သိန်းထွန်းဦး (စက်မှုတက္ကသိုလ်)
ကျွန်ုပ်တို့ သက်ရှိလောကကြီးတွင် “ရေ”သည် မရှိမဖြစ်ပင် အရေးကြီးကြောင်း စာဖွဲ့ရန်ပင်လိုမည်မထင် အားလုံးအသိပင်ဖြစ်၏။ အနှီရေတစ်ပေါက်အတွက် အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြသလို အသက်ပေါင်းမြောက်မြားစွာကို ရှင်သန်ခဲ့ကြရသည့် သာဓကများလည်း အများအပြားပင်ရှိနေတော့သည်။ ထို့အတွက်ကြောင့် လူတိုင်းရေကို လုံလုံလောက်လောက်ရရှိလိုကြသည်။ ဤတွင် “ရေကြည်ရာ မြက်နုရာ” ဆိုရိုးအတိုင်း ရေအရင်းအမြစ်ရှိရာ မြစ်ချောင်းများကို တည်မှီလျက်မြို့ပြများ တည်ဆောက်နေထိုင်ခဲ့ကြသည် မဟုတ်ပါလော။
ကျွန်ုပ်တို့ မွေးဖွားရှင်သန် နေထိုင်လျက်ရှိသော နိုင်ငံသည် နွေရာသီရောက်တိုင်း ရာသီဥတု၏ အပူဒဏ်ကြောင့် မြို့နယ်များရှိ ရပ်ကွက်များသာမက မြို့ပြနှင့်ဝေးသော အရပ်ဒေသအများစုတွင် သောက်သုံးရေရှားပါးမှု ပြဿနာကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်ပေမည်။ မည်မျှပင် မြစ်နား၊ ချောင်းနားတွင် မြို့ရွာတည်စေ ဦးတော့ နွေရာသီ၏ ရေခန်းချိန်တွင် “ကမ်းနီးရေဝေး” ဆိုသည့် စကားအတိုင်းသောက်သုံးရေရှားပါးမှု ပြဿနာမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးထွားလာသကဲ့သို့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် အပူချိန်ပိုမိုမြင့်တက်လာခြင်းကြောင့်လည်း ရေရှားပါးမှုဒဏ်ကို ထိခိုက်ခံစားရသော ကျေးရွာ/ ရပ်ကွက်အရေအတွက်လည်း တိုးပွားလာခဲ့သည်။
အထူးသဖြင့် ကျေးလက်နေပြည်သူလူထုအတွင်း စက်ရေတွင်းများကို တူးဖော်ဆောင်ရွက်ပေးနေသည့်ကြားမှ ကျေးလက်နေပြည်သူများအနေဖြင့် ရှေးရိုးအစဉ်အလာမပျက် လက်ရေတွင်းများဖြင့် ရပ်ရွာ၏ ရေလိုအပ်ချက်ကို ဖြည့်တင်းအသုံးပြုနေကြခြင်း၊ ရေတွင်းရေကန်ဆိုလျှင် မြန်မာ့ဓလေ့အရ ဖျက်ဆီးမှုများမပြုလုပ်ကြသဖြင့် ရေတွင်းဟောင်းများမှာ ယနေ့ထက်တိုင် ရှိနေကြခြင်းဖြစ်ပေသည်။ အချို့သောရပ်ရွာများ၌ ရေအောင်သော၊ ရေထွက်အားကောင်းသော ရေတွင်း တစ်တွင်းတည်းကို အားကိုးအားထားပြု၍ မိသားစုအများက အလှည့်ကျစနစ်ဖြင့် ရေခပ်လျက် ဝါးမောင်းတံ၊ ရေငင်ကြိုးများဖြင့် ရေပုံးတပ်ဆင် ခပ်ယူအသုံးပြုနေကြဆဲဖြစ်သည်။
ထုံးတမ်းသဖွယ်
ကျွန်တော်တို့နိုင်ငံတွင် နှစ်စဉ်တပေါင်း၊ တန်ခူး၊ ကဆုန်လ (မတ်၊ ဧပြီ၊ မေလ)တို့ ရောက်လေတိုင်း ကျေးရွာ/ ရပ်ကွက်များအတွင်း စုပေါင်းအသုံးပြုသော လက်ရေတွင်းများမှာ ရေထွက်အားနှင့် ရေခပ်အား မမျှမတဖြစ်ကြရသည်။ ထို့ကြောင့်ပင် တပေါင်း၊ တန်ခူးလသည် တစ်နှစ်တာကာလ၏ ရေအဆုတ်ဆုံး အချိန်(ရေခန်းချိန်) ရောက်ပြီဖြစ်၍ အတောင် ၂၀၊ ၃၀ အနက်ရှိ ရေတွင်းများ ကို လူငယ်လူရွယ်အများစုက ရေပိုမို ထွက်ရှိစေရန်အတွက် ရေတွင်းဆယ်ခြင်းနှင့် အမှိုက်သရိုက်၊ ရေညှိ/ ရေမှော်၊ သစ်ရွက်ဆွေးများ သန့်ရှင်းစေရေး (တွင်းချေးဆယ်ခြင်း) လုပ်ငန်းကို စုပေါင်းဆောင်ရွက်ကြသည်မှာ မြန်မာ့ကျေးလက်များ၏ ထုံးတမ်းသဖွယ် ကာလအတန်ကြာကပင် ဖြစ်တည်လာခဲ့ရသည်ဖြစ်ပေရာ လူမှုအဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုဓလေ့စရိုက်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ရသည်။
သို့ကြောင့်ပင် ကျေးလက်ဒေသ၌ “ယောက်ဖတို့ရေ ရွာလယ်ကရေတွင်းကြီး ဖော်လိုက်ရအောင် … ဟေ့၊ ပြီးရင်တော့ ကြက်ဘူး (ကြက်သားနှင့် ဘူးသီး) ကာလသားချက်လေးနဲ့ ပင်ကျရည်ချို လေးတွဲပြီး အောင်ပွဲခံကြစို့” ဆိုသည့် ဆော်သြသံနှင့်အတူ ကျေးရွာအုပ်စု/ ရပ်ကွက်အတွင်းရှိ ရေတွင်းဟောင်းကြီး များကို လူကြီး၊ လူငယ်များ စုပေါင်းဆယ်ယူကြသည့် ချစ်စဖွယ်ဓလေ့ထုံးစံများ၏ နောက်ကွယ်၌ ကြေကွဲဖွယ်ရာ ဇာတ်လမ်းအများအပြားဖြစ်ပေါ်ခဲ့သည်ကို သတိချပ်မိနိုင်စေရန် ဤဆောင်းပါးကို ရေးသားရခြင်းလည်းဖြစ်သည်။
အမှန်စင်စစ် မြန်မာနိုင်ငံတွင် နေအပူချိန်မြင့်တက်ခြင်းနှင့် ရေခန်းခြောက်မှုတို့ကြောင့် ရေတွင်းဆယ်ရာမှ နောက်ဆက်တွဲပြဿနာအဖြစ် ကျေးရွာ၊ ရပ်ကွက်နေပြည်သူအချို့ နှစ်စဉ်တန်ဖိုးရှိလှသော အသက်များစွာ ဆုံးရှုံးနေရ၏။ မိုးခေါင်ရေရှား အညာဒေသများ၌ “ရွှေကို မလိုရေကိုလိုသည်”ဆိုသည့်စကားသည် အသက်ရှင်ရေးအတွက် ရေသည်မည်မျှလိုအပ်ကြောင်း ရှင်းပြစရာပင် မလိုအောင် ပြည့်စုံထိမိပြီး ရင်တွင်းမှလာသော စကားရပ်လေးပင်ဖြစ်မည်။
နှစ်စဉ်ပျမ်းမျှ အကြိမ် ၂၀ ကျော်ရှိ
သို့ဖြစ်ရာ ရေရရှိရေးအတွက် ရေတွင်းဆယ်ခြင်းမှာ မဆန်းပါလေ။ သို့သော် ထိုသို့ရေတွင်းဆယ်ခြင်းကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များကတော့ တစ်နိုင်ငံလုံးရှိ အများပြည်သူအကြားတွင် အမှုမဲ့အမှတ်မဲ့ပင်ဖြစ်၏။ သတိထား မိမှသာသိရှိနိုင်၏။ နိုင်ငံတစ်ဝန်း၌ နွေရာသီသောက်သုံးရေရှားပါးချိန် ရောက်ပြီဆိုလျှင် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေတွင်းရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ခဲ့ရသည်။ မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးမှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် အကြိမ် ၂၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၂၃ ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် ၂၂ ကြိမ် ဖြစ်ပွားခဲ့ရာ နှစ်စဉ်ပျမ်းမျှ အကြိမ် ၂၀ ကျော်ရှိသည်။
ကယ်ဆယ်နိုင်
၂၀၂၀ ပြည့်နှစ် မေ ၉ ရက်တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာတွင် အကျယ်လေးပေ၊ အနက်ပေ ၅၀ ခန့်ရှိသော ရေတွင်းဟောင်းတစ်ခုကို ပြန်လည်တူးဖော်ရာမှ ရေတွင်းထဲ၌ လူငါးဦး အောက်ဆီဂျင်ပြတ်တောက်၍ အသက်ရှူမဝဖြစ်ပြီး သတိလစ်နေခြင်းအပေါ် မီးသတ်တပ်ဖွဲ့ ဝင်များမှ သွားရောက်ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ရသည်မှာ ရင်နင့်ဖွယ်ပင်ဖြစ်ပေတော့သည်။ ထို့ပြင် မကြာသေးမီက ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကုန်းမြင့်ကျေးရွာ ရွှေကံ့ကော်လမ်း၊ နေအိမ်ခြံဝင်းအတွင်းရှိရေတွင်းထဲသို့ ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်ကဲ့သို့ ဧပြီ ၁၉ ရက်တွင်လည်း မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ရပ်ကွက် ငါးကြင်းအင်းအပိုင်းရှိ ရေတွင်းထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျသည့်ဖြစ်ပွားခဲ့ရာ ၎င်းအား ကျိုက်ကော် နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။
“လေအသက် မိနစ်ဝက်”
ရေတွင်းဆယ်ခြင်းကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာ သေဆုံးရသည့်ဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုပါက တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကြိမ် ၁၃၉ ကြိမ်တွင် ကယ်ဆယ်ရသည့်ဦးရေ ၁၅၀ တွင် ၄၉ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၁၀၁ ဦး သေဆုံးခဲ့ သဖြင့် နှစ်စဉ်ပျမ်းမျှ ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ နှစ် အလိုက် စိစစ်မည်ဆိုပါက ၂၀၁၇ ခုနှစ် တွင် ၁၈ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၂၀ ၊ ၂၀၂၀ ပြည့်နှစ် တွင် ၂၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၁ ဦး သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးရခြင်းမှာ “ထမင်းအသက် ခုနစ် ရက်၊ ရေအသက်တစ်မနက်”ဆိုသည့် စကားထက် အဆပေါင်းများစွာ ပို၍ မြန်သည်က “လေအသက် မိနစ်ဝက်”ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်မီကယ်ဆယ်ရန် မိနစ်ပိုင်းသာအချိန်ရပြီး လမ်းခရီး အကွာအဝေးများကြောင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန်ခက်ခဲလှပေသည်။ လူတိုင်း ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို သိရှိထားရန် သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေးနည်းလမ်းများကို တတ်မြောက်ထားရန်လိုအပ်ပေမည်။
သတိပေးနှိုးဆော်ထား
တစ်နှစ်ထက်တစ်နှစ် ရေတွင်းဆယ်ခြင်းကြောင့် အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာသည့်အတွက် ရေတွင်း၊ ရေကန်များ ဆယ်ယူတူးဖော်ခြင်း၊ ရေဟောင်းလဲလှယ်ရာတွင် ရေတွင်းထဲ၌ ရေစုပ်စက်နှိုးခြင်းနှင့် အကြောင်းတစ်ခုခုကြောင့် ရေတွင်းထဲဆင်းသက်ခြင်း စသည့်ကိစ္စရပ်များကို အတွေ့အကြုံမရှိဘဲ မိမိသဘောဖြင့်မပြုလုပ်ကြရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ အပါအဝင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူဆောင်ရွက်ကြရန်နှင့် အဆိုပါကိစ္စရပ်များအပေါ် ပေါ့ပေါ့ဆဆ သဘောမထားဘဲ သတိထားဆောင်ရွက်ကြရန်အတွက် သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးမှူးများမှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်အနေဖြင့် သတိပေးနှိုးဆော်ထားပြီးလည်းဖြစ်သည်။ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိ (၃၁)ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။ အဆိုပါသင်တန်းများသို့ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ၊ လူမှုပရဟိတ အသင်းအဖွဲ့များနှင့် မီးသတ်လုပ်ငန်းကို စိတ်ပါဝင်စားသည့်လုပ်ငန်းရှင် ၁၇၅၀ တို့ ပါဝင်တက်ရောက်ခဲ့သဖြင့် ရေတွင်းအသက်ကယ် နည်းစနစ်များအပြင် ရှာဖွေကယ်ဆယ်ရေး အတတ်ပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရည်ရွယ်လုပ်ဆောင်နိုင်ခဲ့သည်။
ရေတွင်းထဲမှ အန္တရာယ်
လူတိုင်းသည် မွေးဖွားသည့်အချိန်မှ ဘဝနိဂုံးချုပ်ချိန်အထိ ရေကိုလိုအပ်သည်မှာ မှန်ပါ၏။ သို့သော်လည်း အဆိုပါ “ရေ” ရလိုမှုလောဘကြောင့် မိမိတို့တူးဖော်နေသည့် ရေတွင်းထဲမှအန္တရာယ်ကို အထူးသတိထားရန်မှာ ပို၍လိုအပ်သည်။ သို့ဖြစ်ရာ အများပြည်သူအတွက် သတိချပ်မိစေရန်အတွက်အဓိက အချက်များကို ထုတ်နုတ်တင်ပြလို၏။ ကျေးလက်ဒေသ လက်ရေတွင်းအမျိုး အစားများစွာ ရှိသည့်အနက်မှ အချို့ ရေတွင်းများမှာ မြေသားတွင်းများဖြစ်ပေရာ တွင်းမကြီး၏ အောက်ခြေနံရံများမှာ ကာလကြာရှည်စွာ ရေတိုက်စားမှုကြောင့် ကလိုင်တွင်းကြီးများဖြစ်ပေါ်၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ခိုအောင်းနေသည်။ ယင်းဓာတ်ငွေ့သည် ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ ခြောက်သွေ့သောလေထုတွင် ရောနှော ပါဝင်သည့် ဓာတ်ငွေ့ပေါင်း ၁၆ မျိုးထဲမှ ဓာတ်ငွေ့တစ်ခုဖြစ်သည်။ ခြောက်သွေ့သောလေထုထဲတွင် ဓာတ်ငွေ့တစ်မျိုးချင်းစီ၏ ပါဝင်သော ရာခိုင်နှုန်းပမာဏ အပေါ်မူတည်၍ ဓာတ်ငွေ့ရှစ်မျိုးအမည် များကိုတော့လူသိများကြ၏။ အဓိက ရေတွင်းနှင့်စပ်လျဉ်း၍ ဖော်ပြလိုသည်မှာ ခြောက်သွေ့သော လေထုထဲတွင် နိုက်ထရိုဂျင်(N2) ဓာတ်ငွေ့သည် ၇၈ ဒသမ ၀၈၄ ရာခိုင်နှုန်း၊ အောက်ဆီဂျင်(O2) ဓာတ်ငွေ့သည် ၂၀ ဒသမ ၉၄၇ ရာခိုင်နှုန်းတို့ဖြင့် အများစုပါဝင်ပြီး အာဂွန် (Ar) ဓာတ်ငွေ့သည် ၀ ဒသမ ၉၃၄ ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်(CO2)ဓာတ်ငွေ့သည် ၀ ဒသမ ၀၃၅၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းနည်းပါးစွာ ပါဝင်သော်လည်း တစ်နှစ်ပတ်လုံးသုံးစွဲနေသည့် လေစီးဝင်မှုနည်းပါးသည့် (လေဝင်လေထွက် အားနည်းသည့်) ရေတွင်းများထဲတွင် အောက်ဆီဂျင်(O2) ဓာတ်ငွေ့အစား ကာဗွန်ဒိုင်အောက်ဆိုက်(CO2) ဓာတ်ငွေ့များက အများအပြား ခိုအောင်းပါဝင်တတ်သည်။ အကြောင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်(O2) ဓာတ်ငွေ့သည် လေထက်တစ်ဆခွဲမျှပို၍လေးလံခြင်း၊ အေးမြခြင်းသဘောရှိသော ဓာတ်ငွေ့ ဖြစ်သည့်အားလျော်စွာ အနိမ့်ပိုင်းဖြစ်သော ရေတွင်းများ၏ အောက်ခြေ၌ ရှိနေခြင်းဖြစ်သည်ကို သတိပြုမိစေရန် လိုအပ်သည်။
တစ်ပူပေါ် နှစ်ပူ၊ သုံးပူဆင့်
ထို့သို့ ရေတွင်းအောက်ခြေတွင် ခိုအောင်းနေသည့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2)ဓာတ်ငွေ့ကို သတိမထားမိဘဲ ရေတွင်းဟောင်းများ၏ အောက်ခြေရှိနွံနှင့် အမှိုက်များဆယ်ယူခြင်း၊ အလားတူ ရေစုပ်ရန် ရေတွင်းထဲတွင် ရေစုပ်စက်များချလျက် စက်မနှိုးမီ အသက်ရှူရန် ပြဿနာမရှိသော်လည်း စက်နှိုးလိုက် သည့်အခါတွင် ထွက်ပေါ်လာမည့် ကာဗွန်မိုနောက်ဆိုက်(CO) ဓာတ်ငွေ့(မီးခိုး)များ၊ စက်သုံးဆီဖြင့် စက်နှိုးရခြင်းကြောင့် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်(HCN) ဓာတ်ငွေ့များနှင့် မီးခိုးအဆိပ်ငွေ့များ ရှူမိခြင်းကြောင့် စက်နှိုးသူအတွက် အသက်အန္တရာယ်ဖြစ်နိုင်ခြင်း၊ ရေတွင်းထဲသို့ တိရစ္ဆာန်များ ပြုတ်ကျသေဆုံး၍ ပုပ်ပွမှုကြောင့် အနံ့ဆိုးသည့် (H2S) အဆိပ်ငွေ့များရှိနေသည်ကို ဂရုမစိုက်ဘဲဆင်းရာမှရှူမိခြင်း၊ အဆိပ်ရှိသော သတ္တဝါများဖြစ်သည့် မြွေများ၊ ကင်းများ၊ တွင်းအောင်းသတ္တဝါများလည်း ခိုအောင်း နေနိုင်ခြင်းများ စသည်တို့က “ယောက်ဖရေ နေတောင်အတော်စောင်းပြီ ချောင်းထဲမှာ ရေချိုးပြီးဒို့ပြန်မည်”ဟု သီချင်းတကြော်ကြော်နှင့် ရွာကျိုးရပ်ကျိုးကို ပျော်ပျော်ပါးပါး ဆောင်ရွက်တက်ကြ သည့် ကာလသားခေါင်းတို့၏ အသက်များစွာဆုံးရှုံးခဲ့ရသော တစ်ပူပေါ်နှစ်ပူ၊ သုံးပူဆင့်ခဲ့သည့် ဖြစ်စဉ်များကြောင့် အသက်များစွာအတွက် သတိပေးရခြင်း ဖြစ်သည်။
“၁၉၁” Hot Line
ဤသို့ဆိုလျှင် ရေတွင်းဆယ်ခြင်း ကြောင့် မတော်တဆမှုများအတွက် အရေးပေါ်အခြေအနေများကြောင့် ကူညီကယ်ဆယ်ရန် အခက်အခဲရှိပါက နီးစပ်ရာမီးသတ်စခန်း၏ တယ်လီဖုန်းနံပါတ်များနှင့် မီးသတ်တပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ် “၁၉၁” Hot Line Phone(191)သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်သင့်သည်။ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ခြင်းအပြင် လျင်မြန်စွာဆက်သွယ်နိုင်သည့် အခြားနည်းလမ်းတစ်ခုမှာ 191 Report Application အသုံးပြုခြင်းဖြစ်သည်။ ၎င်း Application သည် မြန်မာနိုင်ငံအတွင်း အင်တာနက် ကွန်ရက်ရရှိသည့် မည်သည့်နေရာတွင် မဆိုအရေးပေါ်အခြေအနေကို ကိုက် ၂၀ အကွာအဝေးအတွင်းမှ ဓာတ်ပုံမှတ်တမ်းရိုက်၍ ပေးပို့လိုက်ခြင်းဖြင့် မီးသတ် တပ်ဖွဲ့မှ အချိန်မီကူညီကယ်ဆယ်နိုင်ပေမည်။
အရေးပေါ်ကူညီကယ်ဆယ်ရေးများမရောက်ရှိမီ ရှေးဦးကယ်ဆယ်ရေးအတွက် နည်းလမ်းများကို အကျဉ်း နည်းဖြင့်ဖော်ပြရသော် အများပြည်သူအနေဖြင့် ရေတွင်းထဲတွင်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုက်(CO2)ကို ထီး၊ သစ်ခက်များကို အသုံးပြု၍ ရှင်းလင်းဖယ်ထုတ်ခြင်း၊ အောက်ဆီဂျင်(O2) ရရှိစေရန်အတွက် ရေမှုန်၊ ရေမွှားများကို ရေတွင်းထဲရှိလူပေါ်သို့ ဖြည်းညင်းစွာဖျန်းချပေးခြင်း၊ အလင်းရောင်ကောင်းစွာ မရရှိပါက စက္ကူ၊ အဝတ်စ၊ ဖယောင်းတိုင်များကို မီးရှို့၍ပစ်ချခြင်းများ ရှောင်ကြဉ်ရမည်။ လုံးဝ(လုံးဝ)မပြုလုပ်ရပါ။ ပြုလုပ်ခဲ့ပါက ကာဗွန်မိုနောက်ဆိုက် (CO)ဓာတ်ငွေ့များထွက်ပေါ်လာပြီးရေတွင်းထဲရှိလူအား အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေတွင်းဆယ် ခြင်းများမပြုလုပ်မီ ရေတွင်းထဲတွင် အသက်ရှူရန် လုံလောက်သော အောက်ဆီဂျင်ဓာတ်ငွေ့ ရှိ/မရှိကို ဦးစွာဆန်းစစ်ခြင်း၊ ရေတွင်းထဲသို့ ဆင်းသက်သူအား ကူညီနိုင်ရန် လုံလောက်သော လူအင်အား၊ ကြိုးများ၊ စက်သီးများ၊ လှေကားများ၊ အသက်ရှူရာတွင် အထောက်အကူပြုနိုင်သည့် (၃/၄) လက်မ(သုံးမတ်လုံး) ပလတ်စတစ်ရေပိုက်ရှည်များ၊ ရေပန်းခရားပုံးများ၊ လက်နှိပ်ဓာတ်မီးများ၊ ထီးများ (မရှိပါက သစ်ရွက်များများပါရှိသော သစ်ခက်များ) အသင့်ပြင်ဆင်ထားရှိရန် လိုအပ်ပေမည်။
ဝိုင်းဝန်းကာကွယ်
နိဂုံးချုပ်အားဖြင့်တင်ပြရသော် ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ခန့်သည် မသန့်ရှင်းသောရေကို သောက်သုံးနေကြ ရဆဲဟုမှတ်သားမိသည်။ ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီတွင် မြေအောက်ရေလျော့ကျကာ ရေခန်း ခြောက်သည့်ကာလ၌ မိမိတို့ရပ်ကွက်၊ လမ်း၊ နေအိမ်များအနီးရှိ ရေတွင်း၊ ရေကန်များ ဆယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေတွင်းဆယ်ခြင်းနှင့်စပ်လျဉ်းသည့် အတွေ့အကြုံ ဗဟုသုတမရှိသည့် ကလေးသူငယ်၊ လူငယ်လူရွယ်များအား ပြောဆိုဆုံးမ အသိပညာပေးခြင်းဖြင့်၊ နိုင်ငံတစ်ဝန်း မတော်တဆဖြစ်ပွားတတ်သောရေတွင်း ဆယ်ခြင်းလုပ်ငန်းများကြောင့် နိုင်ငံသားများ၏ အသက်အန္တရာယ်ထိခိုက်ပျက်စီးခြင်းများမှ ဝိုင်းဝန်းကာကွယ်ပေးနိုင်စွမ်းကြခြင်းငှာ ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားရင်း ၂၀၂၃ ခုနှစ် မေ ၅ ရက် တွင် ကျရောက်မည့်(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
No comments:
Post a Comment