Saturday, April 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

 





နေပြည်တော် ဧပြီ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ်လေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကိုကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ကွင်းသန့်ရှင်းရေးအတွက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများကို အမြဲမပြတ်ဆောင်ရွက်နေရန် လိုကြောင်းမှာကြားပြီး တာချီလိတ်မြို့အတွင်းရှိလမ်းများအား သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာပြုလုပ်ထားရန်လိုကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယာဉ်နံပါတ်များတပ်ဆင်ရန်အတွက် ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ်နံပါတ်များစနစ်တကျတပ်ဆင်စေရေး ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် မိုးရေများစုဆောင်းခြင်းနှင့် ရေထွက်နေရာများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဒေသအတွင်း အသား၊ ငါးများလုံလောက်စွာရရှိရေး မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း ပို့ကုန်များတင်ပို့နိုင်မှုများကို မှတ်တမ်းတင်ထားရှိရန်လိုပြီး ထိုမှတစ်ဆင့်သုတေသနပြုဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းထုတ် ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ တာချီလိတ်မြို့သို့ မော်တော်ယာဉ်၊ လေယာဉ်များဖြင့်ပြင်ပမှဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်း တင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ) တွင် တောင်ယာများမီးရှို့ခြင်းမှထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို မတ်လနှင့ ဧပြီလတို့တွင် ရက် ၂၀ ကျော်ကြာပိတ်ခဲ့ရကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း ဒေသ)အတွင်း ထိုသို့တောင်ယာများ မီးရှို့ခြင်းနှင့်လယ်ယာများ၌ ကောက်ရိုးများမီးရှို့ ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု စနစ်ပပျောက်အောင်ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ကုန်းမြင့်လယ်စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့်ကြပ်မတ်ခြင်းများကို ဆောင်ရွက်ရန်လိုကြောင်းဖြင့် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုနှင့် လေဆိပ်အဆောက်အဦကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment