Saturday, April 29, 2023

“တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်”

 

နေပြည်တော် ဧပြီ ၂၉

တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်‌နေ့၊ ၀၉၀၀ အချိန်တွင် ရုံးအမှတ်-၁၀၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေးအထောက်အကူပြုအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဖိတ်ကြားထားသူ ၁၂ ဦး၊ Online ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ၇၅ ဦး၊ စုစုပေါင်း ၈၇ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအား အစီအစဉ် ၁၆ ရပ်ဖြင့် ကျင်းပခဲ့ရာ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ကစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးများအပြည့်အဝရုံးထိုင်စစ်ဆေးနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် စစ်ဆေးဆဲ အမှုများကြန့်ကြာမှုမရှိစေရန်၊ ပြစ်မှုကျူးလွန်ခံရမှုကြောင့် ထိခိုက်နစ်နာသူများ နစ်နာမှုမရှိစေရန်၊ တရားစွဲဆိုခံထားရသူများရဲ့ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်အတွက် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၄၀/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပြီး အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့တို့ကို ထပ်မံဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ရန် မဟုတ်ဘဲ တရားရုံးများ၌ စစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများကို မြန်ဆန်၊ မှန်ကန်စွာဖြင့် စစ်ဆေးစီရင်နိုင်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၁-၂-၂၀၂၁ ရက်နေ့မှစ၍ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များနှင့် ဆက်စပ်ပြီး အရေးယူထားသည့်အမှုများအနက် သီးသန့်တရားရုံးထိုင်၍ စစ်ဆေးဆဲအမှုများ၊ အကြမ်းဖက်မှုနှင့်ဆက်စပ်၍ ကျူးလွန်ခဲ့သည့်ပြစ်မှုများကို သီးသန့်တရားရုံးဖြင့် စစ်ဆေးသင့်သည့်အမှုများ၊ အချုပ်တရားခံ ၂ နှစ်နှင့်အထက်ကြန့်ကြာ‌နေသည့် ရာဇဝတ်မှုများ၊ ထူးခြားထင်ရှားသော အမှုများအား ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊

တရားရုံးစစ်ဆေးဆဲအမှုများကို တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် ၁၄ ရုံး၊ ခရိုင်တရားရုံး ၁၁၄ ရုံး၊ မြို့နယ်တရားရုံး ၃၀၈ ရုံးနှင့် သီးသန့်တရားရုံး ၁၈၉ ရုံး၊ စုစုပေါင်း ၆၂၅ ရုံးဖြင့် တရားစီရင်ရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာတွင် တရားစွဲအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးများနှင့် တရားရုံးများတွင် တွေ့ရှိရသည့်အားနည်းချက်များအပေါ် အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအားသုံးသပ်ဆွေးနွေးခဲ့ပြီး ပထမအဆင့်ရည်မှန်းချက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ သတ်မှတ်၍ တရားရုံးစစ်ဆေးဆဲ မှုခင်းများအားရာနှုန်းပြည့်နီးပါး ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဒုတိယအဆင့်ရည်မှန်းချက်ကာလကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိသတ်မှတ်၍ ကျန်ရှိသည့်အမှုများပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်၊ တိုင်း‌ဒေသကြီး/ပြည်နယ် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်၍ အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သည့်အကြံဉာဏ်များကို ဖြည့်စွက်ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါကြောင်း၊

ဆက်လက်၍ တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာမှုခင်းများတရားစီရင်ရေး အထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက စတင်ဖွဲ့စည်းခဲ့သည့် ၈-၁၁-၂၀၂၁ ရက်နေ့မှစတင်၍ တရားရုံးစစ်ဆေးဆဲအမှုအရေအတွက်များ၊ လစဉ်တရားရုံးများမှ အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုများ၊ လစဉ်တရားရုံးများသို့ ထပ်မံစွဲတင်ခဲ့သည့်အမှုများနှင့် လက်ကျန်အမှုများကို ကျန်ရှိသည့်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးတင်ပြခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် Online ဖြင့် တက်ရောက်သည့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်များမှ အသီးသီးတင်ပြ ဆွေးနွေးခဲ့ပါကြောင်း၊

ဒုတိယအဆင့် ရည်မှန်းချက်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်တွင် ကျန်ရှိသည့် တရားရုံးစစ်ဆေးဆဲအမှုများကိုစစ်ဆေးစီရင်ရာတွင် လျာထားစီမံချက်ပါအတိုင်း ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တွေ့ကြုံလာသည့်အခက်အခဲများအပေါ် ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်းဖြေရှင်းကြရန်၊ ဌာနဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ၁၄၁၀ အချိန်တွင် အစည်းအဝေးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment