Sunday, May 28, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 

နေပြည်တော် မေ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တံတားဦးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပသည်။





 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများတက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင်  လယ်ဝေးမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းနှင့် ကျန်းမာရေးဌာနအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လေဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများစနစ်တကျ ပြန်လည်ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ ပြန်လည်နေရာချထားနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ လမ်းသွယ်တိုးချဲ့ဖောက်လုပ်ခြင်းစသည့်  ကူညီကယ်ဆယ်ရေးနှင့် လုပ်ငန်းထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းနှင့် အလှူငွေများ အလေအလွင့်မရှိစေရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာများအတွင်းရှိ ရေတွင်းများ သောက်သုံးနိုင်ရန်အတွက် သန့်စင်ဆေးများဖြင့် သန့်ရှင်းပေးခြင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က  တံတားဦးကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု များအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သော သစ်၊ သွပ်များနှင့် ထောက်ပံ့ငွေကျပ်(၇၇)သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ကျန်းမားရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးများကိုလည်းကောင်း  ထောက်ပံ့ပေးအပ်ရာ တံတာဦးကျေးရွာမှ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ပြီး လေးဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တံတားဦးကျေးရွာရှိ အခြေခံပညာ ကျောင်းတွင် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများနှင့် ယဉ်ကျေးလိမ္မာ စာအုပ်များပေးအပ်ပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့်အဖွဲ့သည် အောင်မြင်ကုန်းကျေးရွာသို့ သွားရောက်၍ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင် ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အောင်မြင်ကုန်းကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်သော သစ်၊ သွပ်များနှင့် ထောက်ပံ့ငွေကျပ် (၁၅၅)သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ရာ အောင်မြင်ကုန်းကျေးရွာမှ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ပြီး လေးဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောင်မြင်ကုန်းကျေးရွာရှိ အခြေခံပညာ ကျောင်းတွင် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေး ပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများနှင့် ယဉ်ကျေးလိမ္မာ စာအုပ်များကိုပေးအပ်သည်။  

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်၊သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းအတွင်း အဆောက်အဦများ ပြန်လည်းပြင်ဆင် ဆောက်လုပ်နေမှုကို ကြည့်ရှုသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် စမ်းကလေးသုသာန် လေပြင်းတိုက်ခိုက်ခံခဲ့ရသောကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။

 

ယနေ့တံတားဦးကျေးရွာသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေ တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်း ဖြင့် အိမ်ထောင်စု(၇၇)စုအတွက် ငွေကျပ်(၇၇)သိန်း၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများမှာ ဆန်(၂၄)ပြည်အိတ် (၃၅၅)အိတ်အတွက် တန်ဖိုးငွေကျပ်(၂၃၇၈၅၀၀၀)၊ ဆီ (၅၀၂)ပိဿာ အတွက် တန်ဖိုးငွေ (၃၅၁၄၀၀)ကျပ်၊ ကုလားပဲ(1)Kg (၉၃)အိတ်အတွက် တန်ဖိုးငွေ (၆၅၁၀၀၀)ကျပ်၊ သစ် (၁၅၄)တန်အတွက် တန်ဖိုးငွေ (၇၅၂၉၈၈၀၀)ကျပ်၊ သွပ်(၃၁၁၅)ချပ်အတွက် တန်ဖိုးငွေ (၁၁၈၃၇၀၀၀)ကျပ်၊ မျိုးစေ့(စုံ) (၅)မျိုး အတွက် တန်ဖိုးငွေ(၂၅၀၀၀၀၀)ကျပ်၊ စွမ်းအားမြှင့်မီးဖို (၈၉)လုံးအတွက် တန်ဖိုးငွေ (၄၄၅၀၀၀)ကျပ်၊ တိရစ္ဆာန် အစာ(၂၀)အိတ်အတွက် တန်ဖိုးငွေ (၆၀၀၀၀၀)ကျပ် ဖြစ်သည့်အတွက် စုစုပေါင်းထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်း တန်ဖိုးငွေ(၁၂၃၁၆၈၂၀၀)ကျပ်နှင့် အောင်မြင်ကုန်းကျေးရွာသို့  ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံငွေ တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု(၁၅၅)စုအတွက် ငွေကျပ်(၁၅၅)သိန်း၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများမှာ ဆန်(၂၄)ပြည်အိတ် (၁၃၅၁) အိတ်အတွက် တန်ဖိုးငွေ(၉၀၅၁၇၀၀၀)ကျပ်၊ ဆီ(၁၀၀၄)ပိဿာအတွက် တန်ဖိုးငွေ(၇၀၂၈၀၀၀)ကျပ်၊ ကုလားပဲ (1)Kg (၁၆၇) အိတ်အတွက် တန်ဖိုးငွေ (၁၁၆၉၀၀၀)ကျပ်၊ သစ်(၃၁၀)တန်အတွက် တန်ဖိုးငွေ (၁၅၁၅၇၅၅၀၀) ကျပ်၊ သွပ်(၅၉၆၅)ချပ်အတွက် တန်ဖိုးငွေ (၂၂၆၆၇၀၀၀)ကျပ်၊ မျိုးစေ့(စုံ)(၅)မျိုးအတွက် တန်ဖိုးငွေ (၅၂၇၀၀၀၀) ကျပ်၊ စွမ်းအားမြှင့်မီးဖို (၁၆၆)လုံးအတွက် တန်ဖိုးငွေ (၈၃၀၀၀၀)ကျပ်၊ တိရစ္ဆာန်အစာ(၂၀)အိတ်အတွက် တန်ဖိုးငွေ (၆၀၀၀၀၀)ကျပ် ဖြစ်သည့်အတွက် စုစုပေါင်း ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင် ရေးပစ္စည်းတန်ဖိုးငွေကျပ်(၂၉၅၁၅၆၅၀၀)ကျပ်ဖြစ်ကာ လေဘေးသင့်ကျေးရွာနှစ်ရွာပေါင်းအတွက် စုစုပေါင်း ထောက်ပံ့ငွေ၊ စားသောက်ကုန်နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းတန်ဖိုးငွေကျပ် (၄၁၈၃၂၄၇၀၀)ကျပ် ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ ဆက်)

No comments:

Post a Comment