Tuesday, June 20, 2023

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၇) (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

 



မြင့်စိုး(နတလ)

ဖျတ်ခနဲ အမှတ်ရလိုက်မိသော မှတ်တမ်းဓာတ်ပုံလေးများ

မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့ကြီး မေ ၁၄ ရက်မှစ၍ မီးအမှောင်ကျသွားခဲ့သည်။ တာဝန်ရှိသူများ၏ စီမံကွပ်ကဲမှု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်း များ၏ ကြိုးပမ်းမှုတို့ဖြင့် မေ ၂၅ ရက်တွင် လောကာနန္ဒာစေတီတော်ကြီးအား လျှပ်စစ်မီး ပူဇော်နိုင်ခဲ့သလို စစ်တွေ မြို့တွင်းလမ်းမကြီးများကို မီးလင်းစေခဲ့သည်။ ၅၀၀ ကေဗွီအေမီးစက်ဖြင့် ယာယီပေးခဲ့ခြင်းဖြစ်၏။ တစ်ပြိုင်တည်းမှာပင် တယ်လီဖုန်းများ အားသွင်းရန်၊ အိမ်သုံးလျှပ်စစ်မီးအိမ်များ အားသွင်းရန် နေရာရှစ်ခုသတ်မှတ်၍ စီစဉ်ဆောင်ရွက် ပေးခဲ့ရာ ညစဉ်ညတိုင်း လာရောက်အားသွင်းသူ ရာထောင်ချီ၍ရှိခဲ့သည်။ ကိုယ်ပိုင်မီးစက် မသုံးနိုင်သူများအဖို့တော့ ၀ ရက်ခန့်အကြာမှာ လျှပ်စစ်မီးကို ပြန်မြင်ရခြင်း၊ ဖုန်းအားသွင်းနိုင်ခြင်း သည် ကမ္ဘာဦးလူတို့ နေနှင့်လကို စမြင်လိုက်ရသကဲ့သို့ အံ့ဩဝမ်းသာ ဖြစ်မိကြမှာမလွဲပေ။ လူတစ်ဦးချင်းစီအတွက်၊ မိသားစုအတွက်၊ မိမိတို့လုပ်ငန်း ဆောင်တာများအတွက် ဆက်သွယ်ရေးကဏ္ဍသည် မရှိမဖြစ် လိုအပ်နေသည် မဟုတ်ပါလား။

  



 

ထိုနေ့ထိုရက်များက ယဉ်ကျေးမှုပြတိုက်ရှေ့မှာ၊ ကားကြီးဝင်းမှာ စစ်တွေမြို့သူမြို့သားများစွာ တယ်လီဖုန်းအားသွင်းရန် စုဝေးရောက်ရှိနေသည့် မှတ်တမ်းဓာတ်ပုံလေးများကို မြင်လိုက်ရသောအခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် စုဆောင်းသိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးများကို အမှတ်ရမိသည်။ ၁၉၈၉ ခုနှစ် မေ ၉ ရက်တွင် “ဝ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ချိန်မှစ၍ ‘ဝ’ဒေသ ဝိန်းကောင်၊ ပန်ဆန်း၊ မိုင်းမောဒေသများ၌ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဟိုပန်-မိုင်းမော- ပန်ဆန်းလမ်းက တစ်ကြောင်းထိုးမြေလမ်းသာသာ အဆင့်မျှသာ။ တာကော်အက်-ဝိန်းကောင်- ပန်ဆန်းလမ်းကလည်းဖောက်လုပ်ဆဲ။ ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အချိန်မှာပင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆပ်ကော်မတီသည် ပန်ဆန်းမြို့(၁၉၈၉ ခုနှစ်က ပန်ဆန်းကျေးရွာ)သို့ ရုပ်ရှင်ပြစက်များပို့ဆောင်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသတင်းမှတ်တမ်းကားများ ပြသပေးခြင်း၊ အပေါ်စက်အောက်စက်ဟုခေါ်သည့် ဗီဒီယိုပြစက်များဖြင့် ဗီဒီယိုဇာတ်ကားများပြသပေးခြင်း၊ သတင်းနှင့်စာနယ်ဇင်းအဖွဲ့များ စေလွှတ်၍ ဆောင်းပါးများရေးသားခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာရုပ်သံအစီအစဉ်များ ရိုက်ကူးပြသခြင်းတို့ ဆောင်ရွက်စေခဲ့သည်။ ကိုးကန့်ဒေသ၊ ကျိုင်းတုံအရှေ့ဒေသ (မိုင်းလားဒေသ)များ ဆီသို့လည်း အလားတူစေလွှတ်ပေးခဲ့သည်။

ထိုအချိန်ကာလတုန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်တိုင်ဓာတ်ပုံဆရာများဖြစ်သော ကိုအောင်တင်၊ ကိုသန်းအောင်၊ ကိုခင်မောင်ကျော်၊ ကျော်ဆွေမိုး၊ မိုးမင်းလှိုင်တို့၏ လက်ရာတွေပဲလားတော့မသိ။ ပန်ဆန်းမြို့ ဘုန်းတော်ကြီးကျောင်းမှာ ဗီဒီယိုဇာတ်ကားပြသနေသည်ကို ‘ဝ’တိုင်းရင်းသား တိုင်းရင်းသူ ၂၀၀ ခန့် ဝိုင်းအုံကြည့်ရှုသဘောကျ ရယ်မောနေလိုက်ကြပုံကို ရိုက်ထားသည်မှာ အသက်ဝင်လှသည်။ မိုင်းလားဒေသမှာလည်း ထိုနည်းတူစွာပင်။ သက်ငယ်မိုးထရံကာ မိုင်းလားအမက ကျောင်းလေးရှိရာသို့ ကျောင်းတက်ရန်သွားနေကြသော ကျောင်းသားလေးများကို ရိုက်ထားသည့်ပုံ၊ ယခင်မိုင်းလားကျေးရွာငယ်လေးပုံ စသည်တို့ကို မှတ်တမ်းတင်ခဲ့ကြသည်။ ယနေ့အချိန် အခါမှာတော့ ပန်ဆန်းသည်လည်းကောင်း၊ မိုင်းလားသည်လည်းကောင်း၊ ကိုးကန့် ဒေသလောက်ကိုင်မြို့သည်လည်းကောင်း ဟည်းဟည်းထနေသည့် မြို့ကြီးများအဖြစ်သို့ ရောက်ရှိနေပြီဆိုတော့ကာ ကျွန်တော်တယုတယသိမ်းဆည်းထားသော အဆိုပါဓာတ်ပုံလေးများက ပန်ဆန်းရွာ၊ မိုင်းလားရွာလေးများအကြောင်း၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များအကြောင်း ပြန်ပြောင်းပြောပြကြပါလိမ့်မည်။ “မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများသည်လည်း တစ်ချိန်မှာ ရခိုင်တိုင်းရင်းသားများအတွက် အမှတ်တရ ရှိနေကြပါလိမ့်မည်။ စကားပြောသောဓာတ်ပုံလေးများ ဖြစ်လာကြပါလိမ့်မည်။

ဆက်သွယ်ရေးကဏ္ဍကြိုတင်စီစဉ်ဆောင်ရွက်မှုများ

မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီဆိုလျှင် လျှပ်စစ်မီးများပြတ်တောက်သွားမှာဖြစ်သလို ဆက်သွယ်ရေးကဏ္ဍသည်လည်း အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရတော့မည်မှာမလွဲပေ။ သည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အကောင်းဆုံး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ အကယ်၍ မုန်တိုင်းဒဏ်ကြောင့် မိုက်ခရိုဝေ့ဗ်နှင့် ဖိုင်ဘာဆက်ကြောင်းများ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော် အရေးပေါ် ဆက်သွယ်ဆောင်ရွက်နိုင်ရန် တယ်လီဖုန်းလေးလုံးနှင့် အင်တာနက်စနစ် အသုံးပြုနိုင်သော ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံး Satellite Terminal ၁၀ စုံကို ရခိုင်ပြည်နယ် အတွင်း၌ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တောနှင့် စစ်တွေမြို့များတွင်လည်းကောင်း၊ ချင်းပြည်နယ်အတွင်းမှ မတူပီနှင့် မင်းတပ်မြို့များတွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကိုကိုးကျွန်းတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌လည်းကောင်း ကြိုတင်ပို့ဆောင်ထားရှိခဲ့သည်။ အလားတူ မိုဘိုင်းယာဉ်လေးစီးကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ ပုသိမ်မြို့များ၌ ဖြန့်ခွဲထားရှိခဲ့ပြီး တိကျသော မိုးလေဝသခန့်မှန်းချက်များ ထွက်ပေါ်လာချိန်တွင် စစ်တွေမြို့သို့ လေးစီးစလုံးပို့ဆောင်ထားရှိပေးခဲ့သည်။ MPT Satellite Terminal စနစ်များနှင့် မိုဘိုင်းယာဉ်များကို ဒေသအလိုက် ကြိုတင်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။

မိုဘိုင်းဖုန်းများမှ သတိပေးစာတိုများ ပေးပို့ခဲ့

မိုခါမုန်တိုင်း မဝင်ရောက်မီ အကြိုကာလများတွင် ရခိုင်ပြည်နယ်အပါအဝင် ဧရာဝတီ၊ ချင်း၊ မကွေး၊ စစ်ကိုင်းတို့သည်လည်း အခြေအနေအရပ်ရပ်ကို ကြိုတင်မြော်တွေးလျက် ပြင်ဆင် ဆောင်ရွက်ခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များရရှိလာချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ သတိပေးစာတို (Short Message SMS)များကို အချိန်နှင့်တစ်ပြေးညီပေးပို့ခဲ့သည်။ မှတ်တမ်းများ အရ မေ ၈ ရက်မှ ၁၄ ရက် နံနက်ခင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမှ မိုဘိုင်းဖုန်းသုံးစွဲသူ ၃၁ သန်းကျော်ထံသို့ ၁၁ ကြိမ်တိတိ SMS ပေးပို့ထားကြောင်း သိရသည်။

မိုခါဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှုများ

မေ ၁၄ ရက် ရခိုင်ပြည်နယ်အတွင်းသို့ မိုခါဝင်ရောက်လာပြီးနောက် ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ၎င်းနှင့်ဆက်စပ်နယ်မြေ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း ပင်မဖိုင်ဘာ ကေဘယ်လ်ပြတ်တောက်မှု ငါးနေရာဖြစ်ပေါ်ခဲ့သည်။ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့များတွင် တာဝါတိုင် ၁၀ တိုင်ပြိုလဲခြင်း၊ မြို့တွင်း ဖိုင်ဘာကေဘယ်လ်များ ပြတ်တောက်ခြင်း၊ မြို့တွင်းနှင့် အဝေးဆက်သွယ်ရေး မိုက်ခရိုဝေ့ဗ်ဆက်ကြောင်းများ ပြတ်တောက်ခြင်းတို့ကြောင့် ဆက်သွယ်ရေးစခန်းများ ထိခိုက်ပျက်စီးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း၌ မိုဘိုင်းစခန်း ၁၂၃၃ ခု ရှိသည့်အနက် စခန်း ၉၀၄ ခု ဆက်သွယ်မှုပြတ်တောက်သွားပြီး ကျန်စခန်း ၃၂၉ ခုသာ ဝန်ဆောင်မှုပေးနိုင်တော့သည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်။ တစ်နည်းအားဖြင့် ၂၆ ဒသမ ၆၈ ရာခိုင်နှုန်းသာ ကောင်းမွန်တော့သည်။ စစ်တွေမြို့တွင်း၌လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများ၏ ကွန်ကရစ်တိုင် စုစုပေါင်း ၄၅၀ နှင့် ကေဘယ်လ်ကွန်ရက်၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးချွတ်ယွင်းသွားခဲ့သည်။

ကြီးကြပ်ကွပ်ကဲရေးတာဝန်နှင့်စုဖွဲ့မှု

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အနီးကပ်ကြီးကြပ် ကွပ်ကဲရန်အတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တာဝန်ပေးခြင်းခံရသည်။ မေ ၁၅ ရက်တွင် ကွပ်ကဲမှုစတင် ရယူခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦးတို့ အတူပါရှိလာသလို အခြားသောဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူများလည်း အင်နှင့် အားနှင့် ရောက်ရှိလာကြသည်။ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် အဖွဲ့ဝင် ၁၂ ဦး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်နှင့် လေးဦး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် တစ်ဦး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် နှစ်ဦး၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် နှင့် နှစ်ဦး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနွေမိုးငြိမ်း၊ မြန်မာ့မီးရထားဦးဆောင် ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့် နှင့်နှစ်ဦး၊ မြန်မာ့စာတိုက်လုပ်ငန်းမှဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးရဲမင်းဦးတို့ ပါဝင်သည်။

ရခိုင်ပြည်နယ် ဆက်သွယ်ရေးကဏ္ဍ ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအင်အားစုဖွဲ့ ပြင်ဆင်မှုကလည်း အားရစရာကောင်းလှသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၃၁၇ ဦး၊ Ooredoo မှ ၅၈ ဦး၊ ATOM မှ ၈၂ ဦး၊ Telecom International မှ ၇၉ ဦး စုစုပေါင်း ၅၃၆ ဦး ပါဝင် ထမ်းဆောင်လျက်ရှိသည်။ တစ်ဖက်က အော်ပရေ တာများအလိုက် ဆက်သွယ်မှုအမြန်ပြန်ရစေရန် မိုဘိုင်းယာဉ်များဖြင့် Satellite Terminal များကို သက်ဆိုင်ရာ မြို့အလိုက်အရေးကြီးနေရာများတွင် တပ်ဆင်ခြင်း၊ ချွတ်ယွင်းသွားသော ပင်မဖိုင်ဘာများနှင့် မိုက်ခရိုဝေ့ဗ် ဆက်ကြောင်းများ ပြုပြင်ခြင်း၊ အခြား လမ်းကြောင်းများမှ ပြောင်းလဲချိတ်ဆက်ခြင်း၊ ချွတ်ယွင်းပစ္စည်းများကို အရန်ပစ္စည်းများနှင့် အစားထိုးလဲလှယ်ခြင်း၊ မြို့တွင်း ကေဘယ်လ်ကွန်ရက်များကို ပြုပြင်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခြားတစ်ဖက်မှာလည်း မြို့တွင်း ကေဘယ်လ်များ ပြန်လည်ကောင်းမွန် စေရန် ကျိုးကျ ပျက်စီးသွားသော ကွန်ကရစ်တိုင်များနှင့် ကေဘယ်လ်များကို ဖယ်ရှားရှင်းလင်းခြင်း၊ အသစ် သွယ်တန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြရသည်။ ကျိုးကျပျက်စီးသွားသော ကွန်ကရစ်တိုင်များနေရာတွင် ၈ မီတာ တိုင် ၄၀၀ အစားထိုး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပျက်စီးသွားသော ကော့ပါးကေဘယ်လ်များ နေရာတွင် ဖိုင်ဘာကေဘယ်လ် ၆၃၀၀၀ မီတာဖြင့် အစားထိုး တပ်ဆင်ပေးမည်ဖြစ်ရာလာမည့် ဇူလိုင်လလယ်တွင် ပြီးစီးမည်ဖြစ်သည်။ ယင်းကဲ့သို့ ဝန်ထမ်းအင်အားစုဖွဲ့မှု အားကောင်းစွာဖြင့်လည်းကောင်း၊ ယာဉ်နှင့် ကရိန်းကားအစီး ၃၀ အသုံးပြု၍လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဇွန် ၁၂ ရက်အထိ မိုဘိုင်းစခန်း ၁၂၁၇ ခု၊ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၇၀ ရာခိုင်နှုန်း ပြန်လည်၍ ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

အလှူဒါနပြုကြသူငှာ SMS မှာ

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသပြည်သူများအတွက် အော်ပရေတာအသီးသီးထံ သို့ SMS များ ပေးပို့လှူဒါန်းလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ကျပ် ၅၇၅၄၅၀၀ ၊ Telecom International Myanmar သို့ ကျပ် ၁၃၈၂၅၀၀ ၊ Atom Myanmar သို့ ၈၂၁၅၀၀၊ Ooredoo သို  ကျပ် ၂၆၆၅၀၀ စုစုပေါင်း ကျပ် ၈၂၂၅၀၀၀ ထည့်ဝင်လှူဒါန်းကြပြီး ဖြစ်သည်။ ထို့ပြင် ဆက်သွယ်ရေးအော်ပရေတာများ ကိုယ်တိုင်သည်ပင်လျှင် မိုခါမုန်တိုင်း ဒဏ်သင့် ရခိုင်ဒေသပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ MPT က သိန်း ၁၀၀၀၊ ATOM က သိန်း ၁၀၀၀၊ Telecom International Myanmar (Mytel)က သိန်း ၁၀၀၀ နှင့်ညီမျှသည့် စားသောက်ဖွယ်ရာများ၊ Ooredoo က ကျပ်သိန်း ၂၀၀ ပါဝင်လှူဒါန်းခဲ့သည်။

အဓိကအကျဆုံးသော သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ

 ထိုကဏ္ဍကိုတင်ပြရလျှင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကိုသာ ဖော်ပြ၍ မရတော့ပေ။ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အချိန်နှင့်တစ်ပြေးညီတင်ပြနေရသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည်လည်းကောင်း၊ ရန်ကုန် မြို့မှ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းဖြင့် ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများကို နိစ္စဓူဝ စီစဉ် ပို့ဆောင်ပေးနေရသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည်လည်းကောင်း၊ ရောက်ရှိလာသော အဆိုပါ ပစ္စည်းများကို အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေး၊ သက်ဆိုင်ရာ မုန်တိုင်း ဒဏ်သင့်ဒေသများသို့ အမြန်ဖြန့်ဝေပေးပို့နိုင်ရေး စီမံဆောင်ရွက်နေရသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည်လည်းကောင်း၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အခန်းကဏ္ဍသည်လည်းကောင်း၊ ပစ္စည်းများကို ပင်ပန်းကြီးစွာ ထမ်းပိုးသယ်ချမတင်ပေးနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်ကြီးများ၏ အခန်းကဏ္ဍသည်လည်းကောင်း၊ အရေးကြီးသောနေရာများမှ အသီးသီးအသကပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများကအစ မိုးလေဝသပညာရှင်များပါမကျန် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတာဝန်များကို အောင်မြင်အောင် တက်ညီ လက်ညီ ကြိုးပမ်းထမ်းဆောင်လျက် ရှိကြသည်။

 ကယ်ဆယ်၊ ကူညီ ထောက်ပံ့ပစ္စည်းများ ရောက်ရှိလာမှု

မုန်တိုင်းလွန်ကာလဖြစ်သော မေ ၁၅ ရက်မှ ဇွန် ၁၂ ရက်အထိ တပ်မတော် (လေ)၏ Y-8 လေယာဉ်ဖြင့် ၃၆ ခေါက် သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၁၄၂ ဒသမ ၆၈ တန် ရောက်ရှိလာခဲ့သည်။ ATR လေယာဉ်ဖြင့် ၈၂ ခေါက်အထိ သယ်ယူပေးခဲ့ပြီး ပစ္စည်းတန်ချိန် ၂၄၇ ဒသမ ၆၆၃ တန်ရောက်ရှိပြီးဖြစ်သည်။ စုစုပေါင်း ၃၉၀ ဒသမ ၃၄၃ တန် သယ်ဆောင်ပေးခဲ့ကြသည်။ အဆိုပါရက်များအတွင်း ရေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနိုင်မှု အခြေအနေမှာ တပ်မတော်ရေယာဉ် ၁၀ စင်းဖြင့် ကုန်တန်ချိန် ၄၀၃၃ ဒသမ ၆ တန်ကို သယ်ယူပေးခဲ့သည်။ ပုဂ္ဂလိကပိုင် ကုန်တင်ရေယာဉ်ကိုးစင်းဖြင့် ကုန်တန်ချိန် ၁၄၈၈၅ တန် သယ်ယူခဲ့ရာ စုစုပေါင်း ၁၈၉၁၈ ဒသမ ၆ တန်ကို သယ်ယူပေးခဲ့သည်။

ကြီးမားသောရေယာဉ်ကြီးများ

အမှန်ပြောရလျှင် ပင်လယ်ကမ်းနားနှင့် သိပ်မနီးစပ်ခဲ့သော ကျွန်တော့်အနေဖြင့် စစ်ရေယာဉ် မုတ္တမကဲ့သို့သော၊ အရပ်ဘက်ရေယာဉ်ကြီးများ ဖြစ်ကြသည့် MV Aquarius၊ MV Fortune၊ MV Sunshine တို့ကဲ့သို့သော အလွန်ကြီးမားသည့် ရေယာဉ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့ပေ။ နီးနီးစပ်စပ်မမြင်ဖူးခဲ့။ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဖိတ်ကြားခေါ်ယူမှုကြောင့် ကျွန်တော် တို့အားလုံး စစ်ရေယာဉ်မုတ္တမပေါ်သို့ တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ဤ ရေယာဉ်ကြီးကို တစ်နှစ်အတွင်း တည်ဆောက်ရေချနိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုဆို၏။ ကြီးမား ထည်ဝါလှပါဘိ။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့စဉ်က ဦးစီးဌာန၏ တာဝန်ပေးချက်အရ ရန်ကုန်လေဆိပ်တွင် တာဝန်တစ်ခုထမ်းဆောင်ခဲ့ရဖူးသည်။ ထိုစဉ်ကာလ အတွေ့အကြုံကတစ်မျိုး။ အလွန်ကြီးမားသည့် ကုန်တင်လေယာဉ်ကြီးများကို မြင်ခဲ့ဖူးခြင်းပင်။ အိမ်တစ်လုံးနီးပါရှိသော လေယာဉ်ကိုယ်ထည်ကို မဆိုထားနှင့် လူတစ်ရပ်ခန့်မြင့်သည့် လေယာဉ်ဘီးကြီးတွေကြားမှာ ဝင်ရောက်သွားလာပြီး ပါလာသည့်ပစ္စည်းစာရင်း တောင်းယူကောက်ခံခဲ့ကြသည်ကို အမှတ်ရမိသည်။

တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ

ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် ဦးဆောင်သော အဆိုပါ ကော်မတီအနေဖြင့်လည်း ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက် နေသည်ကို တွေ့မြင်ခဲ့ရသည်။ တည်ဆောက်ရေးပစ္စည်းများဟု ဆိုခဲ့သည့်အတိုင်း သင်္ဘောကြီးများပေါ်မှာ ပါလာသည့်ပစ္စည်းများ အမြန်ချနိုင်ရေး ဆိပ်ကမ်းအသီးသီးတွင် စနစ်တကျဆိုက်ကပ်၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ ရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့နှင့် ညှိနှိုင်းဆောင်ရွက်ရသလို သင်္ဘောပေါ်တွင် ပါလာသော သစ်၊ သံ၊ သွပ်၊ ဘိလပ်မြေ အစရှိသည့် တည်ဆောက်ရေးသုံး ပစ္စည်းများကို တပ်မတော်(ရေ) ကမ်းထိုးရေယာဉ်များ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ ကုလားတန် ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ရေယာဉ်များဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တော၊ မောင်တော၊ မြေပုံ၊ မင်းပြားမြို့နယ်များသို့ အချိန်မီ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ကြရသည်။ တည်ဆောက်ရေးပစ္စည်းများအပြင် စားသောက်ကုန်များ၊ အထွေထွေပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ထွန်စက်များလည်း ပါဝင်သည်။

အမှတ်တရ စစ်တွေ - ရေချမ်းပြင် RBE ရထားခရီးစဉ်

ပြန်တွေးကြည့်တော့ ကျွန်တော်ရထားမစီးဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုမကပင် ရှိနေပါပကောလား။ ပြီးခဲ့သည့် ဇွန် ၂ ရက်မှာတော့ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ဒုတိယဝန်ကြီးများ၊ DG၊ MD များလိုက်ပါ၍ RBE ရထားတွဲနှစ်တွဲဖြင့် စစ်တွေ ပြည်တော်သာဘူတာမှ ရေချမ်းပြင် ဘူတာအထိ စီးနင်းလိုက်ပါခဲ့ကြသည်။ စိတ်ထဲမှာ ငယ်စဉ်က စီးခဲ့ဖူးသော သာရဝေါ - ရန်ကုန်ရထားကိုပဲ လွမ်းရတော့မလိုလို၊ မိသားစုနှင့် စီးခဲ့သော ရန်ကုန် - မန္တလေး ခရီးကိုပဲ သတိရ သလိုလို ဖြစ်ခဲ့မိသည်။ စစ်တွေ - ရေချမ်းပြင် ခရီးက မဝေးလှပါ၊ ၁၁ မိုင် စွန်းစွန်းမျှသာ။ ပတ်ဝန်းကျင်ကျေးရွာသူ ကျေးရွာသားများ၏ သွားလာရေး၊ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးနှင့် စစ်တွေနည်းပညာတက္ကသိုလ်သို့ တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင်ပြေအောင် ဤရထားလမ်းကို ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်တန်ရာသည်။

ခြုံငုံသုံးသပ် တင်ပြရလျှင် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည် ထူထောင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးအကဲများနှင့် ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများက မှတ်တမ်းတစ်ခုအနေဖြင့် ဂုဏ်ယူဖွယ်ရာ တင်ကျန်ရစ်နေမည်မှာ သေချာလှပေသည်။ ။

No comments:

Post a Comment