Wednesday, May 17, 2023

ညီညွတ်မှုဖြင့် ဖြောင့်ဖြူးသော လမ်းလျှောက်လှမ်း

 



အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှ စစ်တွေမြို့အနီး ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မေလ ၁၅ ရက်နေ့တွင် ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားကာ ဗန်းမော်မြို့အနီး တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီဖြစ်သည်။ အလွန့်အလွန်အားကောင်းသော အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် စစ်တွေမြို့အနီးမှ ဖြတ်ကျော်တိုက်ခတ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့ကိုသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက် သောဒေသများအဖြစ် ကြေညာလိုက်သည်။ အဆိုပါဒေသများတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရောက်ရှိစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

မုန်တိုင်းကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းမကျရောက်မီ ကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့များတွင် သဘာဝဘေးဒဏ်ခိုလှုံရာ ရှက်တာများသို့ ဒေသခံပြည်သူ ၂၃၇၀၀ ကို ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။ အခြားဘေးလွတ်ရာဒေသများသို့လည်း ဒေသခံ ပြည်သူ ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။ အလားတူ IDP စခန်းများတွင် ရောက်ရှိနေသူများအနက် ၆၂၃၁၉ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ထိုသို့အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့သောကြောင့် လူထိခိုက်သေဆုံးမှုများ သိသာစွာနည်းပါးသွားခဲ့သည်။

မုန်တိုင်းစတင်ဝင်ရောက်သည့် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် တစ်နာရီ လေတိုက်နှုန်းမှာ မိုင် ၆၀ ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ တစ်နာရီ လေတိုက်နှုန်းမှာ မိုင် ၁၂၀ အထိရှိပြီးနောက် အပြင်းထန်ဆုံးလေတိုက်ခတ်နှုန်းအထိ ရောက်လာခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံးအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ အမိုးလန် ပျက်စီးခြင်းနှင့်ပြိုကျပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့်တာဝါတိုင်နှင့် ဆက်သွယ်ရေး တာဝါတိုင်အချို့ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် သေဆုံးသူနှစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးရှိကြောင်း ကနဦးသတင်းများအရသိရသည်။ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် နိုင်သောကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း ပြည်သူများ သေဆုံးထိခိုက်မှုများကို သိသာစွာ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး လုပ်ငန်းကော်မတီများအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မုန်တိုင်းဝင်ရောက်နိုင်သည်ကို သိလျှင်သိချင်း သတိပေးချက်များကို ချက်ချင်းထုတ်ပြန်ခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ယခုကဲ့သို့ အင်အားအလွန့်အလွန် ပြင်းထန်သော မုန်တိုင်းကျရောက်ချိန်တွင် လူအများ ထိခိုက်သေဆုံးမှုများကိုများစွာ ရှောင်ရှားနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကောက်ယူရရှိသော သတင်းအချက်အလက်များအရ နိုင်ငံအတွင်း သေဆုံးသူငါးဦးသာရှိကြောင်း သိရသည်။

ကြိုတင်ပြင်ဆင်မှု၊ စနစ်တကျစီမံခန့်ခွဲမှု၊ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုများ အကောင်းဆုံးဆောင်ရွက်နိုင်မှုတို့ကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် အလွန်ပြင်းထန်သည့်မုန်တိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြသည်။ အဆိုပါလှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သည့် တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းပြည်အတွက်ဆောင်ရွက်ချိန်တွင် အရေးကြီးမှသွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှ လိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့တိုင်းပြည် သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment