Tuesday, April 11, 2023

သတိပြုရမည့် လျှပ်စစ်ဓာတ်အားတပ်ဆင်သုံးစွဲမှုများ

 


မောင်မောင်(လျှပ်စစ်)

မြန်မာ့ရိုးရာမဟာသင်္ကြန်ရက်များအတွင်း မြန်မာပြည်သူပြည်သားများ ပျော်ရွှင်စွာရေကစားနိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၌ မြို့နယ်အလိုက် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ ဆောက်လုပ်လျက်ရှိရာ သင်္ကြန်မဏ္ဍပ်များတွင် ဖြစ်ပေါ်နိုင်သော “လျှပ်စစ်အန္တရာယ်’’ ကြိုတင်ကာကွယ်ရေးအတွက် “လျှပ်စစ်အသိ၊ လျှပ်စစ်သတိ” ရှိကြစေလိုသည်။

 


မည်သည့်မဏ္ဍပ်မဆို လျှပ်စစ်ဓာတ်အားလိုအပ်မည်၊ သုံးစွဲမည်ဖြစ်သည်။ စင်စစ်လျှပ်စစ်ဓာတ်အားသည် “သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဆိုသကဲ့သို့ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို လွယ်လင့်တကူအသုံးပြုနိုင်သော်လည်း အဆိုပါခလုတ်အပါအဝင် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို စနစ်တကျ၊ နည်းလမ်းတကျတပ်ဆင်ရန်လည်း အရေးကြီးသည်။

ယခုတည်ဆောက်နေသည့် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်များ၊ နှစ်မျိုးစလုံးပါရှိသည့် မဏ္ဍပ်များတွင် လျှပ်စစ်ဓာတ်အားကို သုံးစွဲကြမည်ဖြစ်ရာ “လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး”ကို ထည့်သွင်းတွက်ချက် ဆောင်ရွက်ကြရန်လိုအပ်သည်။

“Safety-First” ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဖြစ်သည်။ ရေကစားမဏ္ဍပ်များကို လျှပ်စစ်ဓာတ်အားလိုင်းအောက်တွင် ဆောက်လုပ်ပါက ဓာတ်အားလိုင်းနှင့် လွတ်ကင်းသော အမြင့်ပေသာ ဆောက်သင့်ပါသည်။ ရှောင်လွှဲ၍ရပါက လျှပ်စစ်ဓာတ်အားလိုင်းနှင့် နီးသောနေရာကို ရှောင်သင့်ပါသည်။

ဆိုရပါမူ ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကောင်းကင်ဓာတ်အားလိုင်းများကို Insulator Cover ပါသောဓာတ်ကြိုးများ လဲလှယ်တပ်ဆင်ထားသည်။

သို့ရာတွင် Insulator Cover မပါရှိသော ကောင်းကင်ဓာတ်အားလိုင်းများရှိနေသေးရာ အဆိုပါ ဓာတ်အားလိုင်းအောက်၌ ရေကစားမဏ္ဍပ်ကို ခပ်မြင့်မြင့်ဆောက်ထားပါက ရေကစားကြရာမှ တစ်ခါတစ်ရံ ရေပိုက်ခေါင်းများကို ကောင်းကင်ပေါ်သို့ ထောင်ပက်မိသည့်အခါ ဓာတ်အားလိုင်းကြိုးများအနီး ရေရောက်ရှိသွားပါက ရေပိုက်ကိုင်ထားသူကို ဓာတ်လိုက်ပေမည်။ ထိုသို့ဓာတ်လိုက်ရာ၌ တစ်ဦးတစ်ယောက် တည်းနှင့်အဆုံးမသတ်ဘဲ ဓာတ်လိုက်နေသူ၏အနီးရှိ ရေစိုနေသူများကိုပါ ဓာတ်လိုက်မည်ဖြစ်ရာ အလွန်အန္တရာယ်များလှပေသည်။ လျှပ်စစ်ဓာတ်အားသည် ရေတွင်စီးဝင်လွယ်သဖြင့် ဓာတ်လိုက်မှုကို ပိုမိုဖြစ်စေသည်။

ထို့အတူ သင်္ကြန်မဏ္ဍပ်များတွင် လျှပ်စစ်ဓာတ်အားတပ်ဆင်ဆက်သွယ်ရာ၌ အရည်အသွေးပြည့်မီ ကောင်းမွန်သောဝိုင်ယာကြိုးများ၊ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းအသစ်များ တပ်ဆင်သုံးစွဲရန်လိုအပ်သည်။ ပေါက်ပြဲ၊ ဆွေးမြည့်နေသော ဝိုင်ယာကြိုးအဟောင်းများ၊ ကွဲအက်ကျိုးပဲ့နေသော လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ စံချိန်စံညွှန်းမပြည့်မီသော လျှပ်စစ်ပစ္စည်းများကိုသုံးစွဲခြင်းမှ ရှောင်ကြဉ်ကြရပါမည်။

လျှပ်စစ်ဝိုင်ယာကြိုးအပါအဝင် လျှပ်စစ်ပစ္စည်းများတပ်ဆင်ရာ၌လည်း မဏ္ဍပ်တွင်အသုံးပြုမည့် မီးသီး၊ မီးချောင်း၊ ပန်ကာ၊ ဧည့်ခံရေးအတွက် ချက်ပြုတ်မည့် မီးဖို၊ ရေနွေးအိုးအပါအဝင် လျှပ်စစ်ဓာတ်အား သုံးပစ္စည်းများ၊ ရေစုပ်မော်တာများ၊ ရေပက်မည့်ရေပန့်များစသညတို့ တစ်ပြိုင်နက်သုံးမည့် လျှပ်စစ်ဝန်အားထက် ပိုမိုတွက်ချက်ပြီး ၎င်းဝန်အားကိုနိုင်သော အီယာအရွယ်အစား၊ ဘရိတ်ကာ၊ ခလုတ်များ ကို တပ်ဆင်ခြင်းဖြင့် ဝန်အားမမျှ-မသုံးရဟူသော လျှပ်စစ်အန္တရာယ်သတိပေးချက်ကို ဂရုပြုလိုက်နာရာရောက်သည့်အပြင် လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရာရောက်ပါသည်။

မဏ္ဍပ်များတွင် မီးခလုတ်၊ မီးပလပ်၊ ဆေ့ကတ်၊ ဘရိတ်ကာများကို မဏ္ဍပ်၏အတွင်းပိုင်း (ရေလှမ်းပက်ပါက ရေမရောက်နိုင်သည့်နေရာ)၊ မြင့်သောနေရာတို့တွင် တပ်ဆင်သင့်ပါသည်။ တစ်ကိုယ်လုံးရေစိုနေသူများ၊ ရေစိုနေသောလက်များဖြင့် လျှပ်စစ်ခလုတ်များဖွင့်ခြင်း၊ ပလပ်တပ်ခြင်းများ ရှောင်ကြဉ်ရပါမည်။ အလွန်အန္တရာယ်များပါသည်။

ထပ်မံ၍သတိပြုလိုသည်မှာ “ရုံးဆင်း၊ ရုံးပြန်မမေ့ရန် မီးနှင့်ပန်ကာပိတ်” ဟူသော ဆောင်ပုဒ်အတိုင်း မဏ္ဍပ်များတွင် တစ်နေ့တာပြီးဆုံး၍ အသီးသီးပြန်ကြပါက နောက်ချန်တာဝန်ကျသူတို့က မဏ္ဍပ်ရှိ ရေမော်တာခလုတ်များ၊ လျှပ်စစ်ဓာတ်အားသုံးမီးဖို၊ လျှပ်စစ်ရေနွေးအိုး၊ ပန်ကာတို့ပိတ်ပြီး၊ မပြီးစစ်ဆေးကြရန်လိုအပ်သည်။ ပို၍အရေးကြီးသည်မှာ လျှပ်စစ်ဓာတ်အားသုံးဝိုင်ယာကြိုးများ၊ ခလုတ်များတပ်ဆင်ရာတွင် လျှပ်စစ်ကျွမ်းကျင်မှုလက်မှတ်ရ မှတ်ပုံတင်လုပ်သားများဖြင့် စနစ်တကျတပ်ဆင်ဆက်သွယ်ရန်လိုပါသည်။

“Safety First” ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဆိုသကဲ့သို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားရင်းနှစ်သစ်သို့ ပျော်ရွှင်စွာ၊ မင်္ဂလာရှိရှိ ကူးပြောင်းနိုင်ရေးအတွက် မဟာသင်္ကြန်မဏ္ဍပ်များ၌ သတိပြုရမည့် လျှပ်စစ်ဓာတ်အားတပ်ဆင်သုံးစွဲမှုများကို အလေးအနက်ထားကြစေလိုကြောင်း ရေးသားအသိပေးလိုက်ရပါသည်။ ။

No comments:

Post a Comment