( ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက် )
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သမိုင်းကြောင်းကိုကြည့်လျှင် အခက်အခဲပေါင်းများစွာ
ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းလာခဲ့ပြီးမှ အလုပ်သမားများ၏ အခွင့်အရေး ရပိုင်ခွင့်များရရှိလာသည့်
တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက် ၁၈၈၉ ခုနှစ်၊ မေလ (၁) ရက်နေ့ကို
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့မှစတင်၍
ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားများကျင်းပခဲ့ရာ မြန်မာနိုင်ငံသည်
၁၉၃၈ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင်၍ နှစ်စဉ်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား
ကျင်းပခဲ့ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားမှု၊
ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီနေသည့်အတွက် ကာယအား၊ ဉာဏအားဖြင့်
အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို
ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အလုပ်သမားများ အကျိုးခံစားခွင့်များ ရရှိစေရေးနှင့် လုပ်ငန်းခွင်
အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရေးတို့အတွက်
အထူးအလေးထား ဆောင်ရွက်ပေးလျက် ရှိပါသည်။
နိုင်ငံတော်အစိုးရသည် အလုပ်သမားကြီးများ၏ အကျိုးစီးပွားကို အလေးထား
ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
(၂၀၀၈ ခုနှစ်) ပုဒ်မ(၂၄)တွင် နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်
လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်” ဟူ၍လည်းကောင်း၊ ပုဒ်မ(၃၁)တွင် “နိုင်ငံတော်သည်
ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်” ဟူ၍လည်းကောင်း
ပြဋ္ဌာန်းထားရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ
ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများ၏ လူမှုဘဝကို မြှင့်တင်ပြီး
နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “သွင်းကုန် အစားထိုးရန်နှင့်
ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ
ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး” ကို စီးပွားရေးဦးတည်ချက်
တစ်ရပ်အဖြစ် ထည့်သွင်းခဲ့ပြီး ယင်းဦးတည် ချက်အောင်မြင်စွာ ဆောင်ရွက်ဖော်ဆောင်နိုင်ရေးသည်
အလုပ်သမား စွမ်းအားစုကြီးအပေါ် များစွာမူတည်လျက်ရှိပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊
သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး၊ အခြေခံပညာကဏ္ဍ
မြှင့်တင်နိုင်ရေး၊ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး၊
အရည်အသွေးရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ကျေးလက်ဒေသတွင် သက်မွေးဝမ်းကျောင်းသင်တန်းများ
ပေးနိုင်ရေး၊ MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့အတွက်
လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏
အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်
လုပ်သားထု တစ်ရပ် ပေါ်ထွန်းလာစေရေးကို မျှော်မှန်း၍ တိုးတက်လာသည့် နည်းပညာသစ်များနှင့်အညီ
ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”
သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ဖွဲ့စည်းပြီး
ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးဖော်ဆောင် နိုင်ရေးတို့အတွက် လုပ်သားအင်အား အခြေပြုဆောင်ရွက်ရသည့် အထည်ချုပ်လုပ်ငန်းများ
အပါအဝင် စက်ရုံ၊ အလုပ်ရုံများ စဉ်ဆက်မပြတ် လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်ရန် အစိုးရ၊
အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ကြမ်းယူ
ကုန်ချောပေး လက်ခစားလုပ်ငန်းများ (Cutting Making Packaging-CMP) ကို နိုင်ငံခြားကုမ္ပဏီများနှင့်
တိုင်းရင်းသားလုပ်ငန်းရှင်များအား ဆောင်ရွက်ခွင့်ပြုခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့်အညီ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခြင်းများ
ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို
သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိနိုင်ရေးအတွက် မြန်မာအလုပ်သမား
အများဆုံး သွားရောက်အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားသမ္မတ
နိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိသည့်အပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများကလည်း
လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။
အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အလုပ်ရှင်နှင့်
အလုပ်သမား တို့ကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့်
လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊
လူမှုဖူလုံရေး အပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည်
အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံးဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ်
(၈၇) ကို လက်ခံကျင့်သုံးလျက်ရှိသည့်အပြင် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားအဖွဲ့အစည်း
(၃၀၁၅) ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း (၂၈) ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့
အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့်
ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး
(၃) ခု၊ လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီး ဆေးခန်း (၅၈) ခန်း၊ တိုင်းရင်းဆေးခန်း
(၁) ခန်း၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း (၃၆) ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical
Unit) (၂) စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ
ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ အလုပ်သမားများအတွက်
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များ ပြည့်ဝမှန်ကန်စွာရရှိစေရေး
စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။
ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးအားဖြင့် အဆိုးရွားဆုံးပုံစံဖြင့်
ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများကို
ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့်
ကလေးအလုပ်သမားများကို သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိနိုင်ရန်နှင့် သက်မွေးပညာ
သင်တန်းများ တက်ရောက်နိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
အလုပ်ရှင် အလုပ်သမားများအကြား လုပ်ငန်းခွင်အတွင်း ဆွေးနွေးညှိနှိုင်းမှု
ပြုလုပ်ခြင်းဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအလေ့အထ
အားကောင်းလာခြင်း၊ ကောင်းမွန်သော လုပ်ငန်းခွင်ဆိုင်ရာရလဒ်များ ရရှိနိုင်ခြင်း၊ အငြင်းပွားမှုများ
လျော့ကျနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အပြန်အလှန်ယုံကြည်မှု တိုးတက်ခြင်းတို့အတွက်
ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ဖွဲ့စည်း၍ ညှိနှိုင်းဖြေရှင်း
ဆောင်ရွက်ပေးလျက် ရှိပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ရေမြေရာသီဥတု အခြေခံသဘာဝတရားများကို
အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
တက်ညီလက်ညီ ဆောင်ရွက်ကြရမည့် အချိန်အခါသမယဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအကျိုး၊
တိုင်းရင်းသားပြည်သူများ၏ အကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့်
ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကို တည်ဆောက်လျက်
ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးအကျိုးကို ရှေးရှုပြီး လက်တွေ့ကျကျ
ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် သဘာဝမှ ပေးထားသည့် ကောင်းမွန်သော အရင်းအမြစ်များစွာ ရှိပြီးဖြစ်သည့်အလျောက်
ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် အလုပ်သမားများ၏
ကဏ္ဍကို အားကိုးအားထားပြုရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း အလေးထားအားပေး ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး၊
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် အလုပ်သမားကြီးများက နိုင်ငံတော်အစိုးရနှင့်
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာ နိုင်မည်ဖြစ်သည့်အပြင်
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်ပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေး၊
ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်
ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်
ဘက်ပေါင်းစုံမှ ဦးတည်ချက်များချမှတ်၍ မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အဓိကအင်အားစုဖြစ်သော
အလုပ်သမားထုကြီးက ရင်းနှီးချစ်ကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍
စုပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ အထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့်
အလုပ်သမားကြီးများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို
ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
No comments:
Post a Comment