- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာ စံတော်ချိန် (၁၅ : ၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)” သည် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင် - အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” အဖြစ်သို့ ရောက်ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ၁၄-၅-၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန်မှန်း ရပါသည်။
- မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်
မိုင် ၉၀ မှ ၁၁၀ ခန့်အထိ တိုက်ခတ်ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟု ခန့်မှန်းရသည်။
- မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေချိန် လေတိုက်နှုန်း တစ်နာရီလျှင်
မိုင် ၉၀ မှ မိုင် ၁၁၀ အတွင်းတိုက်ခတ်ပါက မုန်တိုင်းဒီရေအမြင့် မှာ ၉ ပေ မှ ၁၆ ပေ
ခန့်အတွင်း ရှိနိုင်ကြောင်း ခန့်မှန်းရသည်။ သို့ဖြစ်၍ ၁၆ ပေ
အောက်နိမ့်သောနေရာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း
Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့
ရွှေ့ပြောင်းနိုင်ရေး ကြိုတင်စီမံထားရန်နှင့် မရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရေသုံး
ပစ္စည်းများအား ရွှေ့ပြောင်းအခြေပြုမည့်နေရာသို့ ကြိုတင်ပို့ဆောင်ထားခြင်းဖြင့် အန္တရာယ်
ကျရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့်
ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အကြံပြုသတိပေး နှိုးဆော်အပ်ပါသည်။
- မုန်တိုင်းတိုက်ခတ်ရာ ခန့်မှန်းလမ်းကြောင်းတွင် တည်ရှိနေသည့်
စစ်တွေမြို့နှင့် မောင်တောမြို့ အနီးတစ်ဝိုက်ဒေသများသည် မုန်တိုင်းဒီရေတက်ရောက်ပါက
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး ခန့်မှန်းတွက်ချက်မှုများအရ
နတ်မြစ်ကြောင်းတစ်လျှောက် မြစ်ဝမှ တောင်ပြိုလက်ဝဲမြို့အထိ အရှေ့ဘက်ကမ်းဒေသများ၊ မေယု
မြစ်ကြောင်းတစ်လျှောက် မေယုမြစ်ဝမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ မြစ်ကြောင်းဝဲ/ယာဒေသများ၌
မုန်တိုင်းဒီရေ သက်ရောက်မှုများရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
- ထို့အပြင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက
မောင်တောမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ စစ်တွေမြို့၊
ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ဖရုံကာကျွန်း အရှေ့ဘက်ခြမ်း၊
မင်းပြားမြို့၊ မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့၊ ကျောက်ဖြူမြို့နှင့်
မာန်အောင်မြို့ ပတ်ဝန်းကျင်ဒေသများအနေဖြင့် မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေနှင့်
ဆက်စပ်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
ခန့်မှန်းတွေ့ရှိရသည်။
- အလားတူပင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက
သံတွဲမြို့၊ သဗြုချိုင်၊ မောင်ရွှေလေးချိုင်နှင့် ငပလီကမ်းခြေဒေသများ၊ ဂွမြို့အနီးပတ်ဝန်းကျင်ရှိ
အလယ်ချောင်၊ ရေတွင်းတူး၊ ရဟင်ဖျားနှင့် ကင်းလျှာရှည်နေရာများ၌ ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရသည်။
- သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေသက်ရောက်နိုင်သည့် အထက်ပါမြို့၊
ရွာများတွင် နေထိုင်ကြသူများ အနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ (သို့မဟုတ်)
ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်
ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။
- မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုနှုန်းများသည်
အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုများရှိနိုင်ပါသဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက်
အချိန်နှင့်တစ်ပြေးညီ ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။
မိုး/ဇလ
No comments:
Post a Comment