၃ ဦး စုစုပေါင်း ၅၂၆၅ ဦးဖြစ်သည်။ အဆိုပါ အထူးကုဆရာဝန်ကြီးများ ကုသမှုပေးနေသောနေရာများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများ ပါဝင်သောအဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြရာ မေ ၂၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့သို့လည်းကောင်း၊ မေ ၂၄ ရက်တွင် ပေါက်တောမြို့သို့လည်းကောင်း၊ ပြီးခဲ့သည့် ဇွန် ၃ ရက်က စစ်တွေ မြို့နယ်ကြွီတဲကျေးရွာသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။ အထူးကုဆေးအဖွဲ့များကို ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
စစ်တွေမြို့နယ် ကြွီတဲကျေးရွာသို့ရောက်ရှိစဉ် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်တင်ဝင်းက မေ ၁၇ ရက် ညနေပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာအမျိုးသမီးတစ်ဦးအား ခဲရာခဲဆစ် ဝိုင်းဝန်းကုသကယ်ဆယ်ခဲ့ရပုံကို ပြန်လည်ရှင်းလင်းပြောကြား ခဲ့သည်။ ယင်းအမျိုးသမီးသည် သားအိမ်ပြင်ပသန္ဓေတည်ရာမှ သန္ဓေသားပေါက်ထွက်၍ ဝမ်းဗိုက်အတွင်း သွေးထွက်သွေးလွန်လူနာအဖြစ် ရောက်ရှိလာသော (Ectopic Pregnancy)ရောဂါဖြစ်သည်။ အချိန်မီခွဲစိတ်ကုသမှု မပြုနိုင်ခဲ့ပါက အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း သိခဲ့ရသည်။
ဝမ်းလျှောဝမ်းပျက်ရောဂါ အလေးထားစောင့်ကြပ်ကြည့်ရှု
သဘာဝဘေးနှင့် ကြုံကြိုက်နေစဉ်ကာလတွင် အထူးသတိပြုရမည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တစ်ခုမှာ ဝမ်းလျှောဝမ်းပျက်ရောဂါ မကျရောက်စေရေးပင်ဖြစ်သည်။ ရခိုင်ပြည်နယ်အနေအထားသည် အချို့ကျေးရွာများ၌ မိုးရေလှောင်ကန်၊ ရေစုမြေသားကန်များကို အားထားသုံးစွဲနေရသည်။ သန့်ရှင်းသောသောက်သုံးရေမရပါက ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် အခြားရောဂါများပါ ရရှိနိုင်သည်ကို သတိပြုရပေမည်။ သည့်အတွက်လည်း နိုင်ငံတော်အကြီးအကဲက မေ ၁၅ ရက် စစ်တွေ ခရီးစဉ်၌ “ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး၊ ရေသန့်ဆေးများလိုက်လံခတ်ပေးရန်နှင့် ရေတွင်း ရေကန်ပတ်ဝန်းကျင်များ သန့်ရှင်းစေရေး၊ ရေဆိုးရေညစ်အညစ်အကြေးများကို အမြန်ရှင်းလင်းရန်” လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။
မိုခါမုန်တိုင်းကျရောက်ပြီး ရက်အနည်းငယ်အကြာ မေ ၁၉ ရက်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ဝမ်းလျှောဝမ်းပျက်လူနာ နှစ်ဦး၊ မြို့နယ်ပြင်ပကျေးလက်ကျန်းမာရေးဌာနများ၌ ခုနစ်ဦး၊ ပေါက်တောပြည်သူ့ဆေးရုံတွင် တစ်ဦး၊ မင်းပြား ပြည်သူ့ဆေးရုံတွင် တစ်ဦးနှင့် ကျေးလက်ကျန်းမာ ရေးဌာနများ၌ ၂၄ ဦး၊ မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများ၌ ခြောက်ဦး၊ စုစုပေါင်း ၄၁ ဦး ဖြစ်ပွားခဲ့သည်။ သို့ဖြစ်၍ အဆိုပါနေ့ရက်များမှစတင်ကာ မင်းပြားမြို့နယ်ကို အထူးအာရုံစိုက်၍ စောင့်ကြည့်ကုသပေးခဲ့သည်။ ကျန်မြို့နယ်များတွင် အနည်းငယ်တွေ့ရှိခဲ့ရသော်လည်း ပြင်ပလူနာအနေဖြင့်သာ လာရောက်ပြသကုသမှုခံယူကာ ကောင်းမွန်သွားကြောင်း သိရသည်။ သို့ဖြစ်၍ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် မြို့နယ်အသီးသီး၌ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ့ရှိရသူ ၁၀ ဦးသာ ရှိပါတော့သည်။ စစ်တွေတွင်ခြောက်ဦး၊ ရသေ့တောင်နှစ်ဦး၊ ပေါက်တောတစ်ဦး၊ ဘူးသီးတောင် တစ်ဦးတို့သည် အတွင်းလူနာငါးဦး၊ ပြင်ပလူနာငါးဦးအဖြစ် လာရောက်ကုသမှု ခံယူကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများ၌ဝမ်းလျှောဝမ်းပျက်ရောဂါအပါအဝင် ကပ်ရောဂါအမျိုးမျိုးမဖြစ်ပွားအောင် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ စေတနာထား ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရသည်။ အခြားရောဂါများဖြင့် တက်ရောက်ကုသမှုအခြေအနေကို ဆန်းစစ်လေ့လာကြည့်သောအခါ ရခိုင်ပြည်နယ် အတွင်း မြို့နယ် ၁၇ မြို့နယ်၌ ပြည်သူ့ဆေးရုံ ကြီးငယ် ၁၇ ရုံ၊ တိုက်နယ်ဆေးရုံ ၄၂ ရုံ၊ စုစုပေါင်း ၅၉ ရုံတို့တွင် ၁၆-၅-၂၀၂၃ ရက်နေ့မှ ၃-၆-၂၀၂၃ ရက်နေ့အထိ လာရောက်ကုသမှုခံယူကြသော ပြင်ပလူနာ ၁၀၆၁၀၊ အတွင်းလူနာ ၂၀၂၀၉ ဦးရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနများသို့ လာရောက်ပြသ သူ ၅၁၃၃၇ ဦး ရှိခဲ့သည်။ ရေသန့်ဆေးခတ်ပေးမှု ၃၉၈၅ ကြိမ်၊ ကျန်းမာရေးအသိပညာပေးဟောပြောမှု ၆၁၇၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု
ဇွန် ၁ ရက်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သောအခါ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရသည်။ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား ကျောင်းသူလေးများအားကျန်းမာရေး ပညာပေးဟောပြောခြင်း၊ ဆေးစစ်ခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကျန်မြို့နယ် များတွင်လည်း အလားတူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ စွမ်းဆောင်မှုများကိုဒေသခံ ပြည်သူများက ကျေးဇူးတင်အသိအမှတ် ပြုကြသည်။ ဂုဏ်ယူပါသည် ကျန်းမာရေးဝန်ကြီးဌာန…။ ။
No comments:
Post a Comment