မကွေး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၆)အုပ်စု၊ ကျေးရွာ (၁၀၃)ရွာရှိ ပြိုကျလူနေအိမ် (၅၅)လုံး၊ အမိုးလန် လူနေအိမ်(၆၄၄)လုံး၊ စာသင်ကျောင်းဆောင် ပြိုကျ(၂) ဆောင်၊ စာသင်ကျောင်းဆောင် အမိုးလန်(၇)ဆောင်၊ ဘုန်းကြီးကျောင်း အမိုးလန်(၉)ကျောင်း၊ လျှပ်စစ်မီးတိုင် ကျိုးကျ(၉)တိုင်၊ ထီးတော်မြေခစေတီ (၁)ဆူနှင့် ဌာနဆိုင်ရာ (၃)ဌာနတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက စလင်းမြို့နယ်အတွင်း ပြိုကျပျက်စီးခဲ့သည့် ဌာနဆိုင်ရာများရှိ အဆောက်အဦအချို့နှင့် ရပ်ကွက်၊ ကျေးရွာများရှိ အဆောက်အဦများ ဆုံးရှုံးပျက်စီးခဲ့မှုများကို ကွင်းဆင်းကြည့်ရှု၍ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အဖွဲ့သည် စလင်းမြို့သို့ ရောက်ရှိစဉ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌
စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/
ကျေးရွာများရှိ ပြည်သူများ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်
တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က လေဘေးဖြစ်ပွားမှု
အခြေအနေများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊
ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လေဘေးသင့်အိမ်ထောင်စုများအား
ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာထောက်ပံ့မှု အခြေအနေတို့ကို
ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်နှုန်းထားများနှင့်အညီ
ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းပျက်စီးမှုများနှင့်
ပတ်သက်၍ ကုန်ကျစရိတ်အသေးစိတ် တွက်ချက်ကာ ပြင်ဆင်စရိတ် တောင်းခံတင်ပြသွားရန်လိုအပ်ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို
လာမည့် ကျောင်းဖွင့်ရာသီမတိုင်မှီ ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြင်ဆင်ကြရန်နှင့်
ဌာနဆိုင်ရာများအနေဖြင့်လည်း သဘာဝဘေးဖြစ်ပေါ်လာပါက တက်ညီလက်ညီ ဝိုင်းဝန်းကူညီကြရန်
မှာကြားသည်။
ဆက်လက်ပြီး
ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဆင်ဖြူကျွန်းမြို့၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်း
ကျေးရွာနေ လေဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဦးမျိုးတင့်နေအိမ်နှင့် အမိုးလန်
ပျက်စီးခဲ့သည့် ဦးရဲရွှေနေအိမ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ရေနံစုကျေးရွာနေ
အမိုးလန်ပျက်စီးခဲ့သည့် ဦးအောင်ထွန်းနေအိမ်နှင့် ဒေါ်သန်းနုဝါတို့၏ နေအိမ်များသို့
သွားရောက်၍ အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
မောင်ညီညာ



No comments:
Post a Comment