Sunday, April 9, 2023

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

သုတကျော်

နိဒါန်း

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ရှိသည်။ နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်(၁၀/၂၀၂၃)ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ်(၂/ ၂၀၂၃)၊ (၃/ ၂၀၂၃)တို့ဖြင့် လည်းကောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ နိုင်ငံတော်၏ အခြေခံမူများအခန်း၊ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်။ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်သည်။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့်ပါတီ၏ နိုင်ငံရေးဝါဒသဘောတရားနှင့်လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေးစည်းမျဉ်း စသည်တို့ ခိုင်မာစွာ ရှိရမည်ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကြောင့် အစိုးရအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းဖြစ်ပေါ်လာနိုင်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုကရွေးကောက်တင်မြှောက်သော ဒီမိုကရေစီအစိုးရ၊ တစ်နည်းအားဖြင့် ပြည်သူ့အစိုးရ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပါတီစုံစနစ်ဆိုသည်မှာ ရွေးကောက်ပွဲများတွင် နှစ်ပါတီနှင့်အထက် ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံကြ ခြင်းကိုခေါ်သည်။ အများအားဖြင့် ပါတီသုံးပါတီထက် ပိုမိုပါဝင်သောကြောင့် ပါတီတစ်ခုတည်းက နိုင်ငံတော်အာဏာကို လွှမ်းမိုးထားနိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ထောက်ခံမှုအပေါ်မူတည်၍ နိုင်ငံတော်အာဏာရရှိနိုင်မည်ဖြစ်သည်။ သြစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံတို့သည် ခိုင်မာသောနှစ်ပါတီနှင့် အခြားပါတီငယ်များပါဝင် ကိုယ်စားပြုသောစနစ်ကို ကျင့်သုံးနေသောနိုင်ငံများဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် သမ္မတစနစ်ကို စတင်အကောင်အထည်ဖော်ကတည်းက ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီနှင့် ခေတ်သစ်ဒီမိုကရက်တစ်ပါတီတို့ အပြန်အလှန်နိုင်ငံတော်အာဏာရယူခဲ့ကြ သည်။ ပါတီငယ် သို့မဟုတ် တတိယပါတီများရှိသော်လည်း ထောက်ခံအားပေးမှု အနည်းငယ်သာရှိသောကြောင့် အောင်နိုင်သည့်အဆင့်အထိ ရောက်မလာခဲ့ပါ။ ဗြိတိန်နိုင်ငံသည်လည်း နှစ်ပါတီစနစ်ကိုအသုံးချသော နိုင်ငံတစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယူဆကြပြီး အချုပ်အခြာအာဏာကို လေဘာပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့ တစ်လှည့်စီရယူခဲ့ကြသည်။ ပါလီမန်အတွင်းတွင် အခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလပါလီမန်အမတ်များလည်း ပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုရယူလိုသော နိုင်ငံရေးပါတီများသည် အင်အားတောင့်တင်းခိုင်မာစေရန်အတွက် ပါတီ၏ နိုင်ငံရေးဝါဒ၊ သဘောတရားနှင့် လုပ်ငန်းစဉ်တူညီသော နိုင်ငံရေးပါတီများစုစည်း၍ စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ရေးသည် အရေးအကြီးဆုံး အကြောင်းအရပ်တစ်ခုသာဖြစ်သည်။

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် အစိုးရ ကောင်းတစ်ရပ်ဖြစ်ရန် အရည်အချင်းရှိသည့် ကိုယ်စားလှယ်လောင်းများ လိုအပ်သည်။ အရည်အချင်းရှိသည့် ကိုယ်စားလှယ်လောင်းများကို နိုင်ငံရေးပါတီများက ရွေးချယ်မွေးထုတ်ရန်လိုအပ်သည်။ နိုင်ငံရေးပါတီကောင်းမှ အစိုးရကောင်းရရှိမည်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ပြည်သူ့အတွက် ရွေးကောက်ပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ရွေးကောက်ပွဲ မဲမသမာမှုများမှတစ်ဆင့် နိုင်ငံတော်အာဏာကို မသမာသောနည်းလမ်းဖြင့် အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကို တားဆီးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာသောအစိုးရဖြစ်သည်။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပချိန်တွင် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိမှသာ နိုင်ငံတစ်ဝန်းလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့သော CRPH၊ NUG မှ ပေါက်ဖွားလာသည့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကူညီနေသော EAO များ၏ နိုင်ငံတော်အပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများလျော့နည်းပပျောက်၍ လုံးဝရပ်စဲသွားစေရန်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံရေးပါတီများသည် ပြည်သူလူထုနှင့်အတူပြည်သူများကြားတွင် ရပ်တည်နေထိုင်ကြသည့် အဖွဲ့အစည်းများဖြစ်ကြသည်။ CRPH၊ NUG နှင့် နိုင်ငံရေးသမားအချို့၏ ဖြားယောင်း လှုံ့ဆော်တိုက်တွန်းမှုများကြောင့် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု ထိခိုက်နစ်နာစေရန် သေကျေပျက်စီးဆုံးရှုံးမှုများဖြစ်စေရန်အတွက် အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ NUG/ PDF အမည်ခံအကြမ်းဖက်သမားများကြောင့် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ပြည်သူလူထု ၅၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီဖြစ်ကြောင်းကိုလည်း သိရှိရသည်။ သတ်ဖြတ်ခံရသည့် အရေအတွက်မှာ ကလေးသူငယ် ၁၅၆ ဦး၊ ပညာရေးဝန်ထမ်း ၇၁ ဦး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၅ ဦး၊ ဒေသခံအုပ်ချုပ်ရေးမှူး ၇၄၄ ဦးနှင့် ရဟန်းသံဃာများအပါအဝင် အပြစ်မဲ့ပြည်သူ ၅၂၄၇ ဦးခန့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်များ တားဆီးကာကွယ်နိုင်ရန်နှင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု ထပ်မံမဖြစ်ပွားစေရေးအတွက် သတင်းပေးခြင်း၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ မိမိတို့၏ ရပ်ရွာဒေသငြိမ်းချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးပါတီအသီးသီးက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းသာယာမည်ဖြစ်သည်။ ပြည်သူလူထု၏အေးချမ်းသာယာရေးနှင့် နေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူလူထု၏ထောက်ခံမှု ကိုလည်းရရှိနိုင်မည်ဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံမှုသည် နိုင်ငံရေးပါတီများအတွက် ရေရှည်ရပ်တည်နိုင်ရန် အဓိကလိုအပ်သည်။

အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်၏ ရှေ့ဆက်လျှောက်လှမ်းမည့် အမျိုးသားအကျိုးစီးပွား နစ်နာမှုဖြစ်ကြောင်းကို နားလည်သဘောပေါက်ရန် လိုအပ်သည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူလူထုက၎င်းတို့ကို ကိုယ်စားပြုမည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် စနစ်ဖြစ်သောကြောင့် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူလူထု၏ ရွေးကောက်ပွဲဖြစ်သကဲ့သို့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုံဖော်ဖန်တီးသွားရမည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံသားအားလုံး အသိတရားရှိရှိ အမြော်အမြင်ကြီးစွာ ဆောင်ရွက်ရမည်ဖြစ်သည်။

တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ရှိသဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့်ညီညွတ်ပါက မှတ်ပုံတင်ခွင့်ပြုနိုင်သည် သို့မဟုတ် သတ်မှတ်ချက်နှင့်ညီညွတ်ခြင်းမရှိပါက မှတ်ပုံတင်ခွင့်ပြုရန် ငြင်းပယ်နိုင်သည်။ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားဆောင်ရွက်နိုင်သည်။

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများသည် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက ပြည်ထောင်စုအစိုးရအဖွဲ့ကို ကိုယ်စားပြု၍ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးချယ်ခံရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များ၊ အစိုးရအဖွဲ့များတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်းကောင်း ပြည်သူကိုကိုယ်စားပြုခွင့်ရရှိမည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ အခြေခံလူတန်းစားများဘဝမြင့်မားအောင် ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နှောင့်ယှက်ဖျက်ဆီး နေမှုများကို ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းကာကွယ်တားဆီးကြရမည်။ မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုကို စောင့်ရှောက်ကြရမည်ဖြစ်သည်။ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ မိမိတို့ဒေသအတွက် အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများသည် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment