Saturday, April 29, 2023

နွေရာသီအဖြစ်များသော ကျန်းမာရေးပြဿနာ

 



မေယု-မျိုးအောင် (MANA)

အပူလျှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းကဲ့သို့သော နွေရာသီအပူဒဏ်၏ အန္တရာယ်များကို လူအများ သိရှိကြပြီးဖြစ်သည်။ လူအများ သတိမမူမိသည့် နွေရာသီအပူဒဏ်၏ နှိပ်စက်မှုများလည်း ရှိသေးသည်။ ၎င်းမှာ နှာချေ၊ နှာရည်ယိုခြင်းဖြစ်သည်။ ပန်းများသည် နွေရာသီတွင် ဖူးပွင့်ကြသကဲ့သို့ အပင်များ၊ မြက်များသည်ပင်လျှင် နွေရာသီ၌အပွင့်ပွင့်ကြသည်။ ပူသောရာသီဥတုကို တုံ့ပြန်သည့်အနေဖြင့် ဝတ်မှုန်ထုတ်လုပ်မှုများ မြင့်တက်လာသည်။ လေထဲ၌ ဝတ်မှုန်ပါဝင်မှု နှုန်းမြင့်မားမှုကြောင့် လူအများ ဓာတ်မတည့်ခြင်းဖြစ်ကာ နှာချေ၊ နှာရည် ယိုခြင်းဖြစ်ကြသည့်အပြင် မျက်လုံးများယားယံမှု လည်းဖြစ်တတ်သည်။ ဓာတ်မတည့်ခြင်း ပြင်းထန်သူများအနေဖြင့် ဖြစ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် နှာခေါင်းစည်းများ တပ်ထားခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

အလေးပေးဂရုစိုက်သင့်သည့် ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်

ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ အပူလျှပ်ခြင်းဆိုသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ အလေးပေးဂရုစိုက်သင့်သည့် ကျန်းမာ ရေးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သည်။ ကိုယ်ခန္ဓာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)နှင့် အထက်တွင် အပူလျှပ်ခြင်းဖြစ်ပွားတတ်သည်။ အပူလျှပ်ခြင်းဖြစ်ပွားပါက ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အရေပြားနီမြန်းခြင်း၊ ကြွက်သားများလှုပ်ခြင်းမှသည် စိတ်အခြေအနေပြောင်းလဲမှုများ (စိတ်ရှုပ်ထွေးခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ စကားမပီခြင်း) သတိလစ်မေ့မြောခြင်းအထိဖြစ်နိုင်သည်။ အပူလျှပ်ခြင်း ဖြစ်ပေါ်သည့်အခါ လူနာ၏ အရေပြားအသားအရေသည် မီးခဲကဲ့သို့ ပူခြစ်ပြီးချွေးလုံးဝမထွက်တော့ပါ။ အရေးပေါ်ကုသမှုခံယူရမည့် အခြေအနေဖြစ်ပြီး ကုသမှုခံယူရန်နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ ရာသီဥတုပူပြင်းလွန်း၍ အပူလျှပ်ခြင်းသည် အရေပြားပူနွေးခြောက်သွေ့သော်လည်း လေ့ကျင့်ခန်းများ အလွန်အကျွံမပြုလုပ်သင့်ပေ။

အပူချိန်လွန်ကဲသောအခြေအနေတွင် အရိပ်အမိုးမပါဘဲ ပြင်းထန်စွာချွေးသံတရွှဲရွှဲ အလုပ်လုပ် ကြရသူများ၊ နေပူပူထဲတွင် အဝတ်အစားများ ထူထဲစွာဝတ်ဆင်ကြသူများ၊ အရက်အလွန်အကျွံ သောက် သုံးကြသူများနှင့် ချွေးထွက်လွန်နေသော်လည်း အလုပ်ဇောနှင့် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် (ရေသောက်ရန်) မေ့လျော့နေသူများသည် အပူလျှပ်ခြင်းဖြစ်စေနိုင်သည်။ ရာသီဥတုအလွန်ပူပြင်းသော ဒေသများသို့ ခရီးထွက်မည်ဆိုပါက အပူဒဏ်နှင့်ဆက်စပ်သည့်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။ အသက်အရွယ်ကြီးလွန်း၊ ငယ်လွန်းသူများသည် အပူချိန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်နည်းသဖြင့် အပူလျှပ်နိုင်ခြေ ပို၍မြင့်မားသည်။ အဝလွန်သူများ၊ နာတာရှည် နှလုံး၊ အဆုတ်၊ ကျောက်ကပ်ဝေဒနာ ခံစားနေကြရသူများ၊ အပူလျှပ်ခြင်းဖြစ်ဖူးထားသူ များသည် အပူလျှပ်နိုင်ခြေများသည်။ အချို့သော ဆေးဝါးများသည် ခန္ဓာကိုယ်ရေဓာတ်ထိန်းသိမ်းမှုကို ထိခိုက်စေသည်။ စိတ်ရောဂါအတွက် သောက်သုံးသော ဆေးဝါးများ၊ ဆီးဆေးများ၊ သွေးကျဲဆေးများကို ရာသီဥတုအလွန်ပူပြင်းသောအချိန်တွင် သတိထားသုံးစွဲသင့်သည်။

အပူလျှပ်ခြင်းဖြစ်ပွားပါက အိမ်တွင်ကျိတ်၍ လုံးဝမကုသသင့်ပါ။ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူရမည်ဖြစ်သည်။ ဆေးခန်းသို့ပို့ကာ အရေးပေါ်ကုသမှုမခံယူမီ လူနာအား အရိပ်ရသောနေရာ၊ အဲကွန်းရှိရာနေရာသို့ ခေါ်ဆောင်ကာ ထူထဲသောအဝတ်အစားများကို ချွတ်ပစ်ရမည်ဖြစ်သည်။ ရေအေးဖြင့် ရေချိုးပေးခြင်း၊ ရေပတ်တိုက်ခြင်း၊ ရေခဲကပ်ခြင်း၊ ရေစိုဝတ်ဖြင့် ခန္ဓာကိုယ်အနှံ့အုပ်ပေးခြင်း စသည်တို့ကိုဆက်လက် ပြုလုပ်ရမည်ဖြစ်သည်။ ရေဓာတ်ပြန်လည်ဖြည့်တင်းရန် ရေများများတိုက်ပေးခြင်း၊ ဆားဓာတ်များ ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားတိုက်ပေးခြင်း စသည်တို့ကို ဆေးရုံသို့မရောက်မီစပ်ကြား ပြုလုပ်ပေးနိုင်သည်။ ဂက်စ်ပါသည့် အချိုရည်များ၊ Energy Drink အားဖြည့်အချိုရည်များ၊ အရက်အဖျော်ယမကာများ၊ ရေခဲရေများသောက်သုံးခြင်းကို အထူးရှောင်ရှားရမည်ဖြစ်သည်။ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများ၊ ထိခိုက်ခြင်း ရှိ၊ မရှိ သိနိုင်ရန် အခြေခံသွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အသည်းစစ်ဆေးခြင်း၊ ကြွက်သားအင်ဇိုင်းများ တိုင်းတာစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ဆေးရုံတွင် စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

သေဆုံးနှုန်းမြင့်မား

အပူလျှပ်ခြင်းသည် သေဆုံးနှုန်းမြင့်မားသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော် လည်း မူးမေ့ပစ်လဲအပြီး မိနစ် ၃ဝ အတွင်း ကိုယ်ခန္ဓာအပူချိန်ကို ၄၀ ဒီဂရီစင်တီဂရိတ်အောက် သို့ရောက်အောင် လျှော့ချနိုင်ပါက သေဆုံးနှုန်းသုညအထိ ရောက်နိုင်သည်။ အချိန်မီသိကာ မပေါ့ဆဘဲ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကာ ဆေးရုံသို့အလျင်အမြန်ပို့ရန် လွန်စွာအရေးကြီးသည်။ အပူလျှပ်သည့် လူနာ၏ ကိုယ်ခန္ဓာအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်နှင့်အထက်ဖြစ်ခဲ့ပါက အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများ ထိခိုက်ခြင်း ရှိ၊ မရှိကို ဆေးရုံ၌ သေချာစောင့်ကြည့်ကာ ကုသမှုခံယူရမည်ဖြစ်သည်။ အပူလျှပ်ပြီး နာလန်ထခါစကာလများတွင်လည်း နေပူထဲအရိပ်အကာမပါဘဲ သွားခြင်း၊ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများ (အလုပ်၊အားကစား) ပြုလုပ်ခြင်းတို့ကို ရှောင်ရှားသင့်သည့်အပြင် ဆရာဝန်၊ ဆရာမများ၏ မှာကြားအကြံပြုချက်များကို အပူလျှပ်ပြီးသည့် လူနာများအနေဖြင့် တိတိကျကျလိုက်နာသင့်သည်။ အပူချိန်မြင့်မားသော ရာသီကာလများတွင် အပူလျှပ်ခြင်းအန္တရာယ်ကို သတိမူမိပြီး ဂရုစိုက်နေထိုင်ခြင်းဖြင့် အပူလျှပ်ခြင်းအန္တရာယ်ဘေးက ကင်းဝေးနိုင်မည်ဖြစ်သည်။

နွေရာသီရောက်ပြီဆိုလျှင်လည်း ဖေဖော်ဝါရီလကုန်မှ မေလလယ်ကာလအထိ လူသားများသည် နေရောင်ခြည်၏ အပူရှိန်ပြင်းပြမှုကို တဖြည်းဖြည်း တိုးမြှင့်ခံစားကြရသည်။ မိုးရာသီနှင့် ဆောင်းရာသီတို့၏ အအေးဓာတ်ကြောင့်ဖြစ်ပေါ်နေသော ရောဂါများနှင့် အခြားအခြားသော ဆိုးကျိုးများသည် နွေရာသီတွင် နေရောင်ခြည်၏ အပူဓာတ်ကြောင့် လွင့်ပါးပျောက်ကွယ်သွားကြသည်။ ပတ်ဝန်းကျင်တွင် စွဲကပ်နေသော ပိုးမွှားများသည် နေရောင်ခြည်၏ ပြင်းထန်သောအပူချိန်တွင် သေဆုံးကြရသည်။ ရာသီဥတုက လူသားများကို ပြုပြင်စီရင်သွား ရန်အခွင့်ရှိပြီး လူသားများက ရာသီဥတုကို ပြုပြင်နိုင်ရန်အကြောင်းမရှိ၊ ရာသီဥတုဆိုးရွားခြင်းကို လျော့ပါးကျော်လွှားရန် ကြိုးပမ်းနိုင်ခွင့်သာရှိသည်။ ရာသီဥတုကို လိုက်လျောညီထွေနေတတ်စေရန် လူသားတို့အတွက် သင့်တင့်လျောက်ပတ်သော ဉာဏ်၊ ပညာ၊ ဗဟုသုတများ ပြည့်စုံနေရန် လိုအပ်သည်။ ရာသီဥတုဖောက်ပြန်ခြင်းများကို တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်နိုင်စေရန် လိုအပ်သည့် နေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် တဖြည်းဖြည်းကျော်လွှားနိုင်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အပူဒဏ်များ လျော့ပါးကင်းငြိမ်းစေရေးအတွက် ဆောင်ရွက်ထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အပူချိန်သည် သိသိသာသာ မြင့်မားလာသည်ကို အားလုံးသတိပြုမိကြပေလိမ့်မည်။ တိုင်းဒေသကြီးအလိုက် ပျမ်းမျှအပူချိန်ထက် မြင့်မားလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီမှ ၄ ဒီဂရီစင်တီ ဂရိတ်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန် ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုခဲ့သည်။ ကချင်ပြည်နယ် တွင်မူ ဧပြီလ၌ ပျမ်းမျှအပူချိန်သာရှိသည်။ ထူးခြား သည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် ဂန့်ဂေါမြို့ များတွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ ကလေးဝမြို့၊ မုံရွာ မြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ ဖားဆောင်းမြို့တို့တွင် နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိကြောင်း သိရသည်။ အပူချိန်နှုန်းများသည် ဧပြီလ၏ အပူချိန်နှုန်းဖြစ်သော်လည်းတန်ခူးကဆုန် ဆွေ့ဆွေ့ခုန်ဟူသော မြန်မာဆိုရိုးစကားအရ မြန်မာအခေါ်ကဆုန် လနှင့်အင်္ဂလိပ်လဖြစ်သော မေလတွင်လည်း ဧပြီလအပူချိန်ထက် မလျော့နိုင်ဟုယူဆသည်။ အပူချိန်မြင့်မားလာခြင်းကို ဝိုင်းဝန်းကာကွယ်ကြရန်လိုသည်။

အပူချိန်ကြောင့် လူများ၏ ကိုယ်တွင်းရေဓာတ် ဆုံးရှုံးစေခြင်း၊ ခန္ဓာကိုယ်တွင်းရှိ သွေးပျစ်စေးမှုနှင့် ဆားဓာတ်များ၏အခြေအနေများကို ပြောင်းလဲစေပြီး လူ့အသက်ကိုပင် ထိခိုက်စေနိုင်သည်။ အပူလှိုင်း များ ဖြစ်ပေါ်လာနေပြီး ကမ္ဘာ့မြို့ကြီးများတွင်အအေး ဓာတ်များ လျော့နည်းလာနေသည်ကို လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကပင် တွေ့ရှိလာရသည်ဟု သိရသည်။ သာမန်တွေ့ကြုံနေကျ နွေရာသီအပူချိန်ထက် ပိုမိုမြင့်မားပြင်းထန်သော အပူချိန်များကြောင့် အပူဒဏ်သင့်မှုများကြုံလာနေရပြီး သေဆုံးရမှု များစွာဖြစ်ပေါ်နေသည်ကို တွေ့လာရသဖြင့် အထူးသတိပြု ဆင်ခြင်နေထိုင်ကြရန် ပညာရှင်များက သတိပေးတိုက်တွန်းထားကြသည်။ နေ့စဉ်အပူချိန် တိုးလာနေမှုများကြောင့် ခန္ဓာကိုယ်အတွင်းအပူ ဓာတ်များစုပ်ယူဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည်။ နွေအပူချိန်တက်လာချိန်တွင် လေထုအပူချိန်နှင့်အတူ လေ၏စိုထိုင်းဆလည်း တက်လာလေ့ရှိသည်။ လေထု၏အပူချိန်သည် ၉၆ ဒီဂရီဖြစ်ပြီး လေထု၏ စိုထိုင်းဆသည် ၆၅ ဒီဂရီဖာရင်ဟိုက် ဖြစ်သွားသည်။ အပူဒဏ်အညွှန်းကိန်းသည် ၁၀၅ ဒီဂရီထက် နှစ်ရက်မျှ ကျော်လာပါက အပူဒဏ်ကို အထူးသတိပြု ကာကွယ်ဆောင်ရွက်ကြရန် ဖြစ်သည်။ အလွန်ပူပြင်းလာနေသည့် နွေရာသီအပူဒဏ်နှင့်အပူလျှပ်ခြင်းတို့ကို အထူးသတိပြု ဆင်ခြင်နေထိုင်၍ ကာကွယ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment