Wednesday, April 12, 2023

ဂုဏ်အင်အလွန်ထူးသည့် လတန်ခူး

တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ နှစ်ဦးလလည်းဖြစ်သည်။ တန်ခူးလ၏အမည်ကို “စန္ဒြာမာသ” ဟုလည်းခေါ်ကြသည်။ တန်ခူးလကို “တန်းခူးလ” ဟုလည်း ခေါ်ကြသည်။ တစ်ခါတစ်ရံပျို့ကဗျာတို့၌ “တာကူးလ” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။ တာကူးလဟု ရေးသားရခြင်းမှာ မိန်ရာသီမှ ပြိဿရာသီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ဝေါဟာရ လိနတ်တဒီပနီကျမ်းရေးသားသူ လှေသင်းအတွင်းဝန်မင်းက ဖော်ပြခဲ့သည်။ ထိုဝေါဟာရကို အခြေခံ၍တာကူးမှ ကာလရွေ့လျားသည့်အခါ တန်ခူးလဟု ခေါ်ဆိုခြင်းဟုလည်းဆိုကြသည်။ တာကူးဆိုသည်မှာ အချိန်ရာသီ၊ နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းခြင်းဖြစ်၍ တန်ခူးဆိုသည်မှာမူ ထန်းပင်ထန်းခိုင် ဝေဆာချိန် “ထန်းခူးမှတန်ခူး” ဟု ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ တန်ခူးလသည် မြန်မာတို့အတွက် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအချိန်ကာလ၊ အတိတ်ဟောင်း တို့ကိုစွန့်၍ အသစ်အသစ်သော စိတ်ကူးအတွေးတို့ ဖော်ဆောင်ရမည့်အချိန်ကာလ၊ စိတ်ဟူသောသက်မဲ့ သာမကသက်ရှိအရာများကိုပါ အညစ်အကြေးစွန့်ခွာ ရှင်းလင်းရသောအချိန်ကာလပင် ဖြစ်ပေသည်။

တန်ခူးလကိုအဘိဓာန်ကျမ်းတွင် “စိတ္တကော၊ တန်ခူးလ၊ ရမ္မကော၊ တန်ခူးလ” ဟု ပြဆိုထားသည်။ အဓိပ္ပာယ်မှာ “အထူးထူးသော အသီး၊ အပွင့်၊ အခက်တို့ ဝေဝေဆာဆာပွင့်လန်းသောကြောင့် လူတို့၏ စိတ်နှလုံးကိုရွှင်မြူးစေသည်”ဟုဆိုလိုသည်။ တန်ခူးလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကုန်လွန် ၍ မိုးရာသီကူးပြောင်းမှုကို ကြိုဆိုသကဲ့သို့ရှိသည်။ “တောင်လေမြူးမြူး၊ လတန်ခူး” ဆိုသည့်အတိုင်း လေတဖြူးဖြူးတိုက်ခတ်ချိန်မှာ မိုးရနံ့များ သင်းပျံ့သယောင်ရှိပေသည်။ လူပုဂ္ဂိုလ်အပေါင်းလည်း စိတ်ရွှင်မြူးသည့် အခါသမယဖြစ်သည်။ “သည်တန်ခူးမှာဖြင့် ရည်စူးကာလှူကြမယ်” ဆိုသည့်အတိုင်း ကောင်းမှုကုသိုလ်ပြုရန် ကြိုတင်ပြင်ဆင်ထားကြ သူများလည်းရှိပေသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများလည်း အနားယူအပန်းဖြေသောကာလ ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်နှစ်မှာတစ်ကြိမ် ဗုဒ္ဓဘာသာလူမျိုးတို့အတွက် အားလပ်ရက်ဟု ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းတော်ပြေရသည့်တန်ခူးလလည်း ဖြစ်ပေသည်။

တန်ခူးလနှင့် မြန်မာ့ဓလေ့

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် အားလပ်ရက်များတွင် ကုသိုလ်ဒါနဖြင့် ပျော်မွေ့တတ်ကြပေသည်။ နှစ်တစ်နှစ်ကုန်ဆုံးပြီဖြစ်၍ အညစ်အကြေးဟူသမျှ ကုသိုလ်ဒါနဖြင့် ဆေးကြောကြသည်။ ရှာဖွေစုဆောင်းထားသမျှနှင့် ကုသိုလ်ဒါနပြုကြသည်။ ရှင်ပြု၊ နားသ၊ စတုဒိသာစသည်ဖြင့် အလှူဒါနများ ပြုကြသည်။ တန်ခူးလတွင်မြန်မာတို့၏ အလှူဒါနဖြင့် ပျော်မွေ့ပုံကို “တဝါဝါဆင် သင်္ကန်းရယ်က၊ ကမ္ဘာမှာဘဝင်ချမ်းစေတဲ့၊ သာသနာရွှင်ရွှင်လန်းအောင်လို့၊ တမင်မှန်းကာပသတိစွယ်၊ ရည်ရွယ်တော့သလား” ဟု ဆရာဇော်ဂျီက သတိသံဝေဂဖြည့်စွက်၍ ရေးဖွဲ့ခဲ့ပေသည်။ “မရှိလို့မလှူ၊ မလှူလို့မရှိ” မဖြစ်ရအောင်တတ်နိုင်သမျှဖြင့် အလှူဒါနပြုကြသည်မှာ နှစ်ကူးတန်ခူးလ၏ ထူးခြားသောပြယုဂ်တစ်ခုပင် ဖြစ်သည်။

မြန်မာလူမျိုးတို့အတွက် တန်ခူးလ၏အထင် ကရပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ သင်္ကြန်ဟူသောဝေါရသည် သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကြန္တ ဟူသည်ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသော လ၊ သင်္ကြန်ရေဖြင့် အေးမြစေသောလ၊ တစ်နှစ်တာ အညစ်အကြေးဟူသမျှကို သင်္ကြန်ရေဖြင့် ဆေးကြောသော အချိန်ကာလပင်ဖြစ်သည်။ ရှေးမြန်မာတို့သည် တန်ခူးလရောက်လျှင် “သင်္ကြန် အတာရက်” မတိုင်မီ သို့မဟုတ် မြန်မာနှစ်ဆန်း တစ်ရက် နေ့မရောက်မီ အချိန်ကာလအထိ မိမိတို့ အိမ်ခြံဝင်း၊ မိမိတို့၏ အသုံးအဆောင်ပစ္စည်းဟူသမျှကို အညစ်အကြေးကင်းစင်အောင် ဆေးကြော လျှော်ဖွပ်ကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်သို့ သယ်ဆောင်ယူခြင်းမပြုဟူသော ကောင်းမြတ်သည့်ဓလေ့ ဖြစ်ပေသည်။ အယူသီးကြသည်။ အစွဲအလမ်းကြီးကြသည်။ အထင်ဖြင့် ကောင်းမြတ်သည့်အမြင်၊ ဓလေ့ရိုးရာများ ယခုအခါပျောက်ကွယ်လုနီးပါးဖြစ်နေပေသည်။ လတန်ခူး ၏ ထူးခြားသည့်ဓလေ့ရိုးရာကို ကြိုးစားထိန်းသိမ်း စေချင်သည်။

သင်္ကြန်ပွဲ

မြန်မာတိုင်းရင်းသားတို့သည် တန်ခူးလရောက်လျှင် သင်္ကြန်ရေပက်ဖျန်း၍ ရေကစားကြသည်။ သင်္ကြန်ရေပက်ဖျန်းခြင်းကို ပျော်ပွဲရွှင်ပွဲဟုပင် ထင်မှတ်နေကြသည်။ ရေပက်ဖျန်းခြင်းဆိုသည်မှာ “ရေ၏အေးမြကြည်လင်သောဓာတ်” ကို အကြောင်း ပြု၍ “မေတ္တာအကြည်ဓာတ်” ပေးခြင်းဟု အဓိပ္ပာယ် ရပေသည်။ ထိုမေတ္တာရေကိုပင် အမွှမ်းတင်၍ အောင်မြင်စေကြောင်း ရည်ညွှန်းလျက် သပြေခက်နှင့် ပက်ဖျန်းကြသည်။ သင်းပျံ့သောဂုဏ်နှင့် ပြည့်စုံ ပါစေ ဆုမွန်ခြွေလျက် သင်္ကြန်ရေထဲတွင် အမွှေးနံ့သာများထည့်၍ ပက်ဖျန်းကြသည်။ ကျက်သရေမင်္ဂလာတိုးပွားစေရန်အလို့ငှာ မင်္ဂလာတစ်ပါးအပါ အဝင်ဖြစ်သော ငွေဖလားဖြင့် ရေသွန်းလောင်းကြသည်။ ထိုသို့တစ်မျိုးစီတိုင်းတွင် ထူးခြားသော အဓိပ္ပာယ်လေးနက်ပုံကို “အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီတာဝယ် စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ လည်လှည့်ဆူ လှယ်၊ တင့်စံပယ်လျက် ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည် ကစားထုံရည် ဖျန်းထည့်လေ။” ဟု အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတားတွင် ဖော်ပြထားပေသည်။

ပုဂံခေတ်မြန်မာသက္ကရာဇ် ၆၅၃ (ခရစ်နှစ် ၁၂၉၁)တွင် ရေးထိုးခဲ့သော စောလှဝန်းဘုရား ကျောက်စာ၌ “မိဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်း၊ မပြတ်စိန် လျင်တည်၏” ဟု ရာသီပွဲတော်ဝေါဟာရများကို ဖော်ပြထားသောကြောင့် ထေရဝါဒသာသနာ ထွန်းကားသော ပုဂံခေတ်ကပင် သင်္ကြန်ပွဲတော်များ ကျင်းပခဲ့သည်ကို သိရှိနိုင်သည်။ ဗုဒ္ဓကျမ်း၌ နှစ်ကူးသောအချိန်ကာလတွင် ကပ္ပိလဝတ်ပြည်၌ နေထိုင်ကြသည့် သာကီဝင်မင်းတို့သည် နှလုံးပျော်မွေ့လျက်ဒေဝဒဟရေအိုင်တွင် ပျော်မြူးစွာ ရေကစားကြသည်ကို ဖော်ပြထားသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးစွာရေဖျန်းပက်ကြပုံ၊ မေတ္တာ အရင်းခံလျက်သန့်စင်စွာ ရေကစားကြသည်မှာ အံ့သြဖွယ်ကောင်းလှကြောင်း ထူးခြားစွာမှတ်တမ်း တင်ထားကြသည်ကို လေ့လာသိရှိနိုင်သည်။ တန်ခူးလ၌သာ ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်ကို လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက် ထိန်းသိမ်း၍ ယဉ်ကျေးသိမ်မွေ့စွာ အတာရေ ပက်ဖျန်းကြရပေမည်။

ထူးမြတ်အတာ ကုသိုလ်မင်္ဂလာ

အတာကူးသည့်တန်ခူးလသည် ထူးမြတ်သည့် မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံပေသည်။ အတာသင်္ကြန်ရက်မြတ်မင်္ဂလာအဖြစ် ငါးရက် သို့မဟုတ် ခြောက်ရက် သတ်မှတ်ပေးထားသည်။ ထိုရက်မြတ်များတွင် မြန်မာပြည်သူပြည်သားတို့သည် ကျောင်းကန်ဘုရားများ၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားဆင်းတုတော်များအား ရေသပ္ပာယ်ခြင်း၊ အလှူပွဲများ ကျင်းပခြင်းများပြုလုပ်ကြသည်။ တချို့သောလူပုဂ္ဂိုလ်တို့သည် သီတင်းသီလဆောက်တည်၍ ဝိပဿနာတရားများ ပွားများအားထုတ်ကြသည်။ ကောင်းမြတ်သောအကျင့်သီလတို့ဖြင့် စိတ်ကိုထိန်းချုပ်၍ မကောင်းသောအကျင့်အကြံများကို နောက်တစ်နှစ်အထိ မယူဆောင်ဘဲ စိတ်ကို ဆေးကြောကြခြင်းပင်ဖြစ်သည်။ အတာရေပက်ဖျန်း၍မရသော ထိုယောဂီသူတော်စင်များအတွက် လူကြီးလူငယ်များ စုပေါင်း၍ သောက်ရေ၊ သုံးရေစသည်ဖြင့် ရေအလှူတော်ပြုလုပ်ကြသည်။

တန်ခူးလ၏ အထူးခြားဆုံးရက်မြတ်မင်္ဂလာမှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ပင်ဖြစ်သည်။ မြန်မာ သက္ကရာဇ်၏ အစဦးဆုံးသောရက်လည်းဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် နှစ်ဆန်း တစ်ရက်နေ့ကို အလေးအမြတ်ပြုခဲ့ကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေမြို့တော်ဓာတ်တံခါးလေးရပ်မှ အမြောက်သံပေးရမြဲဖြစ်သည်။ ထိုနေ့တွင် ရတနာသုံးပါးနှင့်တကွ သမ္မာဒေဝနတ်အပေါင်းတို့အား လှူဖွယ်ပစ္စည်းအစုစုဖြင့် လှူဒါန်းပူဇော်ကြသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ် (၁၈၇၁) ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် သမိုင်းဝင်နေ့တစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မင်းတုန်းမင်းကြီးသည် ထိုနေ့တွင် ပဉ္စမ သင်္ဂါယနာတင်အခမ်းအနားကို စတင်ကျင်းပခဲ့သော ကြောင့်ဖြစ်သည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင် ကြီးတွင် သက္ကရာဇ် ၁၂၃၃ ခုနှစ် (၁၈၇၁ ခုနှစ်) တန်ခူးလပြည့်ကျော် ၅ ရက် ဧပြီလ ၁၅ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့(စနေနေ့)တွင် ကောင်းမြတ် သောမင်္ဂလာအခါတော်၌ အမြောက်သံပေးပြီး ဆဒ္ဒန် ဆင်မင်းသခင်အသျှင်ဘဝရှင် မင်းတရားကြီးဘုရား၊ အရှင်နန်းမတော်မိဖုရားခေါင်ကြီးဘုရားနှင့်တကွ မင်း၊ မှူးမတ်၊ မင်းညီမင်းသားအပေါင်းတို့ ခြံရံလျက် ထွက်တော်မူပြီး ရွှေနန်းပြာသာဒ်တော်ဦး မြေနန်းတော်တွင် အခမ်းအနားကြီးကျယ်စွာ စီမံကျင်းပလျက် ပဉ္စမသင်္ဂါယနာတင်မင်္ဂလာသဘင်ကို ဆင်ယင် ကျင်းပခဲ့သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်ပေသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီး ပူဇော်ပွဲများ၊ အဘိုးအဘွားတို့အား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း သန့်ရှင်းခြင်းများ၊ ဇီဝိတဒါနအသက်လွှတ်ပွဲများကို အိုးစည်ဗုံမောင်း အကအခုန်များဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်မှာ ယနေ့အထိတိုင်ပင်ဖြစ်သည်။ မိမိတို့၏ နေအိမ်များတွင် မုန့်များပြုလုပ်၍ လှူဒါန်းပေးကမ်းခြင်း၊ ရပ်ကွက်လမ်းများတွင် စတုဒိသာမဏ္ဍပ်များဖြင့် လှူဒါန်းကျွေးမွေးခြင်းများကိုလည်း ပြုလုပ်ကြသည်။ တောရွာတချို့တွင် ရိုးရာဓလေ့အဖြစ် မြန်မာအမျိုးသမီးများမှာ သနပ်ခါးပါးကွက်ကြားနှင့် အမွှေးနံ့သာများ၊ အဝတ်အစားသစ်များဆင်ယင်၍ စိတ်သစ်လူသစ်အသွင်အပြင်ကို ဆောင်ယူကြသည်။ ကာလသားလူပျိုများက အမျိုးသမီးငယ်တို့၏ မိဘများထံတွင် ခွင့်ပန်လျက် ငွေဖလားဖြင့် အမွှေးနံ့သာရည်တို့ကို ယဉ်ကျေးစွာပက်ဖျန်းကြပေသည်။

အလှထူးသည့်လတန်ခူး

တန်ခူးလသည် အလှလည်းထူးပါပေသည်။ ညင်းသွဲ့သွဲ့လေပြည်မှ မြေသင်းရနံ့သည်စိတ်ကို အေးမြစေသည်။ သင်္ကြန်မိုး၏သွန်းဖြိုးမှုကြောင့် ရွှေစင်ပိတောက်တို့သည်လည်း ဂုဏ်ရှိန်တောက်၍ မွှေးရနံ့သင်းပျံ့စေသည်။ ငုပန်းတို့သည်လည်း ပိတောက်၏ ဂုဏ်ရောင်ကို ပိုမိုထွန်းပြောင်စေသကဲ့ သို့ ဟန်ချက်ညီစွာ ခါရာသီနှင့် အလိုက်သင့်ဖူးပွင့် နေကြပေသည်။ ထူးမြတ်သည့်အချိန်ရက်မြတ် မှာသာလျှင် မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်တတ်သည့် ပန်းပိတောက်ကို “တစ်နှစ်တွင် သည်တစ်လပေပ၊ တစ်လတွင် တစ်ရက်တည်း၊ ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြစုံမြိုင်တွင်း” ဟု စာဆိုဦးကြော့က ဂုဏ်တင်ရေးဖွဲ့ခဲ့ပေသည်။ ပစ္စေကဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိပင်သည် ပိတောက်ပင် ဖြစ်ပေသည်။ ထိုပိတောက်ပင်တို့သည် များသောအားဖြင့် တန်ခူးလ၌သာ ဝေဝေဆာဆာဖူးပွင့်ကြပေ သည်။ “လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ် တဲ့ခိုင်ရွှေဝါ၊ တကယ်တမ်းသာဖြင့်၊ ဘယ်ပန်းသော် စံမတူဘူး၊ နန်ဒမူ ဖန်ကူထိပ်မှာလ၊ ပစ္စေကာ ချွေးတော်သိပ်ရတယ်၊ အေးရိပ်သာယာ”ဟု ဆရာ ဇော်ဂျီက ရေးဖွဲ့သီကုံးခဲ့ပေသည်။

တန်ခူးလသည် မြန်မာတို့၏ နှစ်ကူးလဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့အတွက် အလှူဒါနများဖြင့် စိတ်နှလုံးအေးချမ်းရသောအချိန်ကာလဖြစ်သည်။ ရာသီပွဲတော်နှင့်အညီ လူငယ်လူရွယ်များအတွက်လည်း ပျော်ရွှင်ကြည်နူးဖွယ်တန်ခူးလလည်း ဖြစ်ပေသည်။ နှစ်သစ်အတွက် အသစ်အသစ်သော စိတ်ကူးများ၊ ရွှင်လန်းတက်ကြွခြင်းများဖြင့် ဖြတ်သန်းကျော်လွှားရန်အတွက် ပြင်ဆင်ကြသောအချိန် ကာလလည်းဖြစ်ပေသည်။ ထို့ကြောင့် မြန်မာပြည်သူပြည်သား တိုင်းရင်းသားများအနေဖြင့် မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းလျက် လတန်ခူးတွင် ယဉ်ကျေးသိမ်မွေ့စွာ ပျော်ပျော်ရွှင်ရွှင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲစေချင်သည်။ “ဒါနကတဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်၊ ပျော်ပွဲသာဆင့်ရော့” ဟူသောဆရာဇော်ဂျီ၏ ကဗျာကဲ့သို့ ပြန်လည်အသက်ဝင်စေချင်သည်။ အဟောင်းအဟောင်းများ၊ မကောင်းသော အကြောင်းတရားများကို အတာရေဖြင့် ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် ခေတ်မီနိုင်ငံ တော်သစ်ဆီ ချီတက်ရန် အတွေးသစ်အမြင်သစ်များဖြင့် ပုံဖော်ကြစေလိုသည်။ ဂုဏ်အင်ထူးသည့် လတန်ခူးမှာ မြန်မာပြည်သူပြည်သားအပေါင်း ပျော်ရွှင်ကြည်နူး၍ အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းပို့သ၍ ရေးသားတင်ပြလိုက်ရပါသည်။ ။


No comments:

Post a Comment