Tuesday, June 27, 2023

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ


တွေ့ဆုံမေးမြန်း - ဝင်းဝင်း

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါ လုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး ။    ။ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပုံကို သိရှိလိုပါတယ်။

ဖြေ ။    ။ မိုခါဆိုင်ကလုန်းမုန်တိုင်းမဖြစ်ပွားမီ သတင်းရရှိချိန် (သာမန်အချိန်) ဖြစ်တဲ့ မေ ၈ ရက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီအနေနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) မှာ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်ရှစ်ဦးနဲ့ ၂၄ နာရီတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မုန်တိုင်းမဝင်ရောက်မီ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ တစ်နိုင်ငံလုံးမှာ စုဖွဲ့ထားရှိမှုအနေနဲ့ တစ်မြို့နယ်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တပ်စုတစ်စု၊ အင်အား ၃၅ ဦးစီ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့တော်တွေမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တပ်ခွဲတစ်ခွဲ၊ အင်အား ၁၁၆ ဦးစီ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)မှာ ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့ တပ်ဖွဲ့ဝင် ၅၀ တို့နဲ့ အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခဲ့ပါတယ်။

အရေးကြီးချိန်ဆောင်ရွက်ခြင်း (ကြိုတင် သတိပေးချက်ရရှိချိန်)အနေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘေးအန္တရာယ် သက်ရောက်နိုင်တဲ့ နေရာတွေမှာ နေထိုင်တဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ကူညီ ရွှေ့ပြောင်းပေးခြင်း၊ မုန်တိုင်းဘေး လွတ်ကင်းရာနေရာအဖြစ် သတ်မှတ်ထားတဲ့နေရာ (Shelter) တွေကို သောက်သုံးရေပေးဝေလှူဒါန်းခြင်း၊ မုန်တိုင်းအန္တရာယ် ဆော်ဩသတိပေးဆောင်ရွက် ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်ပါက အရေးပေါ်အသုံးပြုနိုင်တဲ့ အသက်ကယ်ပစ္စည်းတွေ အကြောင်းနဲ့ အသုံးပြုပုံနည်းစနစ်တွေကို ရှင်းလင်းပြသခြင်း လုပ်ငန်းတွေကို ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။

မေး ။    ။ မုန်တိုင်းကာလ အရေးပေါ်အချိန်အတွင်း ဆောင်ရွက်ရတာတွေကိုလည်း သိလိုပါတယ်။

ဖြေ ။    ။ မီးသတ်ဦးစီးဌာနအနေနဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဘူသီးတောင်၊ မင်းပြား၊ မောင်တော၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဟားခါး၊ ဖလမ်း၊ တွန်းဇံ၊ တီးတိန်နဲ့ ပလက်ဝ မြို့နယ်တွေကို မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်း သတင်းတွေ အချိန်နဲ့တစ်ပြေးညီ လိုက်လံကြေညာပေးခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပျက်စီး ပြိုပျက်နိုင်တဲ့နေရာဒေသတွေက ပြည်သူတွေကိုဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်း၊ မုန်တိုင်းဝင်ရောက်နေစဉ်ကာလအတွင်း ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးခြင်းနဲ့မုန်တိုင်းဝင်ရောက်ပြီး သုံးနာရီအတွင်း အပျက် အစီးတွေ ရှင်းလင်းခြင်း၊ လမ်းမကြီးတွေ ပိတ်ဆို့နေမှုကို ရှင်းလင်းခြင်းတို့ကို ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ဖွဲ့စည်းထားရှိတဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ချက်ချင်းတုံ့ပြန်ဆောင်ရွက် ပေးခဲ့ပါတယ်။

မေး။     ။ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုကိုလည်း သိရှိလိုပါတယ်။

ဖြေ ။    ။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) မှာ အသင့်စုဖွဲ့ ထားရှိတဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၁၈ ဦးကို မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အပျက်အစီးတွေကို ကူညီကယ်ဆယ် ရေးဆောင်ရွက်ဖို့ မေ ၁၇ ရက်ကစတင်ပြီး တပ်မတော်ပိုင် လေယာဉ်ငါးစင်းနဲ့ စစ်တွေမြို့ကို စေလွှတ်ခဲ့ပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေက စစ်တွေမြို့ကို ရောက်တဲ့အချိန်မှာ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီး ထိခိုက်ပျက်စီးမှုအခြေအနေကို ကနဦးစစ်ဆေးကြည့်ရှုခြင်း၊ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းခြင်း စသဖြင့်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မေ ၁၈ ရက်မှာ ဧရာဝတီတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအင်အား ၁၁၆ ဦးကို ပေါက်တောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအင်အား ၁၁၆ ဦးကို ရသေ့တောင်မြို့တို့ကိုစေလွှတ်ပြီး ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်စေခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရိက္ခာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးအပ်မှု အနေနဲ့ မေ ၁၉ ရက်မှာ လုပ်ငန်းသုံးပစ္စည်း Chain Saw လွှသွားအခု ၁၀၀ ၊ Plug အခု ၃၀ ၊ 2T လေးပါကင်၊ Engine Oil ဂါလန် ၅၀၊ ရိက္ခာ ကြက်ဥအလုံး ၁၀၀၀၊ ကော်ဖီမစ်ပါကင် ၅၀၊ ပေါင်မုန့်အလုံး ၁၀၀၀၊ အချို ရည် ၇၄၄ ဘူး၊ ခေါက်ဆွဲခြောက်တစ်ဖာ တို့ကို ပေးအပ်ခဲ့ပါတယ်။

မေ ၂၁ ရက်မှာ အပျက်အစီးများပြားတဲ့ စစ်တွေမြို့ကို အင်အားအလုံးအရင်းနဲ့ ရှင်းလင်းရေး ဆောင်ရွက်နိုင်ဖို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄၆ ဦး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်) က ရှာဖွေ ကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင် ၁၅ ဦး၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးက ၃၅ ဦးနဲ့ မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ၃၅ ဦး စုစုပေါင်း ၁၃၁ ဦးကို တပ်မတော် လေယာဉ်တွေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နေပြည်တော် လေဆိပ်တို့ကနေ စေလွှတ်ခဲ့ပါတယ်။

ပေါက်တောမြို့မှာ ရောက်ရှိရှင်းလင်းရေး ဆောင်ရွက်ပြီးစီးခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအင်အား ၁၁၆ ဦးကို စစ်တွေမြို့ကို ခေါ်ယူအားဖြည့် ဆောင်ရွက်စေခဲ့ သလို မေ ၂၇ ရက်မှာ ရသေ့တောင်မြို့နယ်မှာ ကယ်ဆယ်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးတဲ့ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး တပ်ခွဲတစ်ခွဲ၊ အင်အား ၁၁၆ ဦးကို ပြန်လည်ခေါ်ယူ ဆောင်ရွက်စေခဲ့ရာ စုစုပေါင်းမီးသတ်တပ်ဖွဲ့ဝင် ၄၉၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးက ပရဟိတအဖွဲ့ဝင် ၅၀ စုစုပေါင်း ၅၄၉ ဦးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရှင်းလင်း ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စေလွှတ်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၄၉ ဦးက မေ ၁၇ ရက်ကနေ ဇွန် ၃ ရက်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားပုထိုးစေတီ၊ ဈေး၊ ရပ်ကွက်၊ လမ်း၊ ဌာနဆိုင်ရာ အဆောက်အအုံ၊ ဆက်သွယ်ရေးတာဝါတိုင်၊ ပြတိုက်၊ ပန်းခြံ၊ အားကစားကွင်း၊ တက္ကသိုလ်စတဲ့နေရာတွေကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပါ တယ်။

တပ်ဖွဲ့ဝင်တွေအနေနဲ့ နေအိမ်အဆောက်အအုံတွေအပေါ်ကို လဲကျပိမိနေတဲ့ သစ်ပင်ကြီးတွေ၊ လမ်းပိတ်ဆို့နေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို Chain Saw တွေ အသုံးပြုပြီး ရှင်းလင်းဖယ်ရှားရသလို လဲကျနေတဲ့ ဓာတ်တိုင်တွေ၊ ပြိုကျနေတဲ့ သံထည် အဆောက်အအုံတွေ၊ တာဝါတိုင်တွေကို Engine Cutter နဲ့ Hydraulic Cutter တွေ အသုံးပြုပြီး သက်ဆိုင်ရာဌာန တွေက ယာဉ်/စက်ယန္တရား အကူအညီနဲ့ ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မီးသတ်သမားတွေ အဓိကအားပြု ဆောင်ရွက်ရတဲ့ ပစ္စည်း၊ နည်းပညာကတော့ လိုအပ် တဲ့ ကြိုးချည်နည်းကို အသုံးပြုဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

တပ်ခွဲတစ်ခွဲမှာကြိုးအနေနဲ့ ၁၄ ပေ၊ ပေ ၅၀၊ ၁၀၀၊ ၁၀၀ မီတာစတဲ့ ကြိုးအမျိုးအစားစုံ အရေအတွက်စုံနဲ့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကယ်ဆယ်ရေး ဆောင်ရွက်မယ့် မီးသတ်သမား တစ်ယောက်စီမှာ ၁၄ ပေ ကြိုးကိုယ်စီ ပါရှိရသလို လက်အိတ်၊ မျက်မှန်၊ လက်နှိပ်ဓာတ်မီး၊ Life jacket၊ Carabiner ကွင်းစတဲ့ အနည်းဆုံးပစ္စည်း ၂၃ မျိုးကို အသုံးပြု ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

မေး ။    ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

ဖြေ။     ။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေနဲ့ အခုလို ကူညီရှင်းလင်းရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လူအင်အား၊ စက်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်ခြင်း၊ တပ်ဖွဲ့ ဝင်တွေရဲ့လုပ်ငန်းခွင် လိုအပ်ချက်တွေကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ဖြည့်ဆည်း ပေးခဲ့သလို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်တွေကို အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်တွေ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါး၊ ဝတ်စုံတွေကို ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် အချိန်တိုအတွင်း အင်ပြည့်အားပြည့်ရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်လို့ ယခုရရှိခဲ့တဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး လိုအပ်တဲ့ ယာဉ်/စက်၊ ပစ္စည်းကိရိယာများ ဖြည့်တင်းခြင်းနဲ့ တပ်ဖွဲ့ဝင်တွေ စွမ်းဆောင်ရည် အမြဲပြည့်ဝနေစေရေးကို စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။ ။

No comments:

Post a Comment