နေပြည်တော် မေ ၂၀
အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)“မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်
အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဦးခင်မောင်ရီ၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊
ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး
မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊
စေတနာရှင်၊ အလှူရှင်များတက်ရောက်ကြသည်။
လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
သဘာဝဘေးဒဏ်သင့်ခဲ့ရ သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက် လျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြားရာတွင် ပြီးခဲ့သည့် ၁၄ ရက်တွင် မြန်မာနိုင်ငံအတွင်းသို့
ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”
(MOCHA) ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးခဲ့မှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်
ရေးဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ယခုကဲ့သို့စာနာမှုအပြည့်ဖြင့် ကိုယ်တိုင်ကိုယ်ကျ
လာရောက်လှူဒါန်းသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဟူသည်
တားဆီး၍ရနိုင်သည့်အရာမဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည်များကို မည်ကဲ့သို့ကြိုတင်ပြင်ဆင် ကာကွယ်နိုင်မည်၊
ဖြစ်ပေါ်ပြီးပါက ပျက်စီးဆုံးရှုံးခဲ့ ရသည်များကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများမည်ကဲ့သို့
ဆောင်ရွက် သွားမည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဝင်ရောက်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ပြီး သဘာဝဘေးဒဏ်ကို
ခါးသီးစွာခံစားခဲ့ရကြောင်း၊ ထို့နောက်ပိုင်း အစိုးရနှစ်ဆက်တွင် သဘာဝဘေးဒဏ်အချို့ကို
တွေ့ကြုံခဲ့ရသော်လည်း ကြီးမားသည့် သဘာဝဘေးများ မရှိခဲ့ကြောင်း၊ နာဂစ်မုန်တိုင်း ဖြစ်ပွားချိန်တွင်
ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊
မိမိတို့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ပြည့်စုံစွာ ကြိုတင်ကာကွယ်ပြင်ဆင် နိုင်ခြင်းမရှိသော်လည်း
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်မတော်ပိုင်းတွင်လည်း
ကြိုတင်ပြင်ဆင်မှုများစွာကို ဆောင်ရွက်ခဲ့ကြောင်း၊ သဘာဝဘေးဒဏ်များ မကျရောက်မီကတည်းကပင်
ကမ်းရိုးတန်းဒေသများရှိ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ၌ အဆောက်အဦများကို Slab ဖြင့်သာ
အမိုး မိုးစေခဲ့ပြီး သဘာဝဘေးကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်ခဲ့သော ကြောင့်
ထိခိုက်ပျက်စီးမှုများ မရှိသလောက်နည်းပါးခဲ့ သည်ကို လက်တွေ့တွေ့မြင်ခဲ့ရကြောင်း၊ ထို့ပြင်
နာဂစ်အတွေ့အကြုံများအရ ဆိုင်ကလုန်း Shelter များနှင့် Multipurpose သုံးနိုင်သည့် အဆောက်အဦများကိုလည်း
ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ပြည်နယ်တို့တွင် ဆောက်ပေးခဲ့သော်လည်း လိုအပ်မှု များရှိနေသေးသည်ကို
တွေ့ရှိရကြောင်း။
မုန်တိုင်းနှင့်ပတ်သက်၍
မုန်တိုင်းကျရောက်နိုင်ကြောင်းကို မိုးလေဝသသတင်းများနှင့် တာဝန်ရှိသူ များ၏တင်ပြချက်များအရ
သိရှိခဲ့ရကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းဖြစ်ပေါ်ခဲ့သည့်
မုန်တိုင်းတို့ဖြစ်ကြောင်း သိရှိရပြီး မိမိတို့အနေဖြင့် သတိကြီးစွာ ထား၍ စောင့်ကြည့်ခဲ့ကြောင်း၊
ကံကောင်းစွာဖြင့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် ပျက်ပြယ်သွားခဲ့ကြောင်း၊
အဆိုပါ မုန်တိုင်းနှစ်ခုဆုံမည်ဆိုပါက မူလတွင်ရန်ကုန်နှင့် စစ်တောင်းမြစ်ဝဘက်သို့ တနင်္သာရီကမ်းရိုးတန်းကြားမှဝင်ရောက်မည်ဟု
ကြိုတင်ခန့်မှန်းထားမှုများ ရှိခဲ့ကြောင်း၊ စစ်တောင်းမြစ်ဝဘက်တွင် ယခင်ကသဘာဝဘေးအန္တရာယ်
ကြုံတွေ့ခဲ့ဖူးခြင်းမရှိသဖြင့် မိမိအနေဖြင့် အထူးစိုးရိမ်ခဲ့ရပြီးသတိပေးအမိန့်များ
ထုတ်ပြန်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကံကောင်းစွာဖြင့် မုန်တိုင်းနှစ်ခုအနက်တစ်ခုသည်
ပျက်ပြယ်ခဲ့ပြီး တစ်ခုသာလျှင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း။
မုန်တိုင်းဝင်ရောက်မည်ဟု
သေချာသည့်ခန့်မှန်းမှုများရရှိသည့်အချိန်တွင် မိမိတို့အနေဖြင့် အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကိုဆောလျင်စွာ
ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များကို ဆောလျင်စွာပြင်ဆင်စေခဲ့သောကြောင့်
ရွှေ့ပြောင်းမှုများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူခဲ့ကြောင်း၊ မုန်တိုင်းအမှန်တကယ် မဝင်ရောက်မီရွှေ့ပြောင်းရန်
တစ်ရက်ကြိုတင်ပြင်ဆင်ချိန်ရရှိခဲ့ပြီး လူထိခိုက်သေဆုံးမှုများလည်း နည်းပါးခဲ့ကြောင်း၊
တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့်တိုက်ခတ်သည့် လေပြင်းအရှိန်သည် အလွန်ပြင်းထန်ပြီး
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်ကထက် ပိုမိုပြင်းထန်ကြောင်း၊ မိမိတို့ သွားရောက်ကြည့်ရှုသည့်
အချိန်တွင်လည်း ထိခိုက်ပျက်စီးမှုများ အလွန်များပြားသည်ကို တွေ့ရှိခဲ့ရကြောင်း။
မိမိတို့အနေဖြင့်
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် လိုအပ်သည့်အရေးပေါ်စီမံ ခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊
ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ
ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်
အစည်း အဝေးကို မေ ၁၅ ရက် နံနက်ပိုင်း၌ ပြုလုပ်လျက်ရှိစဉ် အလှူရှင်များက သဘာဝဘေးဒဏ်သင့်
ဒေသများအတွက်အလှူငွေများ လာရောက်လှူဒါန်းလိုကြောင်း သိရှိရသဖြင့် အရေးပေါ်အလှူငွေလက်ခံခြင်းအခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း၊
အခမ်းအနားကို အချိန်တိုအတွင်း စီစဉ်ခဲ့ရပြီး စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀
ကို လက်ခံရရှိခဲ့ကြောင်း၊ မိမိတို့မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရားကြီးမားမှုနှင့်
စာနာစိတ်၊ မေတ္တာစိတ် အရင်းခံကိုလည်း တွေ့မြင်ခဲ့ရပြီး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း။
သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်
ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင်လည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်ကို
တွေ့ရှိရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူ၍ ပြန်လည် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့်
လူအင်အားအများအပြားဖြင့် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်သည် ကို တွေ့ရှိခဲ့ရကြောင်း၊
ထို့ကြောင့် တပ်မတော်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊
ဌာနဆိုင်ရာဝန်ထမ်းများ အများအပြားကိုသဘာဝဘေးဒဏ်သင့်ဒေသများသို့ စေလွှတ်၍ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်စေလျက်ရှိကြောင်း။
သဘာဝဘေးဒဏ်ကျရောက်ခဲ့ရာတွင်
မိမိတို့ အတွက် အတွေ့အကြုံများစွာလည်း ရရှိခဲ့ကြောင်း၊ အဆိုးအကောင်း၊ အကျိုးအပြစ်များကိုလည်း
တွေ့မြင်ခဲ့ရပါကြောင်း၊ လူတို့၏ အားနည်းချက် ကြောင့်လည်း သဘာဝဘေးသင့်သည်များကိုလည်း
တွေ့ရှိရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ စေတီပုထိုးများ၏ ပရိဝုဏ်အတွင်း ရေဝင်၊
ရေဝပ်ခြင်း များသည် ရေစီးရေလာကောင်းမွန်အောင် ကြိုတင်ဆောင်ရွက်နိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်
ကို တွေ့မြင်ရကြောင်း၊ ထိုသို့ ဖြစ်ပေါ်ခဲ့ရသည်များကို သင်ခန်းစာယူ၍ နောင်မဖြစ်အောင်ဆောင်ရွက်ရမည်
ဖြစ်ကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးသွားမည်
သဘာဝဘေးနှင့်
ပတ်သက်၍ အတွေ့အကြုံများ ရှိကြသည်ဖြစ်သော်လည်း အချို့သောသူများမှာ ဘေးလွတ်ရာသို့ မရွှေ့ပြောင်းလိုကြသူများလည်းရှိကြကြောင်း၊
အများစု ပြောင်းရွှေ့ပေးနိုင်ခဲ့သော်လည်း အချို့သည်ရွှေ့ပြောင်းပေးမှုအပေါ် ငြင်းဆန်မှုများရှိခဲ့ကြောင်း၊
ထိုသို့ မရွှေ့ပြောင်းမှုများကြောင့် သေဆုံးခဲ့ရသည်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ဘေးလွတ်ရာသို့
ရွှေ့ပြောင်းထားရှိသူများအနေဖြင့် ထိခိုက်မှုမရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံသို့
မုန်တိုင်းဝင်ရောက်နိုင်ခြေ ရာနှုန်းပြည့်နီးပါးသေချာနေသည့်အချိန်တွင် လူသေဆုံးမှုအများအပြား
ရှိနိုင်ကြောင်းနှင့် ထိခိုက်ပျက်စီးမှုများ များစွာဖြစ်ပေါ် နိုင်ကြောင်းကို နိုင်ငံတကာမှ
သုံးသပ်ခဲ့ကြကြောင်း၊ အမှန်တကယ်ဝင်ရောက်ခဲ့ချိန်တွင် ပျက်စီးမှုသည်လည်း များပြားခဲ့ပါကြောင်း၊
မေ ၁၉ ရက် ညနေပိုင်းအထိကောက်ယူရရှိသော စာရင်းများအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင်
စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာလူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အဦ
၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း
၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေး
တစ်ခု၊ လေဆိပ်အနေဖြင့်စစ်တွေလေဆိပ် နှင့် ကျောက်ဖြူလေဆိပ်၊ ဌာနဆိုင်ရာအဆောက်အဦ အလုံး
၃၄၀ ပျက်စီးခဲ့ရသည်ကို တွေ့ရှိရပြီး သေဆုံးသူ ၁၄၅ ဦးရှိကြောင်း၊ ယင်းတို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း။
ယနေ့
အလှူရှင်များ လာရောက်လှူဒါန်းသည့် အလှူငွေများ၊ ပစ္စည်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မေ ၁၅ ရက် မိမိတို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်စဉ် အလှူငွေကျပ် သိန်းပေါင်း
၇၀၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံ တစ်ပါတည်းလွှဲပြောင်းပေးခဲ့ကြောင်း၊ သဘာဝဘေးဒဏ်သင့်ပြည်သူများ
ထပ်မံထိခိုက် သေဆုံးမှုမရှိစေရေး၊ စားရေရိက္ခာမပြတ်လပ်စေရေးကို ဦးစွာဆောင်ရွက်ပေးရန်
မှာကြားခဲ့ကြောင်း၊ ထို့နောက်လမ်းပန်းဆက်သွယ်မှုများ ပြန်လည်ရရှိအောင် ဦးစားပေးဆောင်ရွက်ရန်
မှာကြားခဲ့ကြောင်း၊ ပြည်လမ်းကြောင်းနှင့် မကွေးလမ်းကြောင်းတို့မှ မော်တော်ယာဉ်များနှင့်
ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အသင့်ပြင်ဆင်ထားသည့် ယာဉ်အုပ်စုဆယ်စုနှင့်
ကူညီကယ်ဆယ်ရေးအဖွဲ့များကိုညတွင်းချင်း ပို့ဆောင်စေခဲ့ပြီး နောက်တစ်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ကြောင်း၊
မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို
အချိန်မီဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ကြီးမားသည့်
သင်ခန်းစာ
အလားတူ
လေကြောင်းမှလည်းကူညီကယ်ဆယ် ရေးပစ္စည်းများကို အချိန်မီပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့
ကူညီကယ်ဆယ်ရေးလုပ်ငန်းရပ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို
အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့ခြင်းမှာတပ်မတော်မှဦးဆောင်၍ ဆောင်ရွက်ခြင်းနှင့်ဌာနဆိုင်ရာအဖွဲ့
အစည်းများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ
ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကိုများစွာ
သက်သာစေခဲ့သည်ကို သက်သေပြနိုင်ခဲ့ခြင်း ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားခဲ့သည့်
မုန်တိုင်းသည်မိမိတို့အတွက်ကြီးမားသည့် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း။
ယခုကဲ့သို့
စေတနာထက်သန်စွာဖြင့် လာရောက်လှူဒါန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာသည်သာ
အရင်းခံဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ဖြတ်သန်းခဲ့ရသည့် နှစ်နှစ်တာကာလ အတွင်း ကိုဗစ်-၁၉
ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊
မိမိတို့အနေဖြင့် ရုန်းကန်မှုများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး
မှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာကြောင်း၊ သို့သော်
မိမိတို့ အနေဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ယခု ကာလအတွင်း နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန် လာပြီး ဝင်ငွေများ ရရှိလာခြင်းကြောင့်
ယခုကဲ့သို့ လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းငွေ များ များစွာလှူဒါန်းနိုင်ခြင်းမှာ
နိုင်ငံ၏စီးပွားရေး အားကောင်းမွန်မှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ လှူဒါန်းမှုများအနေဖြင့်
အခြားနေရာများမှမပါစုစုပေါင်း ဘီလီယံ ၂၀ ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံအတွက်အရေးပေါ်လိုအပ်သည့် အချိန်တွင်
စေတနာတရားထက်သန်စွာဖြင့် လှူဒါန်းမှုများ ပြုလုပ်ပေးသည့်အတွက် အလှူရှင်များကို လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိပါကြောင်း။
မိမိတို့အနေဖြင့်
နိုင်ငံတော်၏ အကျိုးစီးပွား အတွက် မည်သည့်လုပ်ငန်းများကိုမဆို အောင်မြင် အောင် ကူညီဆောင်ရွက်ပေးရန်
အဆင်သင့်ရှိသည်ကို ပြောလိုပါကြောင်း၊ တိုင်းပြည်ကောင်းရန်အတွက် အမှန်တကယ် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊
မိမိအနေဖြင့် တိုင်းပြည်သာယာဝပြောပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံးကိုယ်စိတ်နှလုံး
အေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးအတွက်ရည်မှန်း ဆောင်ရွက်နေခြင်းဖြစ်သဖြင့်
မိမိတို့၏ဆောင်ရွက်ချက်များ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများကို
ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်အောင်
ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများသည် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများမှ
ပြည်သူများအတွက် အားကိုဖြစ်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့်
ဒေသများကို ထိထိရောက်ရောက်ဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် တစ်ခုတည်းသာမက
ချင်းပြည်နယ်အချို့သောဒေသ များအတွက်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
စီမံခန့်ခွဲမှုများ ပိုမိုအဆင်ပြေမြန်ဆန်စေရေး အတွက် တပ်မတော်အရာရှိကြီးများကို စေလွှတ်၍
ဆောင်ရွက်စေလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်သဖြင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိုးမကျမီကာလအတွင်း
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာ ဖြစ်အောင် ဆောင်ရွက်ရန်လိုသဖြင့်
မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း၊
လှူဒါန်းငွေများကိုလည်း အကျိုးရှိရှိဖြင့် ထိထိရောက်ရောက် အသုံးချသွားမည် ဖြစ်ပြီး
ယနေ့လှူဒါန်းမှုများအတွက် အထူးပင်ကျေးဇူး တင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း
ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများ၌
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရေးအတွက်
မေ ၁၅ ရက်တွင် ကနဦးအလှူငွေများ
လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အလှူငွေများ
ပေးအပ်လှူဒါန်း
ယင်းနောက်
တက်ရောက်လာကြသည့် စေတနာ ရှင်၊ အလှူရှင်များက သဘာဝဘေးဒဏ်သင့်ခဲ့ရ သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများကိုပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား
ပြောကြားရာတွင် ယခုအခါ နိုင်ငံတကာမှလည်း အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှလည်း
ကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘော များဖြင့် လာရောက်ပို့ဆောင်ပေးလျက်ရှိသကဲ့သို့
တရုတ်နိုင်ငံမှလည်း အရေးပေါ်အနေဖြင့် နယ်စပ်မှ စားသောက်ကုန်များကိုပေးပို့လျက်ရှိပြီး
ထိုင်းနိုင်ငံအနေဖြင့်လည်း လာမည့်တနင်္လာနေ့တွင် ပေးပို့မည် ဖြစ်ကြောင်း၊ အလားတူအာဆီယံ
(AHA) စင်တာမှ လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့သွားမည်ဟုသိရှိရကြောင်း၊ အခြားနိုင်ငံတကာမှလည်း
ကူညီမှု များဆောင်ရွက်ပေးသွားမည်ဟု အသိပေးအကြောင်း ကြားမှုများရရှိပြီးဖြစ်ကြောင်း၊
ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ
ပြည်သူများတစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ကို အသိပေးပြောကြားလိုကြောင်း၊
ယနေ့လှူဒါန်းမှုပြုကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ အားလုံးကိုလည်း နိုင်ငံတော်၏ကိုယ်စား
လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင်
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်
များသည် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
သည်။
မှတ်တမ်းဓာတ်ပုံများ
ကြည့်ရှု
ယင်းနောက်
ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“မိုခါ”
(MOCHA) ဝင်ရောက်မှု ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ပျက်စီးဆုံးရှုံးခဲ့မှု၊
စေတနာရှင်အလှူရှင်များက လှူဒါန်းထောက်ပံ့မှု၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ
ပို့ဆောင်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု
မှတ်တမ်းဓာတ်ပုံ များကို ကြည့်ရှုခဲ့ကြသည်။
ယနေ့ကျင်းပသည့်
သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရေး
အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များမှလှူဒါန်းမှု စုစုပေါင်းအနေဖြင့်
ငွေကျပ် ၈၇၁၇၅၃၉၅၀၀ ၊ ထိုင်းဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုးရှိသွပ်ချပ်ရေ ၁
သိန်းနှင့် ဆက်စပ် အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့် ညီမျှသည့် ခေါက်ဆွဲခြောက်၊
ဘီစကွတ်နှင့်ရေသန့်များကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မေ ၁၅ ရက်တွင် အလှူရှင်များက
လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်း မှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ ဖြစ်သဖြင့် ယခု အကြိမ်နှင့်ဆိုပါက
စေတနာရှင်အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ်သိန်းပေါင်း ၂၁၈၉၈၅ သိန်းကျော်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment