Saturday, May 6, 2023

မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

ကျော်ကျော်လှိုင်(SMART)

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကုန်ဆုံး၍ ၁၃၈၅ ခုနှစ်သို့ ရောက်ရှိပါပြီ။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့သည်။ မင်္ဂလာစကားသည် ၁၃ မိနစ်ခန့်သာကြာမြင့်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူအပေါ်သဘောထား၊ စေတနာ၊ ရှေ့သို့လှမ်းချီသည့်အခါ ဂရုပြုရမည့်အချက်များကိုပြည့်ပြည့်စုံစုံ ပြောကြားခဲ့သည်။ နားထောင်ရသည့် ပြည်သူတစ်ဦးအတွက် အတွေးများစွာရရှိခဲ့သည်။

မင်္ဂလာစကားအစတွင် “ယနေ့ဟာမြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် သို့ကူးပြောင်းရောက်ရှိလာပြီဖြစ်ပြီး နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုပေါင်းများစွာကို ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ခံယူချက်အတိုင်း ပြည်ထောင်စုသားအားလုံး တစ်ဦးကိုတစ်ဦး အားပေးကူညီရိုင်းပင်းပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ လက်ရှိဖြတ်သန်းရမယ့် ၁၃၈၅ ခုနှစ် တစ်နှစ်တာကာလကိုလည်း ယခင်နှစ်ကထက် မလျော့သောညီညွတ်မှု၊ စုစည်းမှုစွမ်းပကားဖြင့် ဖြတ်သန်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ ကျွန်တော်တို့ နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အခက်အခဲနှင့်ကြုံလာတိုင်း၊ နိုင်ငံတကာဖိအားများကို ရင်ဆိုင်ရတိုင်းပြည်တွင်းရှိအင်အားများကိုစုစည်းပြီး အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်စကားကိုမြန်မာပြည်သူ ပြည်သားတိုင်း လက်ခံယုံကြည်ကျင့်သုံးရန် လိုအပ်ပါသည်။

ပုဂ္ဂိုလ်ကိုအားမကိုးနဲ့

ဗုဒ္ဓဘုရားရှင်လက်ထက်က ရှင်သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်ပြုသောအခါ ရှင်အာနန္ဒာက ဘုရားရှင်ကို “ရှင်သာရိပုတ္တရာ မရှိတော့တဲ့အတွက် တရားကိုလည်း တပည့်တော် နှလုံးသွင်းလို့မရပါ။ စိတ်ဆင်းရဲ မှုတွေဖြစ်ရပါတယ်ဘုရား”လို့ လျှောက်သည်။ ထိုအခါဘုရားရှင်က “အာနန္ဒာရှင်သာရိပုတ္တရာ ကွယ်လွန်တဲ့အခါ မင်းဆီက သီလတွေ၊ ပညာတွေ ပါသွားလို့လား”ဟု မေးပါသည်။ ထိုအခါ အာနန္ဒာက “အဲဒီလိုတော့ပါမသွားပါဘုရား။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကပညာရှိတယ်၊ ဆုံးမတတ်တယ်၊ တရားဓမ္မတွေ ဟောတတ်တယ်။ သူဟောပြောမယ့်တရားဓမ္မကို နာရမယ့်အခွင့်အရေး ဆုံးရှုံးသွားလို့ပါ ဘုရား” ဟု လျှောက်သည်။ ထိုအခါဘုရားရှင်က “သင်္ခါရတရားဆိုတာ ဘယ်ဟာမှမမြဲဘူး အာနန္ဒာ။ ပုဂ္ဂိုလ်ကိုအားမကိုးနဲ့။ ပုဂ္ဂိုလ်ကိုအားကိုးရင် ထိုပုဂ္ဂိုလ်က မကြာခင်ဘဲ ပျောက်ဆုံးသွားတတ်တယ်။ ထိုအခါ အားကိုးစရာမရှိတော့ဘူး။ အတ္တာဟိ အတ္တနော နာထော- မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ”ဟု ဟောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည်ဆိုသောခံယူချက်သည် ဘုရားရှင်အဟောနှင့်လည်း ကိုက်ညီပါသည်။ မြန်မာပြည်သူ ပြည်သားများသည် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်အောင်၊ မိမိကိုယ်မိမိ အားကိုးနိုင်အောင် ကြိုးစားရပါမည်။ ပြည်သူတစ်ယောက်ချင်း၏ အရည်အချင်းများမြင့်မားနေလျှင် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသောအချက်သည် ပိုမိုခိုင်မာလာပါမည်။

ပြည်သူတစ်ယောက်ချင်း၏ အရည်အချင်းများမြင့်မားနေရန် ပညာတတ်မြောက်ခြင်းသည် အခြေခံကျပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားတွင် “လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ဖို့ဆိုတာ အသိပညာ၊ အတတ်ပညာ ကြွယ်ဝမှုပေါ်မှာတည်ပါတယ်။ ဒါဟာလူတိုင်းအတွက် “ပညာ”တတ်မြောက်မှု လိုအပ်တယ်ဆိုတာဖော်ပြတာပါ။ ဒါကြောင့် ကျောင်းနေအရွယ်တိုင်း အတန်းပညာမြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှု အကျိုးရလဒ်ကိုရရှိစေပါလိမ့်မယ်။”ဟု ပညာ၏အရေးကြီးမှုကို ထောက်ပြပြောဆိုခဲ့သည်။ (၂၁) ရာစုသည်အသိပညာခေတ်ဖြစ်သည်။ အသိပညာဆင်းရဲခြင်းကင်းဝေးမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါမည်။

အသိပညာဖွံ့ဖြိုးရန် အတန်းပညာကအခြေခံပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံသည် အတန်းပညာ နည်းနေသည်နှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံ လူဦးရေ၏အသက်(၂၅)နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နဲ့ အလယ်တန်းအဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်ပါတယ်။” ဟု ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့်နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် တိုင်းပြည်ကို ပြောကြားသည့်မိန့်ခွန်းတွင် စတင်ပြောကြားခဲ့သည်။ ဒီအချက်ကြောင့်လည်း မြန်မာနိုင်ငံရှိ ပြည်သူတိုင်းအတန်းပညာမြင့်မားရန် နိုင်ငံတော်က ပညာသင်အရွယ်တိုင်း KG+9 အဆင့် အနည်းဆုံးပြီးရန် စီမံကိန်းချဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုတစ်ခုရဲ့အသက်

ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် “မိသားစု တစ်ခုရဲ့အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့ အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးမှီခိုရှင်သန်ရာ ပြည်ထောင်စုရဲ့အရိပ်အာဝါသကို အသက်သဖွယ်မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံ့တိုးတက်မှု အရှိန်အဟုန်ကောင်းတွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့သွားလိုတဲ့ ပန်းတိုင်ကို မဖြစ်မနေရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။

“ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးဟာ မဖြစ်မနေလိုအပ်ပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်တွေရှိနေတဲ့ တိုင်းပြည်တွေဟာ တိုးတက်မှုနှောင့်နှေးနေမှာဖြစ်ပါတယ်။ တိုင်းပြည် နဲ့ ပြည်ထောင်စုအကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မယ်ဆိုရင် ရှေ့သို့ချီမည် ပန်းတိုင်ဆီ Keep Moving Forward to Achieve Our Goal ဆိုတဲ့ အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ မလွဲမသွေဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

“ပြည်ထောင်စုတစ်ခုရဲ့အသက်ဟာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါတယ်” ဆိုသည့်စကားသည် အလွန်မှန်ကန်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား ၁၃၅ မျိုး စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လိုအပ်သည်။ ကိုယ့်အတွက် တိုင်းပြည်က ဘာပေးမလဲဆိုသည်ထက် တိုင်းပြည်အတွက် ကိုယ်ကဘာလုပ်ပေးရမလဲဆိုသည့်စိတ်ဓာတ် ပြည်ထောင်စုသားတိုင်းတွင်ရှိရန် အရေးကြီးသည်။

တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးသည် မဖြစ်မနေလိုအပ်

ဒီမိုကရေစီဖော်ဆောင်ရာတွင် တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးသည် မဖြစ်မနေလိုအပ်ကြောင်းနှင့် အကြမ်းဖက်မှုများနှင့် ပြည့်နေသည့် တိုင်းပြည်များသည် တိုးတက်မှုနှောင့်နှေးကြောင်း ပြောကြားခဲ့သည်။ မှန်ပါသည်။ ဒီမိုကရေစီဖော်ဆောင်ရာတွင် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲသည် အဓိကအခန်းမှပါဝင်သည်။ တိုင်းပြည်ငြိမ်းချမ်းမှုမရှိလျှင် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ကျင်းပရန် စိန်ခေါ်မှုများစွာရှိနေပါမည်။ ဒီမိုကရေစီကိုလိုလားသူတိုင်း တိုင်းပြည်ငြိမ်းချမ်းမှုအတွက် တတ်စွမ်းသရွေ့ အစိုးရကိုကူညီရပါမည်။ အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသည့် တိုင်းပြည်များသည် တိုးတက်မှုနှောင့်နှေးနေမည်ဖြစ်ကြောင်းကိုလည်း နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားတွင် မီးမောင်းထိုးပြခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ထားသော အကြမ်းဖက်မှုအများဆုံး နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ (Afghanistan) က အကြမ်းဖက်မှုအများဆုံးဖြစ်ပြီး နံပတ် ၁ ချိတ်ပါသည်။ နံပတ် ၂ က အာဖရိကမှ ဘူကီနာ ဖာဆို (Bukina Faso) နိုင်ငံဖြစ်ပြီး နံပတ် ၃ မှာ ဆိုမာလီယာ (Somalia) ဖြစ်ကာ နံပတ် ၄ မှာ မာလီ (Mali) ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ လူတစ်ဦးချင်းတစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၂၂ သာရှိပြီး ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံအနက် နံပါတ် ၁၉၁ တွင်ရှိသည်။ ဘူကီနာဖာဆိုနိုင်ငံ၏ လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေ သည် အမေရိကန်ဒေါ်လာ ၈၉၃ သာရှိပြီး ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံအနက် နံပါတ် ၁၇၅ တွင်ရှိသည်။ ဆိုမာလီယာနှင့် မာလီနိုင်ငံတို့၏ လူတစ်ဦးချင်းတစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၄၇ နှင့် ဒေါ်လာ ၈၇၄ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံအနက်နံပါတ် ၁၈၅ နှင့် ၁၇၆ နေရာတွင်ရှိနေသည်။ အထက်ပါအချက်များကိုကြည့်လျှင် အကြမ်း ဖက်မှုများသော နိုင်ငံများတွင် လူတစ်ဦးချင်းဝင်ငွေနည်းနေသည်ကို တွေ့နိုင်သည်။

သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားတွင် သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်ရန်လမ်းညွှန်ပါသည်။ သမာသမတ်ရှိခြင်းဆိုသည်မှာ အဂတိတရားလေးပါးကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားမှုဆိုသည်မှာ အကျင့်စာရိတ္တကောင်းခြင်းထက်ပိုပါသည်။ မှားတာကိုဝန်ခံရန် လိုသလို တာဝန်လည်းယူရပါမည်။ အမှားမလုပ်တာနှင့်လည်း မလုံလောက်ပါ။ လုပ်သင့်လုပ်ထိုက်သည်ကို သဘောရိုးဖြင့် တာဝန်ယူလုပ်ကိုင်ရပါမည်။

ညှိနှိုင်းဆောင်ရွက်မှုဆိုရာဝယ် ဝန်ကြီးဌာနအတွင်းရှိဌာနများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းစသည်ဖြင့် မိမိအဖွဲ့အစည်းကို ဦးစားပေးခြင်းထက် ပန်းတိုင်ကိုရည်ရွယ်ပြီး ညှိနှိုင်းဆောင်ရွက်ရပါမည်။ ကြိုးပမ်းအားထုတ်ရာတွင် ရလဒ်ကောင်းများရအောင် ကြိုးပမ်းအားထုတ်ရပါမည်။ သို့မှသာ ရှေ့သို့ချီမည်ပန်းတိုင်ဆီဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးရေးသည် မလွဲမသွေရောက်ရှိပါမည်။

နိုင်ငံတော်အကြီးအကဲက ပြည်သူများ၏ ကျန်းမာရေးနှင့်ဆက်စပ်ပြီး “အနာဂတ်ကာလမှာ နိုင်ငံသားတိုင်း ကျန်းမာရေးအရဘေးကင်းလုံခြုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်စေရေးနဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထကောင်းတွေ ဖန်တီးပေးနိုင်ဖို့ ရေရှည်ရည်မှန်းချက်အနေနဲ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိတယ်။ ကျွန်တော်တို့နိုင်ငံသားတွေကျန်းမာပြီး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးဟာ အရေးကြီးပါတယ်။” ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်သူများ၏ ကျန်းမာရေးကို အလွန်အရေးထားပါသည်။ ကိုဗစ်ကာလကလည်း “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဆိုသည့် လမ်းညွှန်ချက်ကြောင့် ဒယ်လ်တာလှိုင်း ကိုဗစ်ကိုအောင်နိုင်ခဲ့သည်။ နိုင်ငံတော်က ပြည်သူများ ကျန်းမာရေးကောင်းစေရန် ရေရှည်ရည်မှန်းချက်ထားကာ ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် ပြည်သူများ ကလည်း မိမိကျန်းမာရေးအတွက် အစားအသောက်အနေအထိုင်ကို သတိပြုရပါမည်။ ကျန်းမာရေးသည် အစားအသောက်အပေါ်တွင် များစွာမူတည်သည်။ မြန်မာလူမျိုးတို့သည် ဆန်၊ ဆီ၊ အငန်၊ အချို စားသုံးမှု လွန်ကဲကြသည်။ အမူအကျင့်များပြောင်းရပါမည်။ အစာကိုဆေးလိုစားရပါမည်။ အစာကို ဆေးလိုမစားခဲ့လျှင် တစ်နေ့ကျဆေးကို အစာလိုစားရပါလိမ့်မည်။

စားရေရိက္ခာဖူလုံမှ ပြည်သူများကျန်းမာပြီး အသက်ရှင်ရပ်တည် နိုင်မည်ဟုဆိုသည်။ စားရေရိက္ခာဖူလုံရန် နိုင်ငံတိုင်းကြိုးပမ်းနေကြသည်။ စားရေရိက္ခာနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင် သတိထားရမည့် အခြေအနေရှိကြောင်းကို ကုလသမဂ္ဂကလည်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသည် ဆန်အများဆုံး စားသုံးသောနိုင်ငံဖြစ်ပြီး ဆန်ဖူလုံမှုရှိသည့်အပြင် နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနိုင်သည်။ ဆန်ဖူလုံ မှုရှိသလို စားသုံးဆီလည်း ပြည်တွင်းဖူလုံရန်ကြိုးပမ်းရမည်။ ဆီစားသုံးမှုကိုလျှော့ချခြင်း၊ ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ပါလျှင် စားသုံးဆီများကို နိုင်ငံခြားမှတင်သွင်းခြင်းကို လျှော့ချနိုင်မည်။

အပေါင်းသုံးရာခိုင်နှုန်းနီးပါး တိုးတက်

စီးပွားရေးနှင့်ပတ်သက်ပြီး “ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းများ ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာကျွန်တော်တို့ ပြည်တွင်းအားတွေစုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတွေကြောင့် လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနုတ် လက္ခဏာမှ အပေါင်းသုံးရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်။ စီးပွားရေးမြှင့်တင်မှုတွေ ဆောင်ရွက်ရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အားပေးခြင်းဟာနိုင်ငံ့စီးပွားရေးမြှင့်တင်ခြင်းကိုအားပေးခြင်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ထုတ်ကုန်တွေကို ပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေထက် စီးပွားရေးတိုးတက်မှု အားပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

အထက်ပါပြောကြားချက်တွင် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန်နှင့် MSME လုပ်ငန်းများကို အားပေးရန် ညွှန်ကြားထား သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် ဥပဒေနှင့်စည်းကမ်းများကို လိုက်နာခြင်း၊ ကျင့်ဝတ်များကို လိုက်နာခြင်း၊ အဂတိတရားလေးပါးကိုရှောင်ရှားခြင်းနှင့် လူ့အဖွဲ့အစည်းအတွက် အတ္တ၊ ပရ မျှတစွာဆောင်ရွက်မှသာ ခိုင်မာသည့်စီးပွားရေးလုပ်ငန်းများ ဖြစ်လာမည်။ ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကလည်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များကို အားပေးကူညီညှိနှိုင်းဆောင်ရွက်စေလိုသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားသည် မင်္ဂလာစကားထက် ပိုပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်အတွက် လမ်းညွှန်မှုဟုဆိုနိုင်ပါသည်။ ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူအသီးသီးက မိန့်ခွန်းပါအချက်များကို ဖတ်ရှုနားလည်ပြီး လေးစားလိုက်နာဆောင်ရွက်ကျင့်ကြံအားထုတ်ကြပါလျှင် ရှေ့သို့ချီမည်ပန်းတိုင်ဆီဆိုသည့်အတိုင်း မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာပြီး နိုင်ငံဖွံ့ဖြိုးရေးသည် မလွဲမသွေရောက်ရှိပါမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment