Saturday, April 29, 2023

လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ကြပါစို့

 

မွှေး(MA. Corruption and Governance, UK)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက် ရှိသည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်ချက်နှင့် ယူဆချက်အပေါ်မူတည်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။

နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးတို့တွင် နယ်ပယ်အလိုက် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးရှိပြီး လုပ်ပိုင်ခွင့်အာဏာရှိသူအဆင့်တွင် ဖြစ်ပွားသော အဂတိလိုက်စားမှုတွင် အကြီးစားအဂတိလိုက်စားမှု၊ နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဖြစ်ပွားလေ့ရှိပြီး ပမာဏအနည်းငယ်သော တံစိုးလက်ဆောင်နှင့် ငွေကြေးပေးခြင်း/ ယူခြင်း ကိစ္စရပ်အတွက် အသေးစား အဂတိလိုက်စားမှုဟူ၍ သတ်မှတ်ကြသည်။ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ အများပြည်သူက လာဘ်ပေးခြင်း၊ ငွေကြေး သို့မဟုတ် တံစိုးလက်ဆောင် ပေးခြင်းဟုသာ နားလည်ကြသည်။

ထိုသို့ အဂတိလိုက်စားမှုပုံစံအမျိုးမျိုး ရှိသည့်အနက် အများပြည်သူသာမက အုပ်ချုပ်ရေးယန္တရား၌ တာဝန်ထမ်းဆောင်နေသူတချို့က သတိမမူမိသော၊ အဂတိလိုက်စားမှုဟု မယူဆမိသော အဂတိလိုက်စားမှုပုံစံတစ်မျိုးရှိသေးသည်။ ယင်းမှာ အလုပ်တာဝန်များကို လူမှန်၊ နေရာမှန် တာဝန်ပေးခြင်းမရှိဘဲ မိမိအကျိုးကိုရှေးရှုပြီးမျက်နှာသာပေးဘက်လိုက်သည့်တာဝန်ပေးမှုမျိုး ဖြစ်သည်။ ၎င်းအခြေအနေမျိုးတွင် အဂတိလိုက်စားမှုကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူများကိုယ်တိုင်ပင် သတိမမူမိလောက်အောင်ပင် သိမ်မွေ့လှသည်။ ၎င်းကဲ့သို့သော အဂတိလိုက်စားမှုသည် မည်သည့် သတင်းစာ၊ စာစောင်များတွင်မှ အဂတိလိုက်စားသည့် ပြစ်မှုသတင်းအဖြစ် ကျူးလွန်သူတရားခံများကို ဖမ်းဆီးအရေးယူချပြနိုင်သည်အထိ မျက်ဝါးထင်ထင် လက်ဆုပ်လက်ကိုင်ပြရန် ခက်ခဲသော်လည်း တိုင်းပြည်၏အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုကို ယိုင်နဲ့ပျက်စီးစေသည်။

ကိုယ်ကျိုးစီးပွားအတွက် မျက်နှာသာပေး ဘက်လိုက်ခြင်း

မျက်နှာသာပေးဘက်လိုက်ခြင်း ပုံစံဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုသည် Favor ဟူသော လက်တင်ဘာသာ စကားမှဆင်းသက်လာပြီးအမှန်ကို မစူးစမ်းဘဲဆန္ဒာဂတိဖြင့် မျက်စိမှိတ်၍ မိမိနှင့် ချစ်ခင်အဆင်ပြေသူ၏ ဆန္ဒအတိုင်းဘက်လိုက်ခြင်း (Favouritism)ဟူသော အဓိပ္ပာယ်ရသည်။ ဤအဂတိ လိုက်စားမှုမျိုးတွင် လူယုံမွေးခြင်း (Patronage) သည်လည်း ပုံစံတစ်မျိုးဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုဖြစ်ပြီး ၎င်းအဂတိလိုက်စားမှုကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရယန္တရားနှင့် နိုင်ငံရေး လောကတွင် အတွေ့ရများသည်ဟု ပညာရှင်များက ထောက်ပြကြသည်။ ကိုယ်ကျိုးအတွက် မျက်နှာသာပေး ဘက်လိုက်ခြင်းပုံစံ အဂတိလိုက်စားမှုသည် သမားရိုးကျ မြင်သာထင်သာရှိသော အကြီးစားအဂတိလိုက်စားမှုနှင့် အသေးစားအဂတိလိုက်စားမှုများကဲ့သို့ မဟုတ်ဘဲ ညင်သာစွာဖြင့် အုပ်ချုပ်မှုယန္တရား အသီးသီးတွင် အမြစ်တွယ်လေ့ရှိပြီး အစိုးရအုပ်ချုပ်ရေးပိုင်းတွင် ဖြစ်ပွားသည့် အဂတိလိုက်စားမှု (Bureaucratic Corruption) ပုံစံခွဲတစ်မျိုးဟု သတ်မှတ်ကြသည်။ ဤပုံစံ အဂတိလိုက်စားမှုအပေါ် ပညာရှင်များက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာရှုထောင့်၊ စီးပွားရေး ဆိုင်ရာရှုထောင့်နှင့် နိုင်ငံရေးဆိုင်ရာ ရှုထောင့်များမှ ဖော်ပြရေးသားကြ သည်။

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ရှုထောင့်

ဖော်ပြပါပုံစံဖြင့် အဂတိလိုက်စားမှုသည် အစိုးရဌာနဆိုင်ရာ အဂတိလိုက်စားမှု (Bureaucratic Corruption)ကို ဖြစ်ပွားစေသော အဓိက နှင်တံဖြစ်သည်ဟု ထောက်ပြကြသည်။ အစိုးရဌာနများ တွင် အဆိုပါမျက်နှာသာပေး၊ ဘက်လိုက် ခြင်းပြဿနာများ နက်ရှိုင်းစွာအမြစ် တွယ်လာပါက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ စိတ်အားထက်သန်မှု များ ကျဆင်းသွားမည် ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားသော အလားအလာရှိသော ဝန်ထမ်းကောင်းများသည် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်း၊ ၎င်းတို့၏ အရည်အချင်းများကို အဖွဲ့အစည်းတိုးတက်ရေးအတွက် အသုံးမပြုတော့ဘဲ မျက်နှာသာရစေရေးအတွက်သာ အသုံးချခြင်းတို့ကြောင့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှု (Organizational Culture) ပျက်ပြား သွားမည်ဖြစ်သည်။ ဝန်ထမ်းများအကြားတွင် မျက်နှာသာပေးခြင်း၊ လူယုံမွေးခြင်းကြောင့် မှန်ကန်သည့်ယှဉ်ပြိုင်မှုများ မရှိတော့ပါ။ အရေးကြီးသည့် ရာထူးနေရာ၊ တာဝန်များတွင် မျက်နှာသာရထားသည့် လူယုံများသာကြီးစိုးလျှင် မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ လူသားအရင်း အမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်။

စီးပွားရေးရှုထောင့်

စီးပွားရေးရှုထောင့်အမြင်အရ မိမိနှင့်အဆင်ပြေသော စီးပွားရေးလုပ်ငန်းရှင်များကို တင်ဒါလုပ်ငန်းများပေးခြင်း၊ လုပ်ပိုင်ခွင့်များပေးခြင်းကြောင့် မှန်ကန်သည့် ယှဉ်ပြိုင်မှုမရှိတော့ဘဲ တစ်ဦးတည်း သို့မဟုတ် တစ်အုပ်စုတည်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းများ ဖြစ်ပေါ်လာ သည်။ အကျိုးဆက်အနေဖြင့် စွန့်ဦးတီထွင် လုပ်ငန်းငယ်ကလေးများက စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ခြင်း၊ လုပ်ငန်းတစ်ခုလုံးကို စီးပွားရေးသမားတစ်ဦး သို့မဟုတ် တစ်ဖွဲ့ကသာ နေရာယူထားသောကြောင့် စျေးကွက်စီးပွားရေးစနစ် ပုံပျက်ကာ စားသုံးသူ ပြည်သူလူထုက စျေးကစားသည့်ဒဏ်ကို ခံရခြင်း စသည့်အကျိုးဆက်ပြဿနာများ ကြုံတွေ့ရသည်။

နိုင်ငံရေးရှုထောင့်

နိုင်ငံရေးဆိုင်ရာ လူယုံမွေးမှုသည် ကမ္ဘာ့နိုင်ငံအများစုတွင် ခေတ်အဆက်ဆက်မှ ယနေ့တိုင် ဖြစ်ပွားနေသော အဂတိလိုက်စားမှုဖြစ်သည်။ ၎င်းအဂတိ လိုက်စားမှုတွင် မိမိပါတီအောင်နိုင်ရေး အတွက် အထောက်အပံ့ကောင်းပေးနိုင်မည့် ပုဂ္ဂိုလ်များအား အစိုးရနေရာ ရာထူးကြီးများတွင် ပေးခြင်း၊ ငွေကြေးနှင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် သူဌေးသူကြွယ်များကို လုပ်ပိုင်ခွင့်ပေး၍ လူယုံ မွေးခြင်းတို့ ပါဝင်သည်။ လက်သပ် မွေးထားသည့် လူယုံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အတွင်းအကျ ဆုံး လူယုံလူတန်းစားအဖွဲ့အစည်း(Ultra Elite Network) ဖြင့် အုပ်ချုပ်ခြင်းကြောင့် အုပ်ချုပ်သူလူနည်းစု၏ အကောင် အထည်ဖော်လိုသော မူဝါဒမှာ ပြင်ပလက်တွေ့အခြေအနေများနှင့် ကိုက်ညီမှုမရှိခြင်း၊ ခေတ်၏ကြေးမုံပြင်ကို မထင်ဟပ်နိုင်ခြင်း၊ အမှန်တကယ်အရှိတရားကို မျက်ကွယ်ပြုသည့် ပြဿနာဖြစ်ပေါ်လာ ခြင်းစသည့် မလိုလားအပ်သော အကျိုးဆက်တို့ကို အုပ်ချုပ်ခံလူတန်းစားတစ်ရပ် လုံးက ခံစားရသည်။

နိုင်ငံတကာမှသင်ခန်းစာများ

လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာမျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို ယခင်ကနိုင်ငံ အများစု၏ ဥပဒေထဲတွင် တိတိကျကျ ပုဒ်မတစ်ခုဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး အရေးယူခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၁၀ တွင် ပြန်လည်ဖြည့်စွက် အတည်ပြုခဲ့သော ပါလက်စတိုင်းနိုင်ငံ၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင် မျက်နှာသာပေး ဘက်လိုက်ခြင်းကို အဂတိအမှုဖြင့် သတ်မှတ်ပြီး ကျူးလွန်သူအား ထောင်ဒဏ်သုံးနှစ်မှ ဆယ်နှစ်အထိ ကျခံစေရန်သတ်မှတ်ခဲ့ပါသည်။ တောင် ကိုရီးယားသမိုင်းတွင် ရွေးကောက်ခံ သမ္မတတစ်ဦးအနေဖြင့် ပထမဆုံး ဖယ်ရှားခံရသူ အမျိုးသမီးသမ္မတဟောင်း မစ္စပတ်ဂွန်းဟီး (၂၀၁၃ -၂၀၁၇) သည် သူမကျူးလွန်သည့် အဂတိလိုက်စားမှု များတွင် အဓိကကျသည့် အားပေးပံ့ပိုး သောသူတစ်ဦးမှာ သူမ၏ လူယုံ၊ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ Ms. Choi Soon -Sil ဖြစ်ပြီး နိုင်ငံရေး၊ မဲဆွယ်စည်းရုံးရေးနှင့် စီးပွားရေးကိစ္စများတွင် ပါဝင်ပတ်သက်နေသောကြောင့် ၎င်း အမျိုးသမီးမှာ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဟောင်းတစ်ဦးဖြစ်သူ မစ္စတာဆူဟာတို (၁၉၆၇ - ၁၉၉၈) သည် သူ၏သမ္မတသက်တမ်း ၁၈ ကျော် ကာလအတွင်း အဂတိလိုက်စားမှု ပေါင်းများစွာဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူတစ်ဦး ဖြစ်သည်။ Transparency International က ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အဂတိလိုက်စားမှု အများဆုံးအုပ်ချုပ်သူစာရင်းတွင် မစ္စတာဆူဟာတိုသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ သမ္မတဟောင်း မစ္စတာဆူဟာတို လက်ထက်တွင် အစိုးရအဖွဲ့ အတွင်း လူယုံမွေးခြင်း၊ စီးပွားရေးသမားများနှင့် မလျော်ကန်သောဆက်နွှယ်မှုများ ရှိခြင်း၊ မိမိ၏ ဆန္ဒသဘောထားကို အကောင်အထည်မဖော်ဘဲ မှန်ရာကို တင်ပြသည့် ပုဂ္ဂိုလ်များအား ဖယ်ထုတ်ခြင်း၊ မိမိ၏ လူယုံများသာ အုပ်ချုပ်ရေးတွင် ကြီးစိုးခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးများ မငြိမ်မသက်ဖြစ်ကာ နောက်ဆုံးတွင် မစ္စတာဆူဟာတို ရာထူး မှ ဖယ်ရှားခံခဲ့ရသည်။

 လူမှန်၊ နေရာမှန် ဆောင်ရွက်ခွင့်မပေးဘဲ လူယုံမွေးခြင်း၊ မိမိကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူကိုသာ မျက်နှာသာပေးခြင်း စသည့်ပုံစံဖြင့် ကျူးလွန်သော အဂတိလိုက်စားမှုသည် မြင်တွေ့လွယ်သော ငွေကြေး၊ တံစိုး၊ လာဘ်လာဘများပေးသကဲ့သို့ လက်ဆုပ်လက်ကိုင် အလွယ်တကူပြရန် ခက်ခဲသော အဂတိအမှုကိစ္စဖြစ်သည်။ ၎င်း အဂတိအမှုတွင် ပါဝင်ပတ်သက်သူ (လူယုံ)သည်လည်း ပါးနပ်ညင်သာ သကဲ့သို့၊ ကျူးလွန်သူ (လုပ်ပိုင်ခွင့်ရှိသူ) ကိုယ်တိုင်ပင် မိမိသည် လူယုံမွေး ကိုယ်ကျိုးရှာနေသည် သို့မဟုတ် ဆရာမွေးခံရသည်ဟု မယူဆဘဲ မိမိအတွက်၊ မိမိအဖွဲ့အစည်းအတွက် သစ္စာရှိသူများ ဝန်းရံနေသည်ဟု အထင်မှားယွင်းပြီး ၎င်းတို့၏ ပြောဆိုကြံစည်သမျှကို လက်သင့်ခံကာ ပိုမိုကျယ်ပြန့်သော၊ ဘက်ပေါင်းစုံအခြေခံအကြောင်းတရားများကိုမူတည်၍ သက်သေအခြေပြု မူဝါဒများ မချမှတ်နိုင်ခြင်း (Evidence-Based policy)၊ ကောင်းမွန်သော အုပ်ချုပ်မှုများကို မဆောင်ရွက်နိုင်ခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပွားစေတတ် သည်။ အဆုံးတွင် နိုင်ငံတော်နှင့် တိုင်းသူ ပြည်သား၏ အကျိုးစီးပွားကို ပျက်စီး စေရုံသာမက ကျူးလွန်သူ၏ ဖြောင့်မတ် တည်ကြည်မှု၊ ဂုဏ်သိက္ခာပါ ကျဆုံးစေခြင်းကြောင့် လူမှန်နေရာမှန် ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာ မျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို အလေးထား ဂရုပြုသင့်ပါသည်။

နိဂုံး

ထို့ကြောင့် မိမိအကျိုးအတွက် ဘက်လိုက်ဆက်ဆံခြင်းမှ အစပြုခဲ့သော ဆက်စပ်၊ ဆက်နွှယ်ပြုမူမှုများသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည်တို့အားလွန်စွာ ထိခိုက်နစ်နာလှသည့် ဖြစ်ရပ်များသို့ ဦးတည်နေသည်ကို သတိချပ်စေ အပ်ပါသည်။

လူအများက အဂတိလိုက်စားခြင်းကို လာဘ်စားခြင်းတစ်ခုတည်းကိုသာ အမြင်မှား၊ အသိမှား ဖြစ်နေတတ်သည်။ အမှန်အမြင်မှာ အဂတိလိုက်စားခြင်း ဆိုသည်ကို လာဘ်စားခြင်းတစ်ခုတည်း ဟု သိမြင်နေခြင်းထက်ကျယ်ပြန့် နက်ရှိုင်းစွာသိနေရန် လိုအပ်လှသည်။ ဗုဒ္ဓမြတ်စွာဘုရားပင်လျှင် သင်္ဂါလုလင်ကို မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသတရားလေးပါးကို ပြညွှန်းတော်မူခဲ့ပြီး အဂတိတရား လေးပါးကို မလိုက်စားအပ်ကြောင်းဆုံးမတော်မူခဲ့သည်။ ၎င်းအဂတိ တရား လေးပါးသည် () ဆန္ဒာဂတိ၊ () ဒေါသာ ဂတိ၊ () မောဟာဂတိ၊ () ဘယာဂတိ တို့ပင် ဖြစ်သည်။

ဆန္ဒာဂတိမှာ ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဒေါသာဂတိမှာ စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက် ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ မောဟာ ဂတိမှာ ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဘယာဂတိမှာ ကြောက်ရွံ့သဖြင့် မလိုက် သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်းတို့ကြောင့် အဂတိလိုက်စားမှုသည် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများနှင့် တရားမျှတမှုကို သွေဖည်ခြိမ်းခြောက်လျက်ရှိကြောင်း တွေ့နေရသည်။ လူ့အဖွဲ့အစည်းကိုလည်း မတည်မငြိမ်ဖြစ်စေလျက် တရားဥပဒေစိုးမိုးရေးကိုပါ အန္တရာယ်ပြုလျက် ရှိနေသည်။ အဂတိလိုက်စားမှုသည် ဓလေ့ထုံးတမ်းအစဉ်အလာ (Institution)နှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စားစေတတ်ပြီး ချည့်နဲ့အားနည်းပျက်သုဉ်းသွားစေတတ်သောသဘောလည်း ဖြစ် နေတတ်သည်။ သို့ဖြစ်၍ အဂတိလိုက်စားမှု၏ ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းထန်ဆုံး ထိခိုက်ခံစား ရသူများမှာ အခြေခံလူတန်းစား ပြည်သူများသာဖြစ်သဖြင့် အဂတိလိုက်စားမှုကို ပြည်သူတစ်ရပ်လုံးက တွန်းလှန်တားဆီး ကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။ ။

ရည်ညွှန်းကိုးကား -

(1)       Causes of Corruption in Indon-esia

(2)       Public Appointment from patronage to Merits

(3)       Patronage - driven Corruption undermining the fight against poverty

(4)       Governance and Patronage

(5)       Corruption in South Korea

No comments:

Post a Comment