Monday, June 5, 2023

အကြားအာရုံချို့တဲ့သော ကလေးငယ်များအတွက် အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ခြင်းလုပ်ငန်းအကြောင်း သိကောင်းစရာ

 


ပါမောက္ခ ဒေါက်တာမေခင်သိန်း

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်မြို့)သည် ခုတင် ၁၅၀ ဆံ့ အထူးကုသင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ညွှန်းပို့လာသော နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်းနှင့် ပတ်သက်သောရောဂါများကို ကုသမှုပေးလျက်ရှိရုံသာမက မွေးရာပါနားမကြားသော ကလေးငယ်များအား နားအကြားအာရုံနှိုးဆွစက် (Cochlear Implant – CI) ခွဲစိတ်တပ်ဆင်ပေးသော အဓိကဆေးရုံကြီးတစ်ရုံလည်းဖြစ်သည်။

 



မွေးရာပါ နားအကြားအာရုံချို့တဲ့ခြင်း

အာရုံငါးပါးတွင် တစ်ပါးဖြစ်သော နားအကြားအာရုံခံခြင်း(သောတအာရုံ) သည်လူမှုဘဝအတွက် အလွန်အရေးကြီးလှပါသည်။ နားအကြားအာရုံချို့တဲ့ပါက လူအများနည်းတူ အခွင့်အရေးမရနိုင်ပါ။ အဆိုးဆုံးမှာ မွေးရာပါနားမကြားပါက ကလေးသည် စကားပြောဆိုနိုင်မည်မဟုတ်ပါ။ ထိုသို့ နားမကြားသော

သူများအား နားအကြားအာရုံရရှိစေရန် အတွင်းနားအကြားအာရုံနှိုးဆွစက်(Cl)ကို တပ်ဆင်ပေးနိုင်သည်။ အတွင်းနားအကြားအာရုံနှိုးဆွစက် အတွင်းနားအကြားအာရုံ နှိုးဆွစက်ဆိုသည်မှာ အဆင့်မြင့်လျှပ်စစ်ပစ္စည်း တစ်မျိုးဖြစ်ပြီး အပြင်ပိုင်းနှင့် အတွင်းပိုင်း အပြင်ပိုင်းအသံ နှစ်ပိုင်းပါဝင်သည်။ စုဆောင်းသည့် ကိရိယာ (Sound Processor) သည် နားအနောက်ပိုင်းတွင်ချိတ်၍ တပ်ဆင်ရသော အပိုင်းဖြစ်ပြီး အသံလှိုင်းကို ဖမ်းယူ၍ လျှပ်စစ်လှိုင်း အဖြစ်ပြောင်းကာ နားအတွင်းပိုင်းသို့ ပို့ဆောင်ပေးသည်။ အတွင်းပိုင်းကိုမူ နားအနောက်အရိုးအား ခွဲစိတ်၍ အတွင်းနားထဲသို့ ထည့်သွင်းထားရပါသည်။ အပြင်ပိုင်းမှ ပေးပို့သော လျှပ်စစ်လှိုင်းများကို အတွင်းပိုင်းရှိစက်မှ သယ်ဆောင်ကာ အတွင်းနားထဲရှိနားအကြားအာရုံကို လှုံ့ဆော်ပေးခြင်းဖြင့် အသံကိုကြားရ ခြင်းဖြစ်သည်။

အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ခြင်း၏ အကျိုးကျေးဇူး

မွေးရာပါ နားအကြားအာရုံချို့ယွင်းသော ကလေးများနှင့် မွေးဖွားပြီးမှ အကြောင်းတစ်ခုခုကြောင့် နားမကြား၍ စကားမပြောနိုင်သော ခြောက်နှစ်အောက်ကလေးများအား အတွင်းနား အကြားအာရုံနှိုးဆွစက်ကို ခွဲစိတ်၍ တပ်ဆင်ပေးခြင်းဖြင့် အကြားအာရုံရရှိပြီး စကားပြောတတ်လာအောင်သင်ကြားပေးနိုင်သည်။ ဤနည်းဖြင့် ၎င်းကလေးငယ်များအား အခြားကလေးများ နည်းတူပညာသင်ကြားနိုင်ပြီး လူ့လောက အလယ်တွင်ရပ်တည်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။ စကားပြောတတ်ပြီး နောက်ပိုင်းမှ နားအကြားအာရုံထိခိုက် ပျက်စီးသွားသော သူများတွင်လည်း ဤစက်တပ်ဆင်ပေးခြင်းဖြင့် မိမိတို့၏ ပုံမှန်လူမှုဘဝသို့ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်နိုင်သည်။

ကလေး၏ နားအကြားအာရုံ ပါရှိ/မရှိ စောစီးစွာသိရှိရန် လိုအပ်

မိဘများအနေဖြင့် မိမိကလေး၏ နားအကြားအာရုံ ပါရှိ၊ မရှိ စောစီးစွာသိရှိရန် လိုအပ်လှပါသည်။ ပုံမှန်ကလေး စကားပြောရမည့် အရွယ်တွင်ပြောခြင်းမရှိလျှင် သို့မဟုတ် ကလေးအကြားအာရုံချို့ယွင်းသည်ဟု သံသယရှိလျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် များနှင့်ပြသ၍ လိုအပ်သော စမ်းသပ် စစ်ဆေးမှုများပြုလုပ်ရန် အရေးတကြီးလိုအပ်ပါသည်။ ကလေး၏ အကြားအာရုံလျော့နည်းနေလျှင် ကလေးအသက် တစ်နှစ်မှစ၍ နားကြားကိရိယာ ( Hearing Aid ) တပ်ဆင်ရန် လိုအပ်သည်။ နားကြားကိရိယာတပ်ဆင်ပြီးပါကလည်း နားအကြားအာရုံ တိုးတက်မှု ရှိ၊ မရှိ အကြိမ်ကြိမ် ပြန်လည်စစ်ဆေးရန်လိုအပ်ပြီး လုံလောက်သော တိုးတက်မှုမရှိပါက အတွင်းနားအကြား အာရုံ နှိုးဆွစက်တပ်ဆင်ရန် လိုအပ်ပါသည်။ ဤစက်တပ်ဆင်ခြင်းကို ကလေး၏ အသက်ငါးနှစ်မကျော်မီ ပြုလုပ်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ကလေးများ၏ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးမှုသည်အသက် သုံးနှစ်ကျော်ပါက နှေးကွေးသွားတတ်ပြီး အသက်ငါးနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုမရှိသလောက်ဖြစ်သွားသည်။ အသက်ငါးနှစ်နောက်ပိုင်းမှ စက်တပ်ဆင်မည်ဆိုပါက ကလေး၏အကြားအာရုံဖွံ့ဖြိုးမှု မရှိနိုင်တော့ပါ။ ထို့ကြောင့် ကလေး၏ အကြားအာရုံကို စောစီးစွာ အချိန်မီသိရှိပြီး လျင်မြန်ထိရောက်သော ကုသမှုပေးရန် အလွန်အရေးကြီးလှသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော အတွင်းနားအကြားအာရုံနှိုးဆွစက်(Cochlear Implant)

မြန်မာနိုင်ငံ၏ ပထမဆုံးသော အတွင်းနားအကြားအာရုံ နှိုးဆွစက်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှ ပါမောက္ခ Heidi Olze နှင့် မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ကုဆရာဝန်များ ပူးပေါင်း၍ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တာမွေ နား၊ နှာခေါင်း၊ အထူးကုဆေးရုံကြီး၌ လည်ချောင်း စုစုပေါင်းလူနာငါးဦးကို ခွဲစိတ်တပ်ဆင်နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မလေးရှားနိုင်ငံ Univer- sity of Malaysia မှ ပါမောက္ခ Prepag- eran narayanan နှင့် မြန်မာဆရာဝန်များ ပူးပေါင်း၍ လူနာကိုးဦးအား လည်းကောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် Australia နိုင်ငံ Salzburg မှ ပါမောက္ခ Gerd Rasp ဦးဆောင်သော အဖွဲ့နှင့် မြန်မာဆရာဝန်များပူးပေါင်း၍ ခြောက်ဦး ကိုလည်းကောင်း ထပ်မံခွဲစိတ်တပ်ဆင်ပေးခဲ့သည်။

နိုင်ငံခြားသားဆရာဝန်များ၏အကူအညီ မပါရှိဘဲ မြန်မာဆရာဝန်များက ခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့

၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံခြားသား ဆရာဝန်များ၏ အကူအညီမပါရှိဘဲ မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များအဖွဲ့က အတွင်းနားအကြား အာရုံနှိုးဆွစက်များကို အောင်မြင်စွာ ခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ကလေးငယ် ၃၅ ဦးကို ခွဲစိတ်တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။

အတွင်းနားအကြားအာရုံနှိုးဆွစက်ဆိုင်ရာ ဆေးခန်းများ ဖွင့်လှစ်ထားရှိ

အတွင်းနားအကြားအာရုံနှိုးဆွစက် ဆိုင်ရာဆေးခန်း (Cochlear Implant Clinic)များကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုဌာနများတွင် ဖွင့်လှစ်ထားရှိပြီး နေရာဌာနအသီးသီးမှ လွှဲပြောင်းပို့ဆောင်လာသည့် နားအကြားအာရုံ ချို့ယွင်းနေသောလူနာများကို ပြန်လည်စစ်ဆေးခြင်း၊ မွေးဖွားသည့် ရာဇဝင်နှင့် နားနှင့်ပတ်သက်၍ အခြားထိခိုက်နိုင်သော အကြောင်းများ ရှိ၊ မရှိ မေးမြန်း ခြင်း၊ နားအကြားအာရုံစမ်းသပ်ခြင်းများပြုလုပ်ပြီး အတွင်းနားအကြားအာရုံ နှိုးဆွစက်ကို တပ်ဆင်ရန်လိုအပ်ခြင်း ရှိ၊ မရှိ စစ်ဆေးဆုံးဖြတ်ပါသည်။ ထိုသို့ ဆုံးဖြတ်ရာတွင် ကလေး၏ အသက်၊ နောက်ခံမိသားစု၏ အခြေအနေ၊ စက်တပ်ဆင်ပြီးနောက်ပိုင်းတွင် အရေးကြီးသော စကားပြောသင်ယူရာအပိုင်းတွင် လိုက်လံပံ့ပိုးလုပ်ဆောင်ပေးနိုင်မှု ရှိ၊ မရှိတို့ကို မူတည်၍ ရွေးချယ်ပါသည်။ စက်မတပ်ခင်ကာလတွင် နားကြားကိရိယာများ (Hearing Aid) ကြိုတင်တပ်ဆင်ခြင်းနှင့် နားကြားကိရိယာတပ်ဆင်ပြီး အကြားအာရုံ တိုးတက်မှုကို စက်ဖြင့် ပြန်လည်စမ်းသပ်ခြင်းများ ပြုလုပ်ပါသည်။

အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ရန်လိုအပ်သည့် အချက်များ

အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်မည့်ကလေးများအား ဆေးရုံအုပ်ကြီး၊ ပါမောက္ခဌာနမှူး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများ၊ ဓာတ်မှန်ဆရာဝန်ကြီးနှင့် မေ့ဆေးဆရာဝန်ကြီးတို့ ပါဝင်သောဘုတ်အဖွဲ့က လူနာရှင်မိဘများနှင့် တွေ့ဆုံမေးမြန်းပြီး အမှန်တကယ် စက်တပ်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ၊ သင့်လျော်မှု ရှိ၊ မရှိ စိစစ်ရွေးချယ် အတွင်းနားအကြား အာရုံနှိုးဆွစက် တပ်ဆင်မည့်ကလေးများကို အောက်ဖော်ပြပါအချက်များပေါ် မူတည်၍ ရွေးချယ်ပါသည်

-ကလေးအသက် တစ်နှစ်ပြည့်ပြီး အသက်ခြောက်နှစ်မတိုင်မီ ဖြစ်ရပါမည်။

-နားကြားကိရိယာ (Hearing Aid) သုံးလမှ ခြောက်လအတွင်း တပ်ဆင်ထားပြီးလုံလောက်သော အကြားအာရုံတိုးတက်မှုမရှိခြင်း။

-ဦးနှောက်နှင့် ပတ်သက်သော ရောဂါများ၊ မွေးရာပါအခြားရောဂါများ (eg. Downs’ Syndome, Autism) နှင့် စိတ်ကျန်းမာရေးချို့တဲ့သူများ မဖြစ်ရပါ။

-စက်ခွဲစိတ်တပ်ဆင်ရန် အလယ် အတွင်းနားတည်ဆောက် နားနှင့်မှု မှန်ကန်ရမည်။ အကြားအာရုံပေးသော အာရုံကြော (Vestibulo Cochlear Nerve) ပါရှိရမည်။

- ခွဲစိတ်ကုသမှုခံယူနိုင်ရန် ကျန်းမာရေး ကောင်းမွန်ရပါမည်။

-မိဘအုပ်ထိန်းသူများမှ စက်တပ်ဆင်ပြီးပါက နောက်ပိုင်းတွင် အရေးကြီးသောစကားပြော သင်ယူမှုအပိုင်းနှင့် နောက်ပိုင်းပညာ ဆက်လက်သင်ကြားပေးနိုင်သည်အထိ တိကျစွာလိုက်လံ ပံ့ပိုးတာဝန်ယူ လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။

အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ရာတွင် ဆောင်ရွက်ပုံ

အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ရန်လိုအပ်သော ကလေးများအား ဦးခေါင်းနှင့် နား၏ အခြေအနေကို သိရှိရန် CT Scan ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ အကြားအာရုံကြော (Vestib– ulo-Cochlear Nerve) ပါရှိ၊ မရှိ သိရန် MRI ရိုက်ခြင်းနှင့် ရှစ်မျိုးစပ် ကာကွယ်ဆေးထိုးခြင်းများ ကြိုတင်ပြုလုပ်ပေးသည်။

အတွင်းနားအကြားအာရုံနှိုးဆွစက် ခွဲစိတ်တပ်ဆင်မှုသည် ကလေးအတွက် အကြားအာရုံရရှိပြီး ပုံမှန်ကလေးများနည်းတူ စကားပြောဆိုနိုင်မှုရရှိရန် တစ်စိတ်တစ်ဒေသမျှသာဖြစ်၍ ခွဲစိတ်ပြီး နောက်ပိုင်းတွင် ပြန်လည်ထူထောင်ခြင်း (Rehabilitation) ပြုလုပ်ရမည့် စကားပြောသင်ယူမှု အပိုင်းများသည်လည်း အရေးပါလှသည်။ လူနာရှင် မိသားစုကိုလည်း စက်တပ်ဆင်ခြင်းနှင့် စက်တပ်ဆင်ပြီးပါက .. လိုက်နာ ဆောင်ရွက်ရမည့်အရာများကို ဆွေးနွေးပြောဆိုခြင်း (Counselling) များကို ပြုလုပ်ပေးမည်ဖြစ်သည်။ အတွင်းနားအကြားအာရုံနှိုးဆွစက် ခွဲစိတ်တပ်ဆင်ပြီးပါကလည်း အတွင်း နားအကြားအာရုံ နှိုးဆွစက်ဆိုင်ရာဆေးခန်းသို့ ပြန်လည်ခေါ်ယူပြီး စက်ဖွင့်ခြင်း၊ အကြားအာရုံပြန်လည်စမ်းသပ်ခြင်း၊ စကားပြောကုထုံး (Speech th- eraphy) များပေးခြင်းနှင့် နောက်ပိုင်း တွင် သက်ဆိုင်ရာကျောင်းများ (ဥပမာ- နားမကြားသော ကလေးများကျောင်း- Mary Chapmin School for the Deaf) သို့ လွှဲပြောင်းအပ်နှံခြင်းများအထိ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိသည်။

အတွင်းနားအကြားအာရုံနှိုးဆွစက်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူပံ့ပိုးပေးလျက်ရှိ

နှစ်စဉ် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပံ့ပိုးဝယ်ယူပေးသော အတွင်းနားအကြား အာရုံနှိုးဆွစက်များကို ငွေကြေးမတတ်နိုင်သော မွေးရာပါနားမကြားသည့် ကလေးလူနာများအား နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်မြို့)တွင် ခွဲစိတ်တပ်ဆင်ပေးလျက်ရှိကြောင်း တင်ပြအသိပေးအပ်ပါသည်။

No comments:

Post a Comment