ဆုလတ်မေမေ
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လ၏ သာယာပုံအစုံစုံကို ရှေးစာဆိုကြီးများက စာပန်းချီအမျိုးမျိုး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ယင်းတို့အနက် “တစ်ပုံတစ်ခန်း၊ ကဆုန်ဆန်းဖို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့် ပုဏ္ဏားတာရာ၊ ကြယ်ဝိသာလည်း၊ အာကာမြင့်ခေါင်၊ ကွန်ရွှန်းငယ်ပြောင်သည်၊ တိမ်မှောင်ကြွေလို့ လင်းတော့တယ်” ဟု စာဆိုဦးကြင်ဥက ရာသီဖွဲ့ကိုဖော်ကျူးခဲ့သည်။
တန်ခူးလသည် ပူသကဲ့သို့ ကဆုန်လသည်လည်း ပူသောကြောင့် တန်ခူး ကဆုန်သည် ဆွေ့ဆွေ့ ခုန်အောင် ပူပေသည်။ ပုရစ်ဖူး၊
ပုရစ်ငုံလေးများသည် အစီအရီအညီအညာ၊ ကြွကြွရွရွ၊ လှလှပပဖြင့် လောက၏အလှတန်ဆာကို ဆင်နေသည်။
ကဆုန်လသည် နွေလဖြစ်သည့်အားလျော်စွာ ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့ ရေခန်းရေပြတ်သည့်လဖြစ်သည်။
ပုဂံခေတ် ကျောက်စာများတွင် ကဆုန်လကို ကုဆန်ဟု အရေးများသည်။ ကုဆုန်မှ ကဆုန်သို့ ရွေ့လျားလာ
ခြင်းဖြစ်ပြီး ကုသည် ရေ၊ ဆုန်သည် သွန်းလောင်းခြင်းဖြစ်၍ ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟု
အနက်ကောက်ယူ၍ရသည်။
ညောင်ရေသွန်းပွဲတော်ကျင်းပပုံ
ကဆုန်လသည် ခြောက်သွေ့သောလဖြစ်သည့်အလျောက် တောင်သူဦးကြီးများ အလုပ်အားကြ
သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ စည်ကားစွာကျင်းပကြသည်။ ကဆုန်လပြည့်နေ့မရောက်မီ
တစ်ရက်အလိုတွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို ထုံးသုတ်ကြသည်။ အမှိုက်သရိုက်များ
ရှင်းလင်းထားကြသည်။ ဗောဓိပင်အား ညောင်ရေ သွန်းလောင်းခြင်းသည် မြတ်စွာဘုရားဟောကြားတော်မူသည့်
သံဝေဇနိယလေးဌာနနှင့် သက်ဆိုင်သည်။
သံဝေဇနိယလေးဌာနမှာ ရှင်တော်မြတ်ဘုရားဖွားမြင်ရာဖြစ်သော လုမ္ဗိနီဥယျာဉ်၊
ဘုရားအဖြစ်သို့ ရောက်တော်မူသော မဟာဗောဓိညောင်ပင်၊ ဓမ္မစကြာတရားဦးဟောကြားတော်မူသော မိဂဒါဝုန်တောနှင့်
ပရိနိဗ္ဗာန်ပြုသော ကုသိနာရုံတို့ ဖြစ်သည်။ ထိုလေးဌာနသည် သဒ္ဓါရွှင်ကြည် ဖူးမြော်ထိုက်သော၊
သံဝေဂရစေနိုင်သော ဌာနများဟု မြတ်စွာဘုရားက ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားချက်ကိုနာယူလျက်
ကဆုန်လ ရေခန်း ရေခြောက်ချိန်တွင် ဘုရားပွင့်တော်မူရာ ဗောဓိပင်အား ကြည်ညိုသဒ္ဓါပွားများမှုကို
ဦးတည်လျက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ရှေးယခင် ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင် မဟာဗောဓိညောင်ပင်ကို
ရေသွန်းလောင်း ကြသည့် ယဉ်ကျေးမှုဓလေ့သည် တည်ရှိခဲ့သည်။ ဘုရားရှင်ရှိတော်မူစဉ်က ပသေနဒီကောသလ
မင်းကြီးသည် အာနန္ဒာဗောဓိပင်ကို အမွှေးနံ့သာရည်တို့ဖြင့် သွန်းလောင်းပူဇော်ခဲ့သည်။
သာသနာ သက္ကရာဇ် ၂၃၆ ခုနှစ်တွင်လည်း သီရိဓမ္မာသောကမင်းကြီးသည် ဒက္ခိဏသာခါ မဟာဗောဓိပင်ကို
အနောဝတတ်ရေစင်ဖြင့် အကြိမ်ကြိမ်သွန်းလောင်းခဲ့သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည်
ရှေးမြန်မာမင်းများလက်ထက်ကပင် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြသည့် ကိုယ်ပိုင်ဓလေ့ ကိုယ်ပိုင်
ပွဲတော်ဖြစ်ပြီး ယနေ့ထိတိုင် ဆင်ယင်ကျင်းပလာခဲ့သည်။
မြန်မာတို့၏ ပွဲတော်စစ်စစ်
ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းသည်
မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့အစဉ်အလာ၊ မြန်မာနည်းမြန်မာ့ ဟန်ပွဲတော်တစ်ခုဟု ဆိုနိုင်သည်။
မြန်မာ့ပွဲတော် စစ်စစ်ဟု မှတ်ယူရမည်ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ရေအိုးကိုယ်စီရွက်၍လည်းကောင်း၊
တချို့မှာ ဆိုင်းထမ်းများထမ်း၍လည်းကောင်း ဗောဓိညောင်ပင်ရှိရာသို့သွား၍ ရေစင်သွန်းလောင်းကြ
သည်မှာ ယဉ်ကျေးသိမ်မွေ့ ကျက်သရေပြည့်ဝလှသော မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့အသွင် သဏ္ဌာန်ပင်ဖြစ်သည်။
မြန်မာတို့သည် မဟာဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် ထည့်သွင်းသတ်မှတ်ပူဇော်
ကြသည်။ မြတ်စွာဘုရားပွင့်တော်မူရာ မြင့်မြတ်သောသစ်ပင်အဖြစ် အလေးအမြတ်ထားခြင်း ဖြစ်သည်။
ညောင်ရေသွန်းလောင်းခြင်းသည် ပရိဘောဂစေတီအား ရေသပ္ပာယ်ခြင်း၊ ဗုဒ္ဓမြတ်စွာ ဘုရားအား
ရည်စူးပူဇော်ခြင်းပင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် အစောဆုံးဗောဓိညောင်ပင်ကို အေဒီ ၁၀၄၄
ခုနှစ်တွင် နန်းတက်သော အနော်ရထာမင်းမြတ်က စိုက်ပျိုးသည်။ မထေရ်မြတ်ရှင် အရဟံ နှင့်အတူ
ပင်းယမြို့သို့သွားရောက်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားခြင်း အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဗောဓိညောင်ပင်စိုက်ပျိုးသောဓလေ့မှာ မျက်မှောက်ခေတ်အထိ
ဆက်လက်ရှင်သန် ဆဲဖြစ်သည်။ ရွှေတိဂုံစေတီတော် အနောက်မြောက်ထောင့်တွင်ရှိသော ဗောဓိညောင်ပင်ကို
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယင်းဗောဓိပင်တစ်ဝိုက်တွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ၁၉၀၅ ခုနှစ်ခန့်က
စိုက်ပျိုးခဲ့သော ဗောဓိပင်ရှိသည်။ ထိုညောင်ပင်ကို ဗောဓိညောင်ပင်ဟုခေါ်ဝေါ်ပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း
ညောင်ရေသွန်းလောင်းကြသည်။ ကမ္ဘာအေး သီရိလင်္ကာဗောဓိပင်၊ မဟာဝိဇယစေတီနှင့် ရွှေတိဂုံ
ကုန်းတော်ရှိ လွတ်လပ်ရေးဗောဓိပင်တို့မှာ ထင်ရှားသည့်ဗောဓိပင်များဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသ
ကြီး မုံရွာမြို့အနီးတွင် ဗောဓိပင်ပျိုး ၁၀၀၀ စိုက်ပျိုးရာမှ ထိုနေရာအား ဗောဓိတစ်ထောင်ဟု
ယနေ့အထိ အမည်တွင် ထင်ရှားကျော်ကြားလျက်ရှိသည်။ ကဆုန်လပြည့်နေ့၊ ညောင်ရေသွန်းလောင်းခြင်းသည်
အပါယ်တံခါးပိတ်သည်ဟု အယူအဆရှိပြီး ညောင်ကိုင်းကို ဝါးလုံးနှင့်ညောင်ထောက်ပါက အသက်ရှည်သည်ဟု
အယူအဆရှိကြသည်။
ဗုဒ္ဓသာသနာတော်နှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့
ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နှစ်သစ်မင်္ဂလာအခါတော်နေ့၊
ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓအခါတော်နေ့၊ နယုန်လပြည့်နေ့တွင် မဟာသမယအခါတော်နေ့၊ ဝါဆိုလပြည့်နေ့တွင်
ဓမ္မစကြာအခါတော်နေ့၊ ဝါခေါင်လပြည့်နေ့တွင် မေတ္တာအခါတော်နေ့၊ တော်သလင်းလပြည့်နေ့တွင်
ဂရုဓမ္မအခါတော်နေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလ အခါတော်နေ့၊ နတ်တော် လပြည့်နေ့တွင် ဓမ္မစာဆိုတော်များနေ့၊ ပြာသိုလပြည့်နေ့တွင်
ရှင်တစ်ထောင် အခါတော်နေ့၊ တပို့တွဲလပြည့်နေ့တွင် ဩဝါဒပါတိမောက် အခါတော်နေ့နှင့် တပေါင်းလပြည့်နေ့တွင်
မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင် အခါတော်နေ့တို့ကို ဘာသာရေးအထိမ်းအမှတ်နေ့များအဖြစ် ရှေးယခင်ကာလမှ
ယနေ့အထိ အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။
အလားတူ ရှေးအခါ ဘိုးဘွားမိဘဆရာသမားတို့သည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များဖြစ်သည့်
တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊
ဝါခေါင်လ စာရေးတံမဲပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ
ကထိန်ပွဲ၊ နတ်တော်လ စာဆိုတော်ပွဲ၊ ပြာသိုလ မြင်းခင်းပွဲ၊ တပို့တွဲလ ထမနဲပွဲ၊ တပေါင်းလ
သဲပုံစေတီပွဲ စသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်များကို သားစဉ်မြေးဆက်
လက်ဆင့်ကမ်းအမွေပေးထား ခဲ့ကြသည်။
မျက်မှောက်ကာလတွင်မူ အဆိုပါမြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များသည်
စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး အချို့သောမြန်မာများ ကိုယ်နှိုက်က
မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ ရိုးရာ ဝိသေသလက္ခဏာများအပေါ် လေးစားတန်ဖိုးထားမှု
နည်းပါးလာကြသည်။ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို အရောင်အမျိုးမျိုးဆိုးလာကြသည်။ အိမ်နီးချင်းနိုင်ငံအချို့ကလည်း
ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်နိုင်ရန် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များကို
ပုံတူကူးချ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ဖော်ဆောင်မှုအချို့ ရှိလာကြသည်။ ဤသို့ဖြင့်
နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တို့သည် တစ်စတစ်စ
အရိုးပေါ်အရွက်ဖုံးကာ ယဉ်ကျေးမှုကွယ်ပျောက်လုနီးပါး ဖြစ်နေသည်။
မြန်မာ့ရိုးရာပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်များသာမက
ဘာသာ၊ သာသနာ ဆိုင်ရာ နှီးနွှယ်ပတ်သက်မှုများလည်း ပါဝင်သဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရမည့်
အရာများ ဖြစ်သည်။ ကဆုန်လရှိ ညောင်ရေသွန်းပွဲတော်သည်လည်း ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်
စေတနာ၊ သဒ္ဓါတရားကို ရှေ့တန်းတင်ကာ ဆင်ယင်ကျင်းပသော ချစ်စရာမြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ရပ်ဖြစ်ပြီး
ညောင်ရေသွန်းပွဲတော်ကို အနယ်နယ်အရပ်ရပ်ရှိ ထင်ရှားသော ဘုရား စေတီဝင်းများအတွင်းရှိ ဗောဓိညောင်ပင်များတွင်
ကျင်းပလေ့ရှိသည်။ အချို့သောဒေသများတွင် ဝတ်အသင်းအဖွဲ့များက တစုတစည်းတည်း၊ တညီတညွတ်တည်း
ညောင်ရေသွန်းလေ့ရှိသည်။ သို့ဖြစ်ရာ ကဆုန်လ၏ ပွဲတော်တစ်ခုဖြစ်သည့် ညောင်ရေသွန်းပွဲတော်သည်
မြန်မာ့ရိုးရယဉ်ကျေးမှု တစ်ရပ်အနေဖြင့်သာမက ဗုဒ္ဓဘာသာတို့၏ ဘာသာရေးအထွတ်အမြတ် ပွဲတော်တစ်ခုလည်း
ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်းသွားရမည့် ပွဲတော်တစ်ခုဖြစ်သည်။
ကဆုန်ညောင်ရေသွန်းခြင်းသည် ဘာသာ သာသနာရေးအရ ပြုလုပ်ခြင်းသာမက “တန်ခူးရေကုန်
ကဆုန်ရေခန်း” ဆိုသည့်အတိုင်း ပူပြင်းသည့် နွေကာလ ကဆုန်လတွင် သစ်ပင်ပန်းမန်များ ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိစေရန်အတွက်
မိုးရွာသွန်းစေရန် တောင်းဆုယူသည့် ဆန္ဒများပါရှိသည်။ ဂေါတမဘုရားရှင်ပွင့်တော်မူခဲ့သည့်
ဗောဓိညောင်ပင်၏ ဆင့်ပွားဗောဓိညောင်ပင်များကို အမွှေးနံ့သာ ရေများ၊ သန့်စင်သောရေများဖြင့်
သွန်းလောင်းပူဇော်ခြင်း၊ အလှူဒါနများပြုခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်း၊ မြတ်စွာဘုရားအား
ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့် ပူဇော်ကြသည်မှာ မြန်မာ ပြည်သူအပေါင်း၏ ကောင်းမြတ်သည့်
မြန်မာ့ဓလေ့ကို ပေါ်လွင်စေသည်။
ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေးပွဲတော်ဖြစ်ပြီး
ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည်
ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်
စံတော်မူသောနေ့စသည့် ဘုရားရှင်နှင့်စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မင်္ဂလာအပေါင်းနှင့်
ခညောင်းသည့် ပွဲတော်တစ်ရပ် ဖြစ်သည်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် များက နေ့ထူးနေ့မြတ်အဖြစ်
သတ်မှတ်ကြပြီး ဤကဆုန်လပြည့်နေ့တွင်ပင် မာရ်နတ်ကို အောင်မြင်တော်မူသောကြောင့် ကဆုန်လပြည့်နေ့ကို
ဝိသာခါနက္ခတ်နှင့်ယှဉ်ပြီး ဝိသာခါဒေးဟုလည်း ခေါ်ဆိုကြသေးသည်။
ကဆုန်လသည် နွေရာသီမှ မိုးရာသီသို့ ကူးပြောင်းသည့် စပ်ကူးမပ်ကူးကာလဖြစ်သဖြင့်
နွေရသကို ခံစားရသလို မိုးရနံ့ကိုစတင်ရရှိသည့် ကာလလည်းဖြစ်သည်။ အဟောင်းမှ အသစ်၊ အပူမှ
အအေးသို့ ကူးပြောင်းသည့်လဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ အရေးကြီးသော ရက်မြတ်၊ အရေးပါသော
ပွဲတော်များ တည်ရှိနေသောလဖြစ်သည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကဆုန်ညောင်ရေ
သွန်းပွဲတော်ကို ဘာသာရေးပွဲတော်အဖြစ် ဆက်လက်တည်တံ့စေရန် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတိုင်း
ဘာသာရေးအသိဖြင့် ကြိုးစားအားထုတ်ရင်း “ပန်းစကားဝါ၊ နန်းဘမရာကေသီဆင်လို့၊ ရွှေပြည်ခွင်ဗိုလ်ပါပေါင်းရယ်တို့၊
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့် ခါသဘင်ညောင်ရေသွန်းကြတယ်၊ လွမ်းစရာ့ပွဲ” ဟူသော စာဆိုတော်ဦးပြုံးချို၏
ကဆုန်လဘွဲ့ဖြင့် “မွန်မြတ်ပြည့်စုံ လကဆုန် သွန်းကြညောင်ရေပွဲ” ဟု တင်စားချင်ပါတော့
သည်။ ။
ကျမ်းကိုး
မြန်မာ့အလင်းသတင်းစာ(၄/၂၀၂၂)
မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲတော်
No comments:
Post a Comment