Saturday, April 29, 2023

ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 



နေပြည်တော် ဧပြီ ၂၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သင်တန်းကာလအတွင်း သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော်တွင်ပါရှိသည့် ပေါင်းသင်းဆက်ဆံရေးတွင် မည်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေါင်းသင်းရမည်၊ ဆည်းကပ်ရမည်၊ နေထိုင်ရေးတွင် မည်သည့်အရပ်ဒေသကို ရွေးချယ်နေထိုင်ရမည်ဟူသည့် အဆုံးအမများပါဝင်ကြောင်းကို သိရှိနားလည်မည်ဟု ယုံကြည်ပါကြောင်း။

ပညာသင်ကြားရေးတွင် အသိပညာတိုးပွားအောင် လေ့လာဆည်းပူးထားရန်နှင့် အတတ်ပညာများကို သင်ကြားထားရန် လိုအပ်ကြောင်း၊ စကားပြောဆိုရာတွင် ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြောကြားတတ်ရန် “သုဘာသိတ”ဟု ဟောကြားထားကြောင်း၊ မိဘဆရာသမား၊ အကြီးအကဲတို့က ပြောဆိုဆုံးမရာတွင်လည်း ဆိုဆုံးမလွယ်သူ၊ နာခံတတ်သူဖြစ်ရန်လိုအပ်ကြောင်းကို “သောဝစဿတာ” ဟု ဟောကြားထားကြောင်း၊ သားတို့သမီးတို့အနေဖြင့် နိုင်ငံတော်အတွက် အားကိုးထိုက်၊ အားထားထိုက်သည့် သားကောင်း၊ သမီးမွန်များဖြစ်မည်ဟု အကြွင်းမဲ့ယုံကြည်ပါကြောင်း၊ သင်တန်းတွင် ပို့ချပေးခဲ့သည့် “ပြည်သူ့နီတိ” ဘာသာရပ်မှာလည်း ဘုရားရှင်ဟောကြားခဲ့သော အဆုံးအမဒေသနာများနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အများဆုံးအခြေခံ၍ ရေးသားပြဋ္ဌာန်းထားတဲ့အတွက် လူမှုနယ်ပယ်တွင် “နိုင်ငံကြီးသားပီသရန်” လေ့ကျင့်ပျိုးထောင်ပေးခြင်းပင်ဖြစ်ကြောင်း၊ “အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်တတ်သည့် နိုင်ငံသားကောင်း၊ သမီးမွန်လေးများ ပေါ်ထွန်းလာစေရန်” ဟူသော သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်နှင့်လည်း ကိုက်ညီပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ သင်တန်းနည်းပြ ဆရာ လေးဦးနှင့် ဌာနတွင်းမှ နည်းပြဆရာမ ငါးဦး တို့ကိုဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသား ကျောင်းသူ သုံးဦးတို့ကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၇၀ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment