Sunday, May 7, 2023

မရေရာ မသေချာမှုကြားမှ အိမ်ပြန်ချင်ကြသူများအတွက် . . .

 


မိမိပုံမှန်နေထိုင်ရာ ဒေသ၊ နေရပ်၊ အိမ်ရာဝန်းကျင်မှ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာချင်သူဟူ၍ ရှိမည်မဟုတ်ပါ။ ယာယီဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးနှင့်မှ စွန့်ခွာချင်ကြမည် မဟုတ်၊၊ သို့သော် မတည်ငြိမ် မအေးချမ်းသောဒေသများတွင် မမျှော်လင့်ဘဲ ခါးသီးလှသည့် တိုက်ပွဲများ၊ သဘာဝကပ်ဘေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိမိတို့ အသက်ရှင်သန်ရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များအတွက် မိမိတို့နေရပ်ကို စွန့်ခွာနေရသူများ၊ ရှောင်တိမ်း နေရသူများ၊ ခိုလှုံနေရသူများ Internally Displaced Persons (IDPs)ဟူသော အသုံးအနှုန်းနှင့်ကား ယဉ်ပါးနေရသည်။

ကူညီလျက်နှင့် ပိတ်သိမ်းနိုင်ရန်လည်း ကြိုးစားနေ

ကမ္ဘာတစ်ဝန်း ၂၀၂၂ ခုနှစ်စာရင်းအရ ပဋိပက္ခအကြမ်းဖက်ဖြစ်ရပ်များကြောင့် IDPs လူသား ၅၉ သန်းကျော်အထိ အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိသွားသည်ဟု သိရသည်။ နိုင်ငံတကာတွင် မူလရှိဆဲပဋိပက္ခများအပြင် ပြည်တွင်းရေးမပြေလည်မှုများ၊ နယ်စပ်ပြဿနာများ၊ နှစ်နိုင်ငံစစ်ပွဲများကြောင့် IDPs အရေအတွက် တိုးလာလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက နေရပ်စွန့်ခွာအရေအတွက် ယခုထက်ပို၍ တိုးပွားသွား ရန်သာရှိသည်။

ထိုသို့ တိုးမြင့်လာသည့် အခြေအနေတွင် မြန်မာနိုင်ငံတွင်မူ နိုင်ငံတော်က IDPs စခန်းများကို ပိတ်သိမ်းပြီး မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေစေရေး ကြိုးစားဆောင်ရွက်ပေးနေသည်။ မပိတ်သိမ်းနိုင်သေးသည့် စခန်းများကိုလည်း လူသားချင်းစာနာ ထောက်ထားမှုရှုထောင့်မှနေ၍ စိတ်စေတနာအပြည့်ဖြင့် ကာကွယ် စောင့်ရှောက်နိုင်ရေး အကူအညီအထောက်အပံ့များ ပေးအပ်နေသည်ကို မြင်တွေ့ရသည်။

မငြိမ်းချမ်း၍ နေရပ်စွန့်ခွာကြရသည်။ တိုက်ပွဲရှောင်၍ ဒုက္ခသည်ဖြစ်ကြရသည်။ နောက်ခံအခြေအနေ၊ နယ်မြေအခြေအနေ၊ တိုက်ပွဲအခြေအနေများပေါ်မူတည်၍ ပထမတော့ ယာယီခိုလှုံရာစခန်း၊ ကာလရှည်ကြာလာပြီး မိမိနေရပ်ပြန်ဖို့ အခြေအနေမပေးတော့သည့်အခါ IDPs စခန်းများတွင်သာ နေထိုင်ကြရတော့သည်။ သူတို့၏ လူမှုစီးပွားဘဝတွေ ထိခိုက်ရပ်တန့်ကုန်သည်။ ပုံမှန်ဘဝမျိုး မရရှိတော့ဘဲ ခက်ခက်ခဲခဲ ရပ်တည်ကြရတော့သည်။ အားလုံးကတော့ အခြေအနေ ပြန်လည် တည်ငြိမ်သွားသည့်အခါ မိမိတို့မူလနေရင်းဒေသများဆီ ပြန်လည်အရောက်ပြန် ချင်ကြသည်သာ။ သို့သော် တိုက်ပွဲများကြောင့် မိမိတို့နေထိုင်ရာမြေနေရာများ၊ အိုးအိမ်စည်းစိမ်၊ ကျွဲ ၊ နွား၊ လယ်ယာများ ဆုံးရှုံးခဲ့ရသည့် အခြေအနေများတွင် မိမိတို့မူလနေထိုင်ခဲ့ရာ ဝန်းကျင်သည် နယ်ပယ်သစ်များ ဖြစ်ကုန်ကြသည်။ မူလရှိခဲ့သော လူမှုစီးပွားဘဝများ ပုံမှန်အခြေအနေ ပြန်ရောက်ရန်ပင် မလွယ်ကူသည့် အနေအထားများအထိ ရောက်ရှိသွားတော့သည်။

ရပ်တည်ရန်ခက်ခဲသည့် ရုန်းကန်ရင်ဆိုင်ရမှုများ

Vulnerable groups ဟုခေါ်သည့် အသက်ကြီးရင့်သူ ဘိုးဘွားများ၊ နို့တိုက်မိခင်များအပါအဝင် မိန်းမနှင့် ကလေးငယ်များ၊ မသန်မစွမ်းသူများ၏ဘဝကား ပို၍သာဆိုးတော့သည်။ စခန်းများရှိ အမျိုးသားများသည် ကျန်းမာရေးကောင်းပါက ကြုံရာကျပန်းအလုပ်များ လုပ်ပြီးရပ်တည်ရသလို မိန်းမများအနေဖြင့်လည်း အရောင်းအဝယ် ဟင်းသီးဟင်းရွက်ရောင်း၊ လုပ်ငန်းအငှားလိုက်၊ ထင်းခွေရေခပ် ကြုံရာအလုပ်များဖြင့်သာ ရပ်တည်ရုန်းကန်ကြရသည်။ ပြည်တွင်းပြည်ပ အလှူရှင်များ၏ လစဉ်ထောက်ပံ့မှုကိုသာ မျှော်ကိုးကြရသည်။ အားလုံးသော နှောင့်နှေးမှုများတွင် အခရာကျသည့် ပညာရေး၊ ကျန်းမာရေးလည်းပါသည်။ အစိုးရနှင့် ဘာသာရေးအဖွဲ့အစည်းများက ဖွင့်ပေးသော ကျောင်းများတွင်သာ ပညာသင်ကြားမှု အဆက်မပြတ်အောင် ကြိုးစားကြရပြီး ကျန်းမာရေးမှာလည်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ၏ စောင့်ရှောက်မှုကိုသာ ရယူကြရသည်။

အခြေခံစားရေး၊ နေရေးအပြင် ရေ၊ မီး၊ မိလ္လာ စသည့်လိုအပ်ချက်များကလည်း ရှိပြန်ပါသည်။ ဒုက္ခသည်အချင်းချင်း၊ အချို့ကအဖွဲ့လိုက် အမြတ်ထုတ်ခေါင်းပုံ ဖြတ်သူများ၊ အမြတ်ထုတ်ခံရသူများ လည်း ရှိကြသည်။ နေရပ်စွန့်ခွာသူ အများစုမှာ မိသားစုအရေအတွက်၊ ဆွေမျိုးအများအပြားနှင့် ဖြစ်ကြပြီး အိမ်ခန်းကျဉ်းကျဉ်းတွင် အချို့က အဖီထိုး၍ ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲ နေထိုင်ကြရသည်။ ဤသို့ဖြင့် စခန်းတွင်း ကျူးကျော်အိမ်ရာဟူ၍ ရှိလာရပြန်သည်။ တစ်ကိုယ်ရေ အသုံးကအစ အသုံးအဆောင်ပစ္စည်းများကို ချို့တဲ့စွာသုံးစွဲကြရသည်။ စနစ်တကျ နေထိုင်နိုင်ရေးအတွက် စည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လူမှုရေးအခက်အခဲများသာမက တစ်ဦးချင်း လုံခြုံရေးအခက်အခဲများကိုလည်း လျှော့တွက်၍မရသည့် အခြေအနေတွင် ရင်ဆိုင်ကြရသည်။

IDPs စခန်းများကား ပုံမှန်အတိုင်း နေမြဲ၊ လုပ်မြဲဖြစ်သော်လည်း မမျှော်လင့်သော အရေးပေါ် အခြေအနေများဖြစ်သည့် မုန်တိုင်း၊ ရေကြီးမှု၊ သဘာဝဘေးဒဏ်များနှင့် ကိုဗစ်ကဲ့သို့သော ကူးစက်မြန်ရောဂါများ မတော်တဆကျရောက်လာပါက ထိန်းချုပ်ရန်အလွန်ခက်ခဲသော အခြေအနေများဆီ ဆိုက်ရောက်သွားနိုင်သည့် စိန်ခေါ်မှုများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရ ပြန်ပါသည်။

နေရပ်ပြန်ချင်သူအများစုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ပေးနေ

အချို့က မိမိတို့ဘဝများ တစ်က ပြန်စနိုင်ရေး၊ မိမိတို့သားသမီးများ ပညာရေးအတွက် မူလနေရပ်များဆီ ပြန်လိုကြသည်။ အချို့ကား နယ်မြေလုံခြုံမှုမရှိ၊ မတည်ငြိမ်သည့်အခြေအနေနှင့် သောင်းကျန်းသူများ ထောင်ထားသော မိုင်းအန္တရာယ်များကြောင့် ပြန်ချင်သော်လည်း မပြန်နိုင်ဖြစ်ကြရသည်။ အခြေအနေပေးလျှင်သော်မှ မိမိနေရပ်ပြန်ရောက်သည့်အခါ အမှီအခို ကင်းကင်းဖြင့် မိမိတို့ဘဝရပ်တည်ရေးမှာ နေရာထိုင်ခင်းက အဆင်သင့်မဖြစ်၊ ရင်းနှီး လုပ်ကိုင်စားသောက်ရန်က အခွင့်အလမ်းကနည်း၊ အခက်အခဲမျိုးစုံ ကြုံရသူများလည်း ရှိကြသည်။ အချို့ကား ဘယ်မှမပြန်လို၊ ကြံ့ကြံ့ခံ၍ ရောက်ရှိရာစခန်းများတွင်ပင် ပျော်မွေ့၊ အခြေကျ နေသူများလည်း ရှိပြန်သည်။ သို့သော် မိမိတို့နေရပ်များဆီ အနှေးနှင့်အမြန် ပြန်ချင်သူက အများစုဖြစ်သည်ကို စစ်တမ်းများအရ သိရှိရသည်။

ထိုကဲ့သို့ လိုအပ်ချက်များ၊ အခက်အခဲများကား အများအပြားရှိသော်လည်း နိုင်ငံတော်အနေဖြင့်မူ နေရပ်ပြန်ချင်သူများ၊ အိမ်ပြန်ချင်သူများအတွက် ခေတ်အဆက်ဆက် အားထည့်ကြိုးပမ်း ဆောင်ရွက်နေသည်သာ ဖြစ်သည်။ မလွဲမရှောင်သာ အခြေအနေများကြောင့် ဆင်းရဲဒုက္ခနှင့် အန္တရာယ်ကျရောက်နေသည့် မိမိတို့ တိုင်းရင်းသားပြည်သူများ၏ အဆင်မပြေမှုများကို ပပျောက် စေပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိစေရေး နိုင်ငံတော်က နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတွက်အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထား၍ အမျိုးသားရေးတာဝန်တစ်ရပ်နှယ် မူဝါဒရေးဆွဲသတ်မှတ် ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူများက ၎င်းတို့ကို လုံးဝဖယ်ကြဉ်မထားမှန်း သိသာသည်။

ထို့ကြောင့်လည်း နိုင်ငံတော်အဆင့်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ်နှင့် ပြည်နယ်အဆင့် ကော်မတီလေးခုကို ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်သည်။ အမျိုးသားအဆင့် ကော်မတီအောက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး၊ အခြေခံအဆောက်အဦ ပြန်လည်နေရာချထားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး၊လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းကော်မတီများကို ထပ်မံဖွဲ့စည်းထားရှိပြန်သည်။

IDPs စခန်းများနှင့် ဖွံ့ဖြိုးရေးဟူသည် ပြဒါးတစ်လမ်းသံတစ်လမ်း

အဓိကမှာ IDPs စခန်းများကို စနစ်တကျ ပြန်လည်ပိတ်သိမ်းလိုရင်း ပင်ဖြစ်သည်။ IDPs စခန်းများကို ပိတ်သိမ်းခြင်းသည် လုံခြုံရေးအရနှင့် ဘဝရှင်သန်မှုအတွက် စိတ်ချရမှုရှိမှသာ၊ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ပြီးဖြစ်မှသာ ပိတ်သိမ်းခြင်းဖြစ်သည်။ အတင်းအကျပ် ပြန်ပို့ခြင်းလည်း မဟုတ်ပါ။ တစ်ဖက်က ငြိမ်းချမ်းရေးကိုရှေးရှုလျက် တည်ငြိမ်ရေးကို အားထည့် ကြိုးပမ်းပြီး တစ်ဖက်က လူမှုစီးပွားဘဝများဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက် ရှိသည်။ IDPs စခန်းများ ကြာရှည်တည်ရှိနေခြင်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားများဖြစ်စေသည်။ အချို့ ပြည်တွင်းငြိမ်းချမ်းမှုမလိုလားသူများက မြန်မာ့တပ်မတော်ကြောင့်ဟု၊ တိုင်းရင်းသားများကို ဖိနှိပ်မှုကြောင့်ဟု အကြောင်းအမျိုးမျိုးပြ၍ IDPs စခန်းများ ပိတ်သိမ်းခြင်းကို ဆန့်ကျင်နေကြသည်။ သို့သော် လက်တွေ့တွင်မူ နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်၏ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များနှင့် တိုင်းရင်းသားဒေသများရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် IDPs စခန်းများ ပိတ်သိမ်းခြင်းနှင့် ဆက်စပ်နေသည်ကို တွေ့ရပြန်သောအခါ ၎င်းတို့၏ စွပ်စွဲချက်များသည် တည်ငြိမ်အေးချမ်းရေးကို ဟန့်တား နှောင့်ယှက်သည့် မလိုတမာ စွပ်စွဲချက်များသာဖြစ်ကြောင်း တွေ့ရှိ ရမည်ဖြစ်သည်။

ကွင်းဆင်းစစ်ဆေးပြီးမှ ဆက်လက်ပိတ်သိမ်းသွားမည့် အခြေအနေ

IDPs/ ယာယီတိုက်ပွဲရှောင်ဟူသည် နောက်ခံသမိုင်း နေရာဒေသပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာပုံခြင်း၊ ရပ်တည်နေထိုင်ပုံချင်း မတူကြ၍ ၎င်းစခန်းများပိတ်သိမ်းမည်ဆိုလျှင် စိစစ်သုံးသပ်၍ အကြံပြုချက်များနှင့်တကွ ပိတ်သိမ်းရန်လိုအပ်သည့်အတွက် IDPs စခန်းများအား ကွင်းဆင်း စစ်ဆေးပြီး တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာ စိစစ်သုံးသပ်သည့် အဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့်အတူ အကြံပြုတင်ပြချက်များကိုပါ အထူးအလေးထားပြီး ဆက်လက်ပိတ်သိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် IDPs စခန်းများ ဖွင့်လှစ်ထားရှိသော ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်များရှိ စုစုပေါင်း IDPs စခန်း ၁၁၀ ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုံလောက်သည့် တွေ့ရှိချက်များနှင့် အပြုသဘော အကြံပြုချက်များရရှိခဲ့ခြင်းက စခန်းများအောင်အောင်မြင်မြင် ပိတ်သိမ်းရေးကို များစွာအထောက်အကူ ဖြစ်စေခဲ့သည်။

IDPs စခန်းများကို ပိတ်သိမ်းရုံနှင့်မပြီး နောက်ဆက်တွဲ ပြန်လည်နေရာချထားရေး၊ အခြေခံ အဆောက်အဦနှင့် စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး၊ ပညာရေး စသည့်အခြေခံ လိုအပ်ချက်များစွာကို ဖြေရှင်းဆောင်ရွက်ပေးရပါဦးမည်။ ပြောင်းရွှေ့စရိတ်၊ အိမ်ဆောက်ပစ္စည်း မှအစ ကယ်ဆယ်ရေးပစ္စည်းများ၊ သင့်တော်သည့် ကာလတစ်ခုအထိ ဆန်ရိက္ခာအပါအဝင် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ရန်၊ အိမ်ထောင်စုများ ပြန်လည်နေရာချထားရန်၊ နေအိမ်အသစ်များ ပြန်လည်ဆောက်လုပ်ရန် မြေနေရာ၊ ရေ၊ မီးရရှိ ရေး၊ သွားရေးလာရေး အဆင်ပြေစေရေး စသည့် လိုအပ်ချက်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေး ဘာသာရေးအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ ထို့ပြင် ၎င်းတို့၏ နေရပ်ပြန်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံအချို့နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအချို့ ကလည်း တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနေသည်ကို မြင်တွေ့ရသည်။

ငြိမ်းချမ်းရေးတရားခံနှင့် IDPs စခန်းများဖြစ်တည်ခြင်း၏အစ မငြိမ်းချမ်းခြင်း

ဤပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၊ ၎င်းတို့နေထိုင်ရာစခန်းများ ဖြစ်တည်ခြင်း၏ ပင်ရင်းအခြေခံသည် မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်းက မူလအစဖြစ်သည်။ သို့ဖြင့် မတည်ငြိမ်၊ မငြိမ်းချမ်းခြင်း၏ အစကိုကောက်ရလျှင် ငြိမ်းချမ်းရေးကိုသစ္စာဖောက်သည့် EAO အချို့ကိုပင် အပြစ်တင်ရပါလိမ့်မည်။ လက်ရှိအခြေအနေတွင် မြွေပူရာကင်းမှောင့်ဆိုသလို NUG , PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ကူညီထောက်ပံ့ပြီး ဆူပူအကြမ်းဖက်မှုနှင့် မငြိမ်သက်မှု သက်ဆိုးရှည်အောင်လုပ်နေကြသည့် အချို့ EAO တို့၏ လုပ်ရပ်မှာ စိတ်မချမ်းမြေ့စရာပင် ဖြစ်တော့သည်။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ထားပြီး စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီ အကြိမ်ကြိမ် ဖိတ်ခေါ်နေသည်မှာ တပ်မတော်ဘက်ကသာ ဖြစ်သည်။ မိမိတို့ မြို့ရွာ၊ တပ်စခန်း၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခံရသည့်အခါ ပြန်လည်တုံ့ပြန်တိုက်ခိုက်သည်မှလွဲ၍ တပ်မတော်ဘက်က စတင်သည့် ထိုးစစ်များမရှိ။ ရှင်းပါသည်၊ ငြိမ်းချမ်းရေး၏ တရားခံမှာ မည်သူနည်း။ တိမ်းရှောင် စခန်းများဖွင့်ထားရခြင်း၊ ပိတ်သိမ်းနိုင်မှု မရှိသေးခြင်း၏ တရားခံမှာ မည်သူနည်း။ တိုင်းရင်းသား အားလုံး လိုချင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသူမှာ မည်သူနည်း။ ဆိုးရွားသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်ကျူးလွန် နေသူများကား မည်သူနည်း။ အထက်ပါကိစ္စရပ်များအပေါ် တာဝန်ယူ တာဝန်ခံမှုများရှိမှသာ ယနေ့ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံကြည် သည့်အတွက် ယနေ့နိုင်ငံတော်ကလည်း လူသားချင်းစာနာထောက်ထားမှု အပြည့်အဝဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်သဖွယ် ခံယူဆောင်ရွက်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ IDPs စခန်းများပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများသည် လူသားချင်းစာနာမှုအခွင့်အရေးအောက်တွင် စိတ်စေတနာကောင်းဖြင့် မည်မျှကြိုးပမ်းဆောင်ရွက် စေကာမူ စိန်ခေါ်မှုများကား ရှိနေမည်သာဖြစ်သည်။ အဓိကကျသည်က တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးပင် ဖြစ်သည်။ တစ်ဖက်ကလည်း တပ်မတော်အနေဖြင့် ရေရှည်ပဋိပက္ခများကင်းဝေးပြီး တည်မြဲသည့် ငြိမ်းချမ်းရေးကိုရရှိအောင် ကြိုးပမ်းဆောင်ရွက်နေရသည်မှာ အားလုံးအသိပင် ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် IDPs နှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုင်းရင်းသားပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်သာမက လူသားတို့၏ ဂုဏ်သိက္ခာ အတွက်ပါ စဉ်းစားဆောင်ရွက်နေရသည်။ အသိပညာပေးမှုများနှင့်အတူ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြရသည်။ အရေးအကြီးဆုံးမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုနည်းနေ၍မရဘဲ အပြန်အလှန်ယုံကြည်မှုရှိရန်နှင့် နားလည်မှုရှိကြရန်သာ အဓိကဖြစ်သည်။ အခြေခံလိုအပ်ချက်များအတွက် အပြန်အလှန်ဖြည့်ဆည်းပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်သာ ဖြစ်သည်။ သို့မှသာ အိမ်ပြန်ချင်၍ အိမ်ပြန်ရောက်သည့် မိသားစုများ အမှီခိုကင်းကင်းဖြင့် ရေရှည်ဘဝအာမခံချက်ကို ရရှိကြမည်ဖြစ်ပြီး မိမိတို့ရပ်ရွာတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို အတူတကွ လက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။ ။

မိုးကေနိုင်

No comments:

Post a Comment