Wednesday, April 19, 2023

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရာတွင် အကူအညီပေးနေသည့် အမှိုက်ကောက်သမားများ

 



မေရီလန်းကပတ်စ်သည် ဖိလစ်ပိုင်နိုင်ငံ မာလဘွန်မြို့ရှိလမ်းများတွင် တနင်္ဂနွေနေ့မှအပ နေ့စဉ်နံနက်တိုင်း တွန်းလှည်းတစ်စီးဖြင့် အလုပ်များနေတတ်သည်။ မာလဘွန်မြို့သည် မနီလာ မြို့တော်၏ မြောက်ဘက်တွင် တည်ရှိသည်။

မေရီလန်းသည် အမှိုက်ကောက်သူအမျိုးသမီး တစ်ဦးဖြစ်သည်။ သူသည် ခွဲထားသော အမှိုက်အိတ် များကို စုဆောင်းထားပြီး အစားအသောက်အကြွင်း အကျန် စွန့်ပစ်အမှိုက်များကို အိတ်တစ်လုံးထဲတွင် ထည့်ထားသည်။ အဆိုပါအစားအသောက်စွန့်ပစ် အမှိုက်များသည်ဒေသတွင်းရှိ ပြန်လည်အသုံးပြုရေးစက်ရုံတစ်ခုတွင် မြေဆွေးအဖြစ်ပြောင်းလဲသွား မည်ဖြစ်သည်။ အခြားသောအမှိုက်များကိုလည်း သီးခြားအိတ်များထဲသို့ထည့်ကာ နောက်ပိုင်းတွင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကိုရောင်းချ သွားမည်ဖြစ်သည်။ လေးလံသောအမှိုက်များကို အားလုံးရောနှောထားလိုက်သည်ဟု မေရီလန်းကပြောသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အကျိုး အမြတ်မယူသော ဒေသခံပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့တစ်ဖွဲ့က လူများအားအမှိုက်များကို အစို၊ အခြောက်၊ အရည်၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်း စသည်ဖြင့် ခွဲခြားစွန့်ပစ်ရန် တောင်းဆိုခဲ့သည်။

မီးရှို့ဖျက်ဆီးခြင်းမပြု

ဖိလစ်ပိုင်နိုင်ငံရှိ မိခင်ကမ္ဘာဖောင်ဒေးရှင်းသည် ဂျီအေအိုင်အေဟုခေါ်သည့် အမှိုက်များကို မီးရှို့ ဖျက်ဆီးခြင်းမပြုဘဲ အခြားနည်းလမ်းများဖြင့် အသုံးပြုရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း ၏ အဖွဲ့ဝင်ဖြစ်သည်။ အဆိုပါအဖွဲ့အစည်းက စားကြွင်းစားကျန် စွန့်ပစ်အမှိုက်များကို အမှိုက်ပုံး များထဲသို့ မထည့်ရန် တားမြစ်လိုသည်။ အစားအသောက်အကြွင်းအကျန်များသည် ယိုယွင်းပျက်စီး သွားသောအခါ မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်သည်။ မီသိန်းသည် အားကောင်းသော ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထက် အပူကို ပိုမိုဖမ်းယူသည်။ သို့သော်လည်း မီသိန်းဓာတ်ငွေ့သည် လေထုအတွင်းကြာရှည်စွာရှိမနေပါ။

အော်ဂဲနစ်အမှိုက်များကို အမှိုက်ပုံးများထဲသို့ မရောက်ရှိစေရန် သို့မဟုတ် မီးရှို့ခြင်းများမှ ကာကွယ်ခြင်းသည် ကုန်ကျစရိတ်သက်သာသော ရာသီဥတုဖြေရှင်းချက်ဖြစ်သည်ဟု ဂျီအေအိုင်အေ က ပြောကြားသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည့် ဂျီအေအိုင်အေသည် ကမ္ဘာတစ်ဝန်းရှိ အမှိုက်ကောက်သူများအပါအဝင် ၎င်း၏အဖွဲ့ဝင်များကို ပံ့ပိုးပေးလျက်ရှိသည်။ ဂျီအေ အိုင်အေသည် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ခွဲထုတ်ပြီး စုဆောင်းထားရန်နှင့် မြေဆွေးပြုလုပ်ရန် စက်ရုံများတည်ဆောက်ရေးအတွက် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မာလဘွန်မြို့ရှိ စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးပြုနိုင်အောင် ပြုလုပ်ပေးသည့် စက်ရုံတွင် အိမ်ထောင်စုများမှ စုဆောင်းရရှိသော အော်ဂဲနစ်အမှိုက်များကို မြေဆွေးအဖြစ်ပြောင်းလဲပေးလျက် ရှိသည်။ ယင်းမြေဆွေးများသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးသော ရပ်ရွာဥယျာဉ်တစ်ခုသို့ ရောက်ရှိသွား သည်။ အချို့သော စွန့်ပစ်အစားအစာပစ္စည်းများကို ဇီဝဓာတ်ငွေ့အဖြစ် ပြုလုပ်သည်။ ထို့နောက် အမှိုက် ကောက်သမားများစားရန် ဟင်းသီးဟင်းရွက် ချက်ပြုတ်ရာတွင် အဆိုပါဇီဝဓာတ်ငွေ့ကို အသုံးပြု သည်။ ယင်းမှာ စွန့်ပစ်ပစ္စည်များ ပြန်လည်အသုံးပြုရေးလုပ်ငန်းစဉ်အတွက် ပြီးပြည့်စုံသော လည်ပတ်မှုတစ်ခုဖြစ်ကြောင်း မနီလာမြို့အခြေစိုက် အာရှပစိဖိတ်ဆိုင်ရာ ဂျီအေအိုင်အေ အကြီးအကဲ ဖရိုင်လန်ဂရိတ်က ပြောကြားသည်။

အသိပညာပေး

ဤကဲ့သို့ ပြန်လည်အသုံးပြုရေးစနစ်များကို နေရာသစ်များတွင်ထူထောင်ရာ၌ အခက်အခဲများရှိ ကြောင်း ဂရိတ်က ပြောကြားသည်။ မြေဆွေးစက်ရုံ တည်ဆောက်ရန် ငွေကြေးကုန်ကျမှုရှိသည်။ ဒေသ ဆိုင်ရာတာဝန်ရှိသူများအပါအဝင် ပြည်သူများအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၏ အရေးပါမှုကို အသိပညာ ပေးရသည်။ အမှိုက်ပုံးတစ်ခုထက် ပိုမဝယ်နိုင်သော အိမ်ထောင်စုများကို အမှိုက်ပုံးများ ထောက်ပံ့ပေးရ သည်။ ထို့ပြင် တစ်ခါတစ်ရံတွင် အော်ဂဲနစ်စွန့်ပစ် အမှိုက်များကို ခွဲခြားစွန့်ပစ်ခြင်းသည် အရေးမကြီး ဟုယူဆသူများနှင့် ပြန်လည်အသုံးပြုနိုင်သော သတ္တုများနှင့်မတူဘဲ အော်ဂဲနစ်ပစ္စည်းများအတွက် ဈေးကွက်ကြီးကြီးမားမားမရှိသည့် အခက်အခဲများ နှင့်ရင်ဆိုင်ရသည်။ ထို့ကြောင့် အမှိုက်ကောက် သမားများကို စနစ်တကျလုပ်ကိုင်ရန်အတွက် အခကြေးငွေပေးရသည်။

သို့သော်လည်း ဂရိတ်က အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ မီသိန်းလျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ခြင်းကြား ဆက်သွယ်မှုကို လူများပိုမို ပြုလုပ်လာကြပြီဖြစ်သည်။

အမှိုက်ပြဿနာဖြေရှင်းမှုနှင့် ပတ်သက်၍ လက်ရှိအသုံးပြုနေသောနည်းလမ်းများသည် ပိုမို ပူနွေးစေသည့်အတွက် ကမ္ဘာကြီးတွင် ပိုမိုကောင်းမွန် သောနည်းလမ်းများလိုအပ်နေသည်ဟု ကိတ်ဆီဂယ်က ပြောကြားသည်။ ကိတ်ဆီဂယ်သည်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်မယူသော လေထုသန့်ရှင်းရေးအဖွဲ့တွင် မီသိန်းညစ်ညမ်းမှုတားဆီးရေးကဏ္ဍတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည်။ အော်ဂဲနစ်ပစ္စည်းများကို နည်းလမ်းတကျ ဖြေရှင်းခြင်းသည် မီသိန်းဓာတ်ငွေ့ကိုလျှော့ချရန် အရေးကြီးသောနည်းလမ်းတစ်ခုဖြစ်သည်ဟု ကိတ်ဆီဂယ်က ပြောကြားသည်။ “ဒီလိုဖြေရှင်းချက်တွေကို ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မတို့အားလုံးဟာ အော်ဂဲနစ်အမှိုက်များကို နေ့တိုင်းဖန်တီးနေကြပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ မီသိန်းလျှော့ချရေး သဘောတူ စာချုပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင် ရွက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိနိုင်ငံများကို ၎င်းတို့၏ မီသိန်းအရင်းအမြစ်များကို စစ်ဆေးရန် တွန်းအား ပေးလျက်ရှိသည်။ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က ၂၀၃၀ ပြည့်နှစ်တွင် မီသိန်း ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်းလျှော့ချရန် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း မီသိန်းပမာဏ အများအပြား ထုတ်လွှတ်သည့် အခြားသောနိုင်ငံများက ငြင်းဆိုခဲ့ကြသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင်မီသိန်းထုတ်လုပ်ဖန်းတီးမှု ပဉ္စမမြောက်အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သမ္မတလူလာဒါဆေးဗား တာဝန်စယူသည့် ဇန်နဝါရီလကတည်းက ဘရာဇီး နိုင်ငံတွင် အမှိုက်ကောက်သမားများ၊ စွန့်ပစ်အမှိုက် ပြန်လည်အသုံးပြုရေးလုပ်ငန်းများနှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကိုပိုမို ထောက်ပံ့ပေးလျက်ရှိကြောင်း မိုရိုက်စ်ဗီအဲရားက ပြောကြားသည်။ မိုရိုက်စ်ဗီအဲရားသည် ဘရာဇီး နိုင်ငံရှိ အစိုးရနှင့်မသက်ဆိုင်သည့် အကျိုးအမြတ် မယူသောအဖွဲ့အစည်း ပေါလစ်အင်စတီကျု၏ စွန့်ပစ်အမှိုက်ဆိုင်ရာ အကြံပေးနှင့် သုတေသီ တစ်ဦးဖြစ်သည်။

နှစ်ပေါင်းများစွာ လည်ပတ်နေ

ဘရာဇီးနိုင်ငံ၏ နာမည်ကျော်ခရီးသွားဒေသတစ်ခုဖြစ်သည့် ဘဟီရာတွင် မြေဆွေးပြုလုပ်သည့် လုပ်ငန်းကြီးတစ်ခုသည် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့သည်။ ယင်းဒေသမှ အမှိုက်ကောက် သူများက ၎င်းတို့လုပ်ငန်းပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဟိုတယ်များနှင့် စားသောက်ဆိုင်များမှ အော်ဂဲနစ်အမှိုက်များကို လိုက်လံစုဆောင်းလျက်ရှိကြသည်။

တောင်အာဖရိကတွင် အော်ဂဲနစ်အမှိုက်များကို ခွဲခြားစွန့်ပစ်သည့်အလေ့အထမရှိပေ။ သို့သော် လည်း လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဒါဘန်ဆိပ်ကမ်းမြို့ရှိ ဈေးကြီးတစ်ခုတွင် အော်ဂဲနစ်အမှိုက်ခွဲခြား စွန့်ပစ်သည့်အလေ့အကျင့်ကို စမ်းသပ်ခဲ့သည်။

ဒါဟာ အာဖရိကတိုက်အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ စမ်းသပ်ကြည့်ပြီး ကြိုးစားရင်ရနိုင်ပါတယ်။ အာဖရိကတစ်နေရာမှာ စမ်းသပ်အသုံးပြုကြည့် လို့ရရင် အခြားတစ်နေရာမှာလည်း ရနိုင်ရမှာပေါ့။ ဒီဈေးကြီးကို တစ်နေ့တစ်နေ့လူပေါင်း ၄၀၀၀၀၀ ဝင်ထွက်သွားလာနေကြပါတယ်” ဟု အာဖရိက ဒေသဆိုင်ရာ ဂျီအေအိုင်အေ ညှိနှိုင်းရေးမှူး နိုက်ဗန် ရက်ဒီက ပြောကြားသည်။

ရက်ဒီကဲ့သို့ ဂျီအေအိုင်အေခေါင်းဆောင်များသည် ဖိလစ်ပိုင်နိုင်ငံတွင် စံနမူနာပြထားသည့် အမှိုက်စွန့်ပစ်စနစ်ကောင်းများကို အခြားသောနေရာများတွင်လည်း ထူထောင်သွားရန် ရှာဖွေ လျက်ရှိကြသည်။

ကိုးကား - Waste Pickers Help Fight Climate Change ကို ဘာသာပြန်သည်။

မောင်သာယာ

No comments:

Post a Comment