နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို သိရှိလိုက်နာကျင့်သုံးတတ်စေပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ရတနာသုံးပါးနှင့် လူကြီးမိဘဆရာသမားတို့အား ရိုသေလေးစား ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်သည့် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေရာခြောက်နေရာတို့တွင် ကျောင်းသား ကျောင်းသူ လူငယ် ၃၈၀ ဦးတို့ကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ တစ်ပြိုင်တည်း ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင် ကြားလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်
ဦးတင်ဦးလွင်က ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံပြီး
ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသည်ကို
တွေ့ရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍လည်းယခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေး
စေလိုကြောင်း၊ မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးလိမ္မာစေရန်၊
နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင် သည့် ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို
ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များ ဖြစ်လာစေရန်အတွက် စနစ်တကျ သင်ကြားပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်
ဦးတင်ဦးလွင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ သက်သက်ခိုင် နှင့်အတူ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့်
ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၁၁ နာရီတွင် လယ်ဝေးမြို့နယ်အတွင်း
လေဘေးသင့်ခဲ့သည့် တံတားဦးကျေးရွာသို့ သွားရောက်၍ လေဘေး သင့်ပြည်သူများအား အားပေးစကားပြောကြားကြသည်။
ထို့နောက် လေဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းနှင့်
ထောက်ပံ့ငွေများကို ပေးအပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကျပ်ကိုလည်းကောင်း၊
ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမားရေးသုံးပစ္စည်းများကိုလည်းကောင်း တာဝန်ရှိသူများက
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ထံ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
မြို့တော်ဝန်နှင့် တာဝန်ရှိ သူများက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး
အဆိုပါကျေးရွာရှိ ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုငွေများလှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
မြို့တော်ဝန်နှင့်အဖွဲ့သည် လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာသို့သွားရောက်၍ လေဘေးသင့်ပြည်သူများအား အားပေး စကားပြောကြားကြရာ လေဘေးသင့်ပြည်သူများအတွက်
ကျေးရွာအနီးရှိ ချောင်းအတွင်းမှ ရေများအား ရေသန့်စက်ဖြင့် ရေသန့်စင်ပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊
ထောက်ပံ့ပစ္စည်း များလက်ခံရရှိမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က လိုအပ်သည်များကို
လမ်းညွှန်မှာကြားပြီး လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
မြို့တော်ဝန်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် စမ်းကလေးသုသာန် လေပြင်းတိုက်ခတ်ခံခဲ့ရသဖြင့်
အဆောက်အဦများ၊ ဝန်ထမ်း အိမ်ရာများနှင့် နိဗ္ဗာန်ယာဉ်များ ပျက်စီးသွားမှုအခြေအနေများကို
သွားရောက်၍ လှည့်လည်ကြည့်ရှုပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က တာဝန်ရှိသူများအား
လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)







No comments:
Post a Comment