Monday, April 10, 2023

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

သုတကျော်

(ယမန်နေ့မှအဆက်)

နိုင်ငံရေးပါတီများ စောင့်ထိန်းလိုက်နာရမည့်အချက်များ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း လျှောက်လွှာတွင် ဖော်ပြရပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည် -

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ခ) တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊

(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊

(င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊

(စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းမပြုရေး။

နိုင်ငံရေးပါတီများစစ်ဆေးတွေ့ရှိမှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၃-၈-၂၀၂၁ ရက်နေ့ မှ ၃-၇-၂၀၂၂ ရက်နေ့အထိ နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ပါတီရုံးခန်းများ၊ ပါတီဝင်အင်အားနှင့် ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများကို စစ်ဆေးခဲ့ရာ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်-

(က) ပါတီရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေ

နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေမှာ

(၁) ရုံးခန်း ၁၀၀ နှင့်အထက်ရှိသော - ၄ ပါတီ

နိုင်ငံရေးပါတီ                          

(၂) ရုံးခန်း ၅၀ နှင့်အထက်ရှိသော - ၃ ပါတီ

နိုင်ငံရေးပါတီ                          

(၃) ရုံးခန်း ၅၀ အောက်ရှိသော - ၇၀ ပါတီ

နိုင်ငံရေးပါတီ                          

(၄) ရုံးခန်း တစ်ခန်းသာရှိသော - ၁၅ ပါတီ

နိုင်ငံရေးပါတီ  

(ခ) စည်းရုံးရရှိပြီးသော ပါတီဝင်အင်အားစာရင်း

နိုင်ငံရေးပါတီ ၉၂ ပါတီ၏ စည်းရုံးရရှိပြီးသော ပါတီဝင် အင်အားစာရင်းမှာ-

(၁) ပါတီဝင်အင်အား တစ်သိန်းနှင့် ၄ ပါတီ

အထက်နိုင်ငံရေးပါတီ (မစိစစ်ရသေးသည့် NLD ပါတီ၏ ခန့်မှန်းအင်အား ပါဝင်ပါသည်။)

(၂) ပါတီဝင်အင်အား တစ်သောင်းနှင့် ၄ ပါတီ

အထက်နိုင်ငံရေးပါတီ              

(၃) ပါတီဝင်အင်အား တစ်ထောင်နှင့် ၇၆ ပါတီ

အထက်နိုင်ငံရေးပါတီ              

(၄)ပါတီဝင်အင်အား ငါးရာနှင့် ၈ ပါတီ

အထက်နိုင်ငံရေးပါတီ              

(ဂ) ပါတီရန်ပုံငွေတည်ရှိမှုစာရင်း

နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ပါတီရန်ပုံငွေတည်ရှိမှုစာရင်းမှာ

(၁) သိန်းတစ်ထောင်နှင့်အထက် ၂၁ ပါတီ

နိုင်ငံရေးပါတီ              

(၂) သိန်းတစ်ရာနှင့်အထက် ၃၀ ပါတီ

နိုင်ငံရေးပါတီ              

(၃) သိန်းတစ်ရာအောက် ၂၀ ပါတီ

 နိုင်ငံရေးပါတီ 

(၄) ရန်ပုံငွေမရှိသည့် နိုင်ငံရေးပါတီ ၁၄ ပါတီ

(၅) စစ်ဆေးရန်ကျန် နိုင်ငံရေးပါတီ  ၇ ပါတီ

(ဘဏ္ဍာငွေမသိရှိပါ)       

အဆိုပါ နိုင်ငံရေးပါတီအများစုသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီက တည်ရှိခဲ့သည့် ပါတီအချို့ပါဝင်သကဲ့သို့ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ကာလများနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီအထိတည်ထောင်ခဲ့ကြသည့် ပါတီများဖြစ်ကြပြီး သက်တမ်းကာလအားဖြင့် ဆယ်စုနှစ်ကျော်သက်တမ်းရှိသည့် ပါတီများရှိရာ အနည်းဆုံးကာလအားဖြင့် သုံးနှစ်ကျော်လေးနှစ်နီးပါးရှိကြသည်။ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံရေးပါတီများအနေဖြင့် ပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊ ပါတီရန်ပုံငွေ၊ ပါတီဝင်အင်အားများနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီတစ်ရပ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်မှုများ အားနည်းသည်ကို တွေ့ရှိရသည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများနှင့် အနိုင်ရပါတီများ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၁၉ ပါတီ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီသုံးပါတီ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ငါးပါတီနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီလေးပါတီရှိခဲ့သည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ

ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုများကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင် ရာ ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၆၆ ပါတီရှိပြီး ၎င်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီနှစ်ပါတီ၊ ၇၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ နှစ်ပါတီ၊ ၁၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ သုံးပါတီ၊ ၁၀၀ နှင့် ၅၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ငါးပါတီ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၂၆ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့် ပါတီ ၂၆ ပါတီ ရှိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင်နိုင်သည့် ပါတီခုနစ်ပါတီရှိကြောင်း တွေ့ရှိရသည်။ ထို့အတူတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ၂၄ ပါတီအနက် ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အထက် ယှဉ်ပြိုင်သည့်ပါတီတစ်ပါတီ၊ ၅၀ မှ ၁၀ ကြား ၁၀ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၃ ပါတီဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင်နိုင်သည့်ပါတီ နှစ်ပါတီပါရှိကြောင်း တွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၇၂ ပါတီရှိပြီး ယင်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ နှစ်ပါတီ၊ ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ငါးပါတီ၊ ၁၀၀ နှင့် ၅၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ သုံးပါတီ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၂၄ ပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့်ပါတီ ၃၅ ပါတီရှိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင်နိုင်သည့်ပါတီ ၁၉ ပါတီ ရှိကြောင်း တွေ့ရှိရသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ၁၅ ပါတီအနက် ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အထက် ယှဉ်ပြိုင်သည့်ပါတီတစ်ပါတီ၊ ၅၀ မှ ၁၀ ကြား လေးပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၀ ပါတီတို့ဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင်သည့်ပါတီ လေးပါတီရှိကြောင်း တွေ့ရှိရသည်။

အထက်ပါအချက်အလက်များကို လေ့လာသုံးသပ်ပါက ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၇၀ ကျော်အနက် ကိုယ်စားလှယ်နေရာ ၅၀ နေရာနှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်သောပါတီ ၁၃ ပါတီခန့်သာရှိပြီး အများစုမှာ ကိုယ်စားလှယ်နေရာ ၅၀ အောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀ ရာခိုင်နှုန်းကျော်သော ပါတီများသည် အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေဖြစ်သည့် သုံးဦးသာ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း တွေ့ရှိရသည်။ ရွေးကောက်တင်မြှောက်ခံရမှုအခြေအနေကို လေ့လာပါက လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းဆုံးတစ်နေရာရရှိသည့်ပါတီများအပါအဝင်အရေအတွက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၉၀ ခန့်အနက် ပါတီ ၂၀ ဝန်းကျင်သာရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ စာရင်းဇယားအချက်အလက်များအပေါ် လေ့လာသုံးသပ်ပါက နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့်အနိုင်ရရှိမှု နည်းပါးသည်ကိုတွေ့ရပြီး ခိုင်မာအားကောင်းသည့် ပါတီများဖြစ်လာရေး နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်တူသည့်ပါတီများ ပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်ကြောင်း သုံးသပ်ရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပြဋ္ဌာန်းချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေတွင် နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အား၊ ပါတီရုံးခန်းနှင့် ပါတီရန်ပုံငွေများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်- 

(က) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို ပြည့်မီအောင် စည်းရုံးရမည်ဖြစ်သည်။

(ခ) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အတွင်း မြို့နယ်အားလုံး၏ အနည်းဆုံးငါးမြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။

(ဂ) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရှိရမည်ဖြစ်သည်။

အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်ရမည်။

နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည်သူကို ကိုယ်စားပြုပြီး တိုင်းပြည်တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်ရန် လိုပါသည်။ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်စေရန် တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက်မည့်ပါတီဖြစ်ပါက တစ်နိုင်ငံလုံးနှင့်လျော်ညီစွာ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန်လိုအပ်သည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေး ပါတီရုံးခွဲများရှိရန်လိုအပ်သည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ် သည်။

နိုင်ငံရေးပါတီများအနေဖြင့် မိမိကိုယ်တိုင် ခိုင်ခိုင်မာမာ ရပ်တည် ဖွဲ့စည်းနိုင်မှသာ တိုင်းပြည်အကျိုး၊ ပြည်သူများ၏ အကျိုးကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် ရေရှည်အကျိုးကိုမျှော်ကိုးပြီး တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် အကျိုးများပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ကြောင်း တွေ့ရသည်။

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် အင်တိုနီဒေါင်းစ် (Antony Downs)က “မျှတမှန်ကန်စွာစီစဉ်ပြုလုပ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်အနိုင်ယူခြင်းအားဖြင့် အစိုးရယန္တရားတွေကို ထိန်းချုပ်ဖို့ကြိုးစားနေသော လူမှုအစုအဖွဲ့တစ်ခုဟာ နိုင်ငံရေးပါတီဖြစ်သည်”ဟု ဆိုထားသည်။ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ကျော်ကြားသော သုတေသီတစ်ဦးအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခံထားရသူ အီတလီပညာရှင်ဂျော်ဗန်နီ (Giovanni Sartori)ကလည်း “ရွေးကောက်ပွဲများတွင် တရားဝင် ကိုယ်ပိုင်သင်္ကေတတံဆိပ်တစ်ခုကိုကိုင်စွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုရွေးကောက်ပွဲများမှတစ်ဆင့် မိမိ၏ကိုယ်စားလှယ်များအား အစိုးရရာထူးများဆီသို့ ပို့ပေးနိုင်စွမ်းရှိသော နိုင်ငံရေးအစုအဖွဲ့တစ်ခုကို နိုင်ငံရေးပါတီဟုခေါ်သည်” ဟုဖွင့်ဆိုထားသည်။ အဆိုပါဖွင့်ဆိုချက်များသည် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားနေကြသော်လည်း တူညီသော အခြေခံလက္ခဏာနှစ်ခုရှိသည်။ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အစိုးရရာထူးများနှင့် လူထုကိုယ်စားပြုအာဏာရရှိရေးကို ရည်ရွယ်ကြိုးပမ်းလှုပ်ရှားခြင်းတို့သည် နိုင်ငံရေးပါတီများ၏ အရေးအကြီးဆုံးသော အခြေခံလက္ခဏာများဖြစ်သည်။

ပါတီတစ်ခုသည် ရွေးကောက်ပွဲတစ်ခုအတွက်သာ ရည်ရွယ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်မျိုးလည်း မဖြစ်စေရပါ။ ပါတီဆိုသည်မှာ လွတ်လပ်စွာ ပါတီဝင်အဖြစ်ပါဝင်နိုင်မှုနှင့် ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်၏ အရေးပါသော ရာထူးနေရာများတွင် တာဝန်ယူပြီး ရှိနေဆဲတာဝန်များ၊ ပြဿနာများကို ဖြေရှင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရသည့် အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်ပေသည်။

နိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များ

နိုင်ငံရေးဖြစ်စဉ်တွင် အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ဒီမိုကရေစီခိုင်မာရေးအတွက် အထောက်အကူပြုနိုင်ရန် ပါတီတစ်ရပ်သည် လိုအပ်သောစွမ်းဆောင်ရည်များ ထုတ်ဖော်ပြသနိုင်ရန်လို ပေသည်။ နိုင်ငံရေးပါတီများသည် လူမှုအကျိုးစီးပွားများကိုဖော်ဆောင်ခြင်း၊ ပါတီဝင်အသစ်များစုစည်း၍ အနာဂတ်နိုင်ငံရေး မျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ်ပေးခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ခြင်း၊ နိုင်ငံသားများ၏ နိုင်ငံရေးပါဝင်ဆောင်ရွက်နိုင်မှုကို မြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးစနစ်တို့ကြား ချိတ်ဆက်နိုင်မှုလမ်းကြောင်းကို ဖန်တီးပေးရသည်။

နိုင်ငံရေးပါတီများသည် လူထုအမြင်ကိုဖော်ဆောင်ပေးနိုင်သည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး ပါတီများ၏လှုပ်ရှားဆောင်ရွက်မှုများကို အကဲဖြတ်ကာနိုင်ငံသားများအနေဖြင့် မိမိ၏နိုင်ငံရေး ယုံကြည်ချက်ကို ပါတီများမှတစ်ဆင့် ရပ်တည်နိုင်ကြသည်။ ပါတီလမ်းစဉ်များကို ကြည့်၍ မဲဆန္ဒရှင်များအနေဖြင့် ပါတီတစ်ရပ်သည် လူ့အဖွဲ့အစည်းအတွင်းရှိနေသော ပြဿနာရပ်များကို သိရှိနားလည်မှုရှိရဲ့လား၊ ပြဿနာနှင့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် လုံလောက်သောမူဝါဒများ ချမှတ်နိုင်ရဲ့လားဆိုသည်ကို ဆန်းစစ်အကဲဖြတ်နိုင်သည်။ အတိုက်အခံပါတီများအနေဖြင့်လည်း အစိုးရကိုဝေဖန်ခြင်း၊ ထိန်းညှိခြင်းနှင့်ထောက်ပြခြင်းစသည့် လုပ်ငန်းတာဝန်များကို အဓိက လုပ်ဆောင်ကြရသည်။ ဤလုပ်ငန်းတာဝန်သည် ဒီမိုကရေစီစနစ်အတွက် များစွာအရေးပါသည်။ အကြောင်းမှာ အစိုးရတစ်ရပ်သည် အတိုက်အခံမရှိလျှင် ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်၍ ယုံကြည်မှု လွန်ကဲပြီး အခြားသောဘက်များကို ထည့်သွင်းစဉ်းစားမှုမပြုတော့သောကြောင့်ဖြစ်သည်။

အဆိုပါလုပ်ငန်းတာဝန်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်းဖြင့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတည်ဆောက် ထားသော လူ့အဖွဲ့အစည်းအတွက် အရေးကြီးသောတာဝန်များကို ထမ်းဆောင်ပေးနေခြင်းဖြစ်သည်။ ၎င်းလုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်မှုက နိုင်ငံရေးပါတီတစ်ရပ်၏ ဂုဏ်သတင်းနှင့် အနာဂတ်အလားအလာကို များစွာအဆုံးအဖြတ်ပေးသွား မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရခြင်းမှာ နိုင်ငံရေးပလက်ဖောင်း တစ်ခုရရှိရေးဟု ဆွေးနွေးပြောဆိုမှုများရှိကြောင်း တွေ့မြင်သိရှိနေရပါသည်။ လက်တွေ့တွင် နိုင်ငံရေးပလက်ဖောင်းတစ်ခု ရရှိနိုင်ရေးအနေအထားနှင့်သာ တင်းတိမ်မနေသင့်ဘဲ ထို့ထက်မကသော ရည်မှန်းချက်ဖြင့် ဆောင်ရွက်သင့်သည်။ နိုင်ငံရေးပါတီတစ်ခုသည် မိမိအကျိုးစီးပွားတစ်ခုတည်းကြည့်ပြီး ရွေးကောက်ပွဲတွင် အနိုင် ရရှိရေးကိုသာဆောင်ရွက်နေ၍မရပါ။ ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန် ပြည်သူများ၏ ယုံကြည်မှု၊ အားကိုးမှုကို ရရှိရန်လိုအပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အလေးထားပြီး ဒီမိုကရေစီနည်းလမ်းကျကျ မှန်မှန်ကန်ကန်ရပ်တည်ဖို့လိုသည်။ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသည့်အဖွဲ့အစည်းများ၊ လုပ်ရပ်များကိုမြင်ပါလျက်၊ သိပါလျက်နှင့်မသိချင်ယောင်မဆောင်ဘဲ နိုင်ငံရေးပါတီကောင်းတစ်ခုပီသစွာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်း ကြိုးပမ်းကြရပေမည်။ သို့မှသာ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိပြီး ပြည်သူ၏အားကိုးမှုဖြင့် ရွေးကောက်ပွဲများတွင် ပြည်သူကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူပြည်သားအများစုသည် မိမိတို့ဓလေ့အရ ကြည်ညိုမှုကိုအခြေခံကာ စိတ်ခံစားမှုဖြင့် ယုံကြည်ထောက်ခံလေ့ရှိကြသည်။ ရိုးသားသည့်စိတ်အရင်းခံဖြင့် အလွယ်တကူ လက်ခံယုံကြည်လေ့ရှိသည်။ အဆိုပါအားနည်းချက်များကို အသုံးပြုကာ အချို့သောနိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများက အလွယ်တကူ ခွဲခြားပြောဆိုပြီး သိမ်းသွင်းခဲ့ကြသည်။ လက်ရှိနိုင်ငံရေးအခြေအနေတွင်လည်း ရွေးကောက်ပွဲကို အကြောင်းပြုပြီး မိမိတို့အဖွဲ့အစည်းအာဏာရရှိရေး မပြုသင့်သည်များ၊ မလုပ်သင့်သည်များကို ဆောင်ရွက်ခဲ့သည့်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြားခဲ့ရပြီး အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ရသည်။ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် ယခင်လွှတ်တော်ကိုယ်စားလှယ်များက မဲစာရင်းမှားယွင်းနေမှုများ၊ မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း ယခင်အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့နေရခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သောဖြစ်စဉ်အရ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော နိုင်ငံရေးပါတီများ တည်ရှိရန်လိုအပ်ကြောင်း အထင်အရှားတွေ့ရပေသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများသည်လည်း ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းဥပဒေ၊ နည်းဥပဒေ များတွင်လည်း ပါတီငယ်များ၊ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားပါတီများအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးထားသည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် ပါတီကြီး၊ ငယ်မရွေးအားလုံးပါဝင်နိုင်ရေးသည် အရေးကြီးသည့်အတွက် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း တွေ့ရပေသည်။

နိဂုံး

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ပြည်သူလူထု၏ ပကတိလိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်းနေထိုင် လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။ မြန်မာနိုင်ငံသည် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလျှောက်လှမ်းခဲ့သည်။ ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမသမာမှုဖြစ်သည့် မဲမသမာမှုဖြစ်စဉ်များ ကြောင့် တပ်မတော်က (၂၀၀၈ ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုကြီးအေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြရမည့်အချိန် ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment