Thursday, May 4, 2023

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်ကားများပြား

 


ရန်ကုန် မေ ၃

ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြား လျက်ရှိသည်၊၊

ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အကြိမ်(၄၀)မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ မှစတင်၍ ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်၊၊

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီ တော်ရင်ပြင်ရှိ ဧည့်တန်ဆောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ် လှူဒါန်းပူဇော်ကြပြီး စေတီတော်မြတ်ကြီးအား မြတ်ဘုရား ရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော်ခြင်း၊ နဝင်္ဂသီလခံယူ ဆောက်တည်ခြင်း၊ ဘုရားတရား၊ သံဃာဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများ ခြင်း၊ ဆုတောင်းအမျှဝေသာဓု ခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်၊၊

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်၊၊

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များသည် အကြိမ် (၄၀) မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ် ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး အခမ်းအနား ကျင်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာယူကြသည်၊၊

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်) အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာ တင်လှူပူဇော်ကြသည်၊၊

ယင်းနောက် ရွှေတိဂုံစေတီ တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းက ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ၊ တိပိဋကဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာ ဘိဝံသထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇတိပိဋကဓရ ပါဠိပါရဂူဘဒ္ဒန္တ နာဂိတထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ညောင်ရေသွန်းလောင်းပူဇော်

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းဖွဲ့များနှင့် ဘုရာဖူးလာ ပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ယနေ့တွင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများသည် ဆူးလေစေတီတော် နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ညောင်ရေ သွန်းလောင်း ပူဇော်ပွဲများသို့ သွားရောက်ကြပြီး ဗောဓိညောင် ပင်အား ဘုရားဖူးလာပြည်သူများ နှင့်အတူ ညောင်ရေသွန်းလောင်း ပူဇော်ကြပြီး စတုဒိသာကျွေးမွေး နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့အပြင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်း၊ အန္တရာယ်ကင်း ပရိတ် တရားတော်များနာခြင်းနှင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်း လောင်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများနှင့် ပင့်သံဃာတော်များက ဂေါတမရုပ်ပွားတော်မြတ် ရှေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသ ရာ ဘိဝံသဆရာတော်ထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက် တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော် များနာကြားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိ ဝံသဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှ ပေးဝေကြသည်။

ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း ၂၃ သင်းတို့က ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ပူဇော်ပွဲများကျင်းပ

အလားတူ လောကချမ်းသာ အဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်း စေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ဝရဒါဋ္ဌာ ဓာတုစေတိယ စွယ်တော် မြတ်စေတီတော်(ရန်ကုန်)၊ မဟာဝိဇယစေတီတော်၊ ငါးထပ်ကြီး ဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီး ဘုရားတို့၌လည်း သက်ဆိုင်ရာစေတီတော်ဂေါပက အဖွဲ့ဝင်များကြီးမှူး၍ ညောင်ရေ သွန်းလောင်းပူဇော်ပွဲများ ကျင်းပကြကြောင်း သိရသည်။

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment