Monday, May 15, 2023

မိုးကြိုကာလ မိုးကြိုးအန္တရာယ်ကာကွယ်ရန် နည်းလမ်းကောင်းများ

 


တင်ထက်ထက်ဇော်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူနှင့် ကျွဲ၊ နွား သေဆုံးမှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းလည်း သေဆုံးမှုများရှိခဲ့သည်။

မိမိတို့နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူသေဆုံးမှုများရှိနေပြီး အများစုမှာ လယ်ယာ လုပ်ငန်းခွင်လုပ်ကိုင်ကြသည့် ကျေးလက်ပြည်သူများဖြစ်သည့်အလျောက် ယခုကဲ့သို့ မိုးကြိုကာလ နှင့်မိုးနှောင်းကာလတို့တွင် မိုးကြိုးအန္တရာယ်ကို သတိပြုကြရတော့မည်ဖြစ်သည်။ မိုးကြိုးအန္တရာယ်ကို မိုးကြိုကာလ၊ မိုးတွင်းကာလနှင့် ရုတ်တရက် ရာသီဥတုဖောက်ပြန်သည့်အချိန်တို့တွင် သတိပြုကြရန် ပညာရှင်တို့က သတိပေးထားသည်။ မြန်မာနိုင်ငံတွင် မိုးကြိုးအများဆုံးပစ်သည့်အချိန်သည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလ၊ မိုးနှောင်း ကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့တွင်ဖြစ်ပြီး တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှ စ၍ ညနေ ၆ နာရီခန့်အတွင်း မိုးကြိုးအပစ်များသည် ဟုလည်း ဆိုသည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံတစ်ဝန်းလွန်ခဲ့သော သုံးနှစ်မှစ၍ မိုးကြိုကာလများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် လေပြင်းအန္တရာယ်များကို သိသိသာသာဆက်တိုက်ကြုံလာရသည်။ ဘုရားစေတီတော်များမြေခခြင်း၊ နေအိမ်အဆောက် အအုံများ ပျက်စီးဆုံးရှုံးခြင်း၊ လူနှင့်တိရစ္ဆာန်များ မိုးကြိုးထိမှန်သေဆုံးခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် မိုးကြိုကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသောတိရစ္တာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ကျေးရွာဒေသများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်။

ကမ္ဘာ့အိုဇုန်းလွှာ တစ်စတစ်စယိုယွင်းလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ်ပိုမို၍ နွေရာသီအပူချိန် စံချိန်မြင့်တက်လာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ မိုးကြိုကာလတွင် မိုးတိမ်တောင်များကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်း စသည့်သဘာဝဘေးအန္တရာယ် ၁၀ မျိုးဖြစ်ပေါ်တတ်သည်။ နှစ်စဉ်နှစ်တိုင်း မိုးကြိုကာလများတွင်လည်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ဝင်ရောက်လေ့ရှိကာ ဒေသအလိုက် လေထုမတည်မငြိမ်ဖြစ်ပြီး မိုးတိမ်တောင် အန္တရာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်လျက်ရှိသည်။

မိုးကြိုးပစ်ခြင်းဖြစ်ပေါ်လာပုံ

တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်စက္ကန့်လျှင် မိုးကြိုးအကြိမ်တစ်ရာနီးပါး ပစ်ခတ်နေကြောင်း သိရသည်။ မိုးကြိုးဆိုသည်မှာ မိုးတိမ်တောင်များမှပါလာသော ရေမှုန်ရေမွှားများသည် ကမ္ဘာ့လေထုအတွင်း ပွတ်တိုက်ခြင်းကြောင့် လျှပ်စီးကြောင်းများဖြစ်လာပြီး လျှပ်စီးကြောင်း လျှပ်ကူးသောအခါ “မိုးကြိုးပစ်ခြင်း” ဖြစ်ပေါ်လာသည်။ တိမ်တိုက်အချင်းချင်း လျှပ်စီးကူးခြင်းဖြစ်သလို တိမ်တိုက်နှင့် မြေပြင်မှအရာဝတ္ထုများနှင့် ကမ္ဘာ မြေကြီးအကြား လျှပ်စီးကူးတတ်သဖြင့် တစ်ခါတစ်ရံ မိုးကြိုးပစ်ခြင်းဖြစ်ပေါ်လာရသည်။

လျှပ်စီးကြောင်းကြီးများ ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်သောဖြစ်စဉ်များတွင် လျှပ်စစ်ဓာတ်အားသည် ဗို့အားသန်း ၁၀၀ အထိရှိသည်။ မိမိတို့နေအိမ်တွင် ချက်ပြုတ်သောအိုးများမှာ အများဆုံး ဗို့အား ၁၂၀၀ သာရှိသည်။ ထိုကဲ့သို့ သန်းနှင့်ချီသော ဗို့အားနှင့် ထိတွေ့လိုက်သောအခါ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ မီးလောင်တိုက်သွင်းခံလိုက်ရသလိုဖြစ်ပြီး လျှပ်စစ်စက်ကွင်းထဲသို့ ရောက်မိသော သစ်ပင်အပါအဝင် အရာဝတ္ထုများမှာ ထက်ပိုင်းကျိုးကာ မီးသင့်ခြင်းကိုဖြစ်ပေါ်စေသည်။ သက်ရှိသတ္တဝါများတွင် အသက်သေဆုံးသည်အထိ ဖြစ်ရသည်။ ဗို့အား သန်း ၁၀၀ ရှိသော လျှပ်စီးကြောင်းသည် လေထုကို အပူဓာတ်စုစုပေါင်း သုံးသိန်းကျော် ဒီဂရီစင်တီဂရိတ်အထိ ဖြစ်လာစေသည်။ ထိုဖြစ်စဉ်ကြောင့် ပြင်းထန်သော မိုးခြိမ်းသံကြီးနှင့်အတူ တောက်ပသော လျှပ်စီးကြောင်းများကို မြင်ကြရသည်။ မိုးတိမ်တောင်အဖြစ်များသော မိုးဦးကျနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင် မိုးကြိုးအများဆုံး ဖြစ်လေ့ရှိသည်။

မိုးကြိုးအန္တရာယ် သတိရှိစေလို

မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိသည်။ အန္တရာယ်မှရှောင်ရှားနိုင်ရန်အတွက် လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်းများဖြစ်ပေါ်ပါက အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း အထူးဂရုပြုလိုက်နာသင့်သည်။

လျှပ်စီးလက်မှုဖြစ်ပွားစဉ် ရေသုံးစွဲခြင်း၊ ရေချိုး ခြင်းမပြုလုပ်ပါနှင့်၊ သတ္တုနှင့် ဆက်စပ်ပစ္စည်းများတွင် လျှပ်စီးဝင်နိုင်သည်ကို သတိပြုပါ။

သံနှင့်ပြုလုပ်ထားသော အရာဝတ္ထုများနှင့်ဝေးဝေးနေပါ။

အဆောက်အအုံများ၏ အလယ်တွင်သာနေပါ။ ရေပိုက်များနှင့် ရေဆေးခွက်များအနီးတွင် မနေပါနှင့်။ (မိုးကြိုးလျှပ်စီးမှတစ်ဆင့် ဓာတ်လိုက်တတ်သည်)

မိုးသက်လေပြင်းက မှန်များကို ရိုက်ခတ်ပျက်စီးစေနိုင်သဖြင့် မှန်ပြတင်းပေါက်၊ မှန်တံခါးများနှင့် ဝေးဝေးတွင်နေပါ။

တယ်လီဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်၍ ဖုန်းမသုံးပါနှင့်။

လေထုမတည်မငြိမ်ဖြစ်လာပါက လျှပ်စီးကူးနိုင်သောပစ္စည်းများနှင့် ဝေးရာတွင်နေထိုင်ပါ။ (ဥပမာ ဟန်းဖုန်း၊ တီဗွီ၊ ရေဒီယို၊ ကွန်ပျူတာ၊ ကြည့်မှန်၊ ကက်ဆက်၊ ပန်းကန်ဆေးစက်၊အဝတ်အခြောက်ခံစက်၊ စက်ယန္တရားများ)

တီဗွီ၊ ရေဒီယို၊ အဝတ်လျှော်စက်၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖိုနှင့် ကွန်ပျူတာ စသည်ဖြင့် လျှပ်စစ်နှင့်ဆိုင်သောပစ္စည်းများကို ပလတ်ဖြုတ်ထားပါ။

ပြတင်းပေါက်များ၊ တံခါးပေါက်များ၊ ဆင်ဝင်များ အနီးနေထိုင်ခြင်း၊ ကွန်ကရစ်ခင်းများပေါ်တွင် လဲလျောင်းခြင်းတို့ကို ရှောင်ပါ။

မိုးကြိုးအပစ်ရပ်ပြီးနောက် နာရီဝက်ကျော်ကြာမှ အိမ်အပြင်သို့ထွက်ပါ။

မီးပျက်သွားသောအခါ ဓာတ်မီး သို့မဟုတ် အရေးပေါ်မီးများကိုသာ အသုံးပြုပါ။

လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန် အချက်များ

မိုးကြိုးပစ်ပြီး နာရီဝက်ခန့်အကြာ ဘေးကင်းလုံခြုံမှသာ အပြင်ထွက်ပါ။

မိုးကြိုးပစ်ခံရသော သစ်ပင်များမီးလောင်ခြင်းမှ နေအိမ်များသို့ ကူးစက်နိုင်သဖြင့် သတိထား ကြည့်ရှုနေထိုင်ပါ။

လျှပ်စစ်မီးကြိုးများပြတ်တောက်ခြင်းကို သတိထားရှောင်ရှားပါ။ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ပါ။ ဘေးပတ်ဝန်းကျင်ကိုလည်း သတိပေးပါ။

မိုးကြိုးစက်ကွင်းထိထားသော လူနာများအား အမြန်ဆုံးဆေးအကူအညီရရှိရေး ဆောင်ရွက်ပါ။

ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို အထူးဂရုပြုကူညီပါ။

တိရစ္ဆာန်များကပြောပြသော မိုးလေဝသ

မြန်မာမှုတွင် “မိုးဖြူမစဲ၊ မိုးမည်းမရွာ” ဟု ဆိုရိုးရှိသလို “မိုးစနေ လေရာဟု”ဟုလည်း ဆိုစမှတ် ပြုကြသည်။ အနောက်တောင်ထောင့်က မိုးတိမ်တက်လာပါက မိုးရွာမည်၊ မိုးသည်းမည်။ အနောက်မြောက်ထောင့်က လေဆင်လာလျှင် လေကျမည်၊ လေပြင်းထန်မည် စသော ဆိုရိုးစကားများရှိသည်။ ရှေးယခင်က မိုးလေဝသ အထူးပညာရှင်များသည်လည်း မျက်မှောက်ကာလကဲ့သို့ မတိုးတက်မဖွံ့ဖြိုးသေးသဖြင့် တိရစ္တာန်လေးများ၏ အပြုအမူအနေအထိုင်ကိုကြည့်၍ လူသားတို့က မိုးလေဝသအခြေအနေကို တွက်ချက်ခန့်မှန်းကြရသည်။ တိရစ္ဆာန်များစောစောအိပ်တန်းတက်လျှင် မကြာခင်လေပြင်းတိုက်ခတ်မည်။ ကျီးကန်းများ အသိုက်ကို သစ်ပင်ဆုံခွတွင် ဆောက်ထားခြင်း၊ အသိုက်အုံထူထူထဲထဲဆောက်ထားခြင်းက ထိုနှစ်တွင် လေပြင်းမုန်တိုင်းကျပြီး မိုးကြီးနိုင်သည်။ ငှက်များသစ်ပင်ကိုင်းဖျားတွင် အသိုက်လုပ်နေပါက လေပြင်းအန္တရာယ်အတွက် စိုးရိမ်စရာမလိုအပ်ပေ။ ပုရွက်ဆိတ်များ အုပ်စုလိုက်အမြင့်သို့ပြောင်းရွှေ့ နေခြင်း၊ အစာသယ်နေခြင်းက မိုးကြီး၊ ရေကြီးသည့် နှစ်ဖြစ်ပြီး ငလျင်အန္တရာယ်လည်း စိုးရိမ်ရသောနှစ်ဖြစ်သည်။ ပုရွက်ဆိတ်များ ရေအိုးအောက်ဝင်လျှင် မိုးခေါင်တတ်သည်။ ရေထည့်ထားသော စဉ့်အိုး၊ ရေတိုင်ကီများအောက်မှ ဖားများအော်နေလျှင်၊ ပုစဉ်းရင်ကွဲများ အဆက်မပြတ်အော်နေလျှင်၊ ပျံလွှားငှက်များ ခပ်နိမ့်နိမ့်ပျံနေလျှင်၊ ညဘက်တောက်တဲ့များ မနားတမ်းအော်နေလျှင် တစ်ရက်နှစ်ရွက်အတွင်း မိုးရွာတော့မည့်နိမိတ်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မိုးလေဝသဆိုင်ရာ ဘေးအမျိုးမျိုးရှိကြသည့်အနက် မိုးကြိုးဘေးကနေရာမရွေး၊ အချိန်အခါမရွေးဖြစ်တတ်ပြီး မိုးကြိုးဘေးကို ကြိုတင်မသိနိုင်သည့်အတွက် မိုးခြိမ်းသံကြားလျှင် မိမိနှင့် ပတ်ဝန်းကျင်၌ မိုးကြိုးအန္တရာယ်ရှိနိုင်ကြောင်း သတိထားကြရန်လိုသည်။ အထူးသတိပြုရန်မှာ မွန်းလွဲပိုင်းနှင့်ညနေပိုင်းများတွင် မိုးတိမ်တောင်ဖြစ်စဉ် ပို၍အဖြစ်များတတ်သဖြင့် ၎င်းအချိန်များတွင် သတိနှင့် နေထိုင်သွားလာသင့်ပါသည်။ ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်ထုတ်ပြန်လျက်ရှိသော မိုးလေဝသသတင်းများကို ဂရုစိုက်နားထောင်ပေးကြရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ရေးသားအကြံပြုလိုက်ရပါသည်။          

No comments:

Post a Comment