Thursday, March 30, 2023

ဂျာမနီခရီးစဉ်အတွင်း မျက်မြင်ကြုံတွေ့ခဲ့ရသော ၁၈ ရာစုဆီက မြန်မာမင်း၏ သံတမန်ဆိုင်ရာ ရွှေပေလွှာ

 



ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ချစ်ကြည်ရေးခရီးစဉ်

ပြည်ထောင်စုသမတမြန်မာနိုင်ငံနှင့် ပြည်ထောင်စုသမတ ဂျာမနီနိုင်ငံတို့အကြား အနာဂတ်တွင် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကိစများ ပိုမိုဆောင်ရွက်နိုင်မည့်အစီအစဉ်များ ဆွေးနွေးရန် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူးချုပ်နှင့် သမိုင်းသုတေသန ညွှန်ကြားရေးမှူးချုပ်တို့ပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၃ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။



၂၀၁၂ ခုနှစ်က ပြည်ထောင်စုသမတဂျာမနီနိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဆွေးနွေးခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးရေးနှင့် ရန်ကုန်မြို့တွင် ဂျာမနီနိုင်ငံမှ Goethe-Institute ဖွင့်လှစ်နိုင်ရေးတို့အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးနိုင်ရေးတို့ ခရီးစဉ်တွင်ပါဝင်သည်။

ခရီးစဉ်အတွင်းလေ့လာရေးသွားရောက်ခဲ့မှု

ခရီးစဉ်အတွင်းလေ့လာနိုင်ရန် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက German Bundestag (ဂျာမန်ပါလီမန်အဆောက်အအုံ)၊ Gottfried Wilhelm Leibniz LibraryArchaeological InstituteNational Museum in Berlin/Pergamon MuseumBerlin State Library နှင့် Museum of Contemporary Art တို့ကို စီစဉ်ထားသည်။

Gottfried Wilhelm Leibniz Library မှ လွဲ၍ ကျန်လေ့လာရန်နေရာများမှာ ဘာလင်မြို့တော်၌ တည်ရှိကြသည်။ Gottfried Wilhelm Leibniz Library မှာ ဟာနိုဗာမြို့ (Hanover) ၌ တည်ရှိ၍ ရထားဖြင့် နေ့ချင်းပြန်သွားရောက်ခဲ့ရသည်။ အဆိုပါ စာကြည့်တိုက်သို့ သွားရောက်ရခြင်းမှာလည်း ဤခရီးစဉ်၏ အဓိကအရေးပါသောအကြောင်း ဖြစ်သည့် သက်တမ်းအားဖြင့် နှစ်ပေါင်း၂၅၀ ကျော်ရှိ မြန်မာဘုရင် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ ကို သွားရောက်လေ့လာရန်အတွက်ဖြစ်သည်။

သုတေသနပြုချက်၏ အရေးပါပုံ

စင်စစ်ဂျာမနီနိုင်ငံ ဟာနိုဗာမြို့ (Hanover) ပေါ်ရှိ Gottfried Wilhelm Leibniz Library သို့ သမိုင်းတန်ဖိုးကြီး‌မားလှသော နှစ်ပေါင်း ၂၅၀ ကျော်သက်တမ်းရှိ မြန်မာဘုရင် အလောင်းမင်းတရားကြီး ၏ ရွှေပေလွှာရောက်ရှိနေခြင်းသည်လည်း ထူးခြား နေသည်။ အဆိုပါရွှေပေလွှာသည် Gottfried Wilhelm Leibniz Library စာကြည့်တိုက်၏ ပစည်း များ ထားသိုရာအခန်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ရာကျော်ကတည်းက ထည့်ထားခဲ့ခြင်းဖြစ်ပြီး အကြီးတန်းသုတေသနအရာရှိ စာကြည့်တိုက်မှူး Dr Freidrich Hulsmann က အမှတ်မထင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့်ဘာသာဖြင့် ရေးသားထားသည်၊ မည်သို့သောအကြောင်းအရာ ဖြစ်သည်ကိုမူ သူမသိရှိပေ။ ၂၀၀၇ ခုနှစ်တွင် ပြင်သစ်လူမျိုး သမိုင်းပညာရှင် Dr Jacques P Leider ကို အရေးတကြီး အကူညီတောင်းခံ၍ ရှေးဟောင်းစာပေအကရာများ ဆိုင်ရာသုတေသနဖြင့် စတင်တိုက်ဆိုင် စစ်ဆေးမှုများကို ကွန်ပျူတာနည်းပညာအထောက်အကူဖြင့် ပြုလုပ်ခဲ့ရာ မည်သည့်ဘာသာ၏ အကရာ ဖြစ်ကြောင်းကို နှစ်နှစ်ခန့်အကြာမှသာ ဖော်ထုတ်နိုင်ခဲ့သည်ဟု ရှင်းပြသည်။ သုတေသနပြုလုပ်ခြင်းကိုသာ စနစ်တကျနှင့် အချိန်ယူဆောင်ရွက်နိုင်ခြင်း မရှိပါက ဤသမိုင်းတန်ဖိုးကြီးသော အမွေအနှစ်ကို သိရှိရန်၊ မြင်တွေ့ဖူးရန်ဆိုသည်မှာ လုံးဝဖြစ်မလာနိုင်ပေ။

ရွှေပေလွှာထားသိုရာ စာကြည့်တိုက်ဆီသို့

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဘာလင်မြို့မှ ဟန်နိုဘာမြို့သို့ ရထားဖြင့် ထွက်ခွာလာရာ ဦးစွာဟန်နိုဘာမြို့ပေါ်ရှိ Historical Museum of Hannover ပြတိုက်သို့ သွားရောက်လေ့လာပြီးမှ Gottfried Wilhelm Leibniz Library ၏ စာကြည့်် တိုက်ညွှန်ကြားရေးမှူးရုံးခန်းတွင် ညွှန်ကြားရေးမှူး Dr . George Ruppelt က ကြိုဆိုဧည့်‌ခံကာ အကြီးတန်းသုတေသနအရာရှိ စာကြည့်တိုက်မှူး Dr . Freidrich Hulsmann က အလောင်းမင်းတရားထံမှ အဂလိပ်ဘုရင် ဒုတိယမြောက်‌‌ဂျော့ထံ ပေးပို့ခဲ့သော ရွှေပေလွှာနှင့်ပတ်သက်၍ အဆင့်ဆင့်သုတေသနပြုဆောင်ရွက်ပုံများကို ရှင်းပြသည်။

ထို့နောက် သုတေသနအရာရှိက လက်အိတ်စွပ်၍ အတွင်းခန်းထဲတွင် သိမ်းထားသော အလူမီနီယံသေတ္တာတစ်လုံးကို သယ်ဆောင်လာသည်။ အဆိုပါသေတ္တာကို ဖွင့်လိုက်မှ အထဲတွင် မှန်သေတ္တာ တစ်လုံးတွေ့ရှိရပြီး ပြသမည့်စားပွဲပေါ်သို့ တင်လိုက်သည်။ အဆိုပါမှန်သေတ္တာထဲတွင် အကန့်နှစ်ထပ် ပါဝင်ပြီး ‌ရွှေပေလွှာကို ဖြန့်ခင်းထားသောအဆင့်နှင့် ဆင်စွယ်ဘူးထားထားသော အောက်ခြေအကန့်တို့ ပါဝင်သည်။ ကတ္တီပါစဖြင့် မှန်သေတ္တာကို ထပ်မံထုပ်ပိုးထားပြီး အထဲတွင် ဆင်စွယ်ဖြင့် ပြုလုပ်ထားသည့် ဘူးငယ်တစ်ခုကို တွေ့ရသည်။

အဆိုပါဘူးထဲမှ ‌ရွှေအလိပ်တစ်ခုကို ထုတ်လိုက် ရာ တစ်ဖက်လျှင် ပတမြား ၁၂ လုံးစီ စီခြယ်ထားသော ရွှေပေလွှာကို ရင်သပ်ရှုမောဖွယ်ရာ တွေ့ရသည်။ ရွှေပေလွှာသည် မပျက်စီးသေးသော်လည်း အတော်ပင် တွန့်ကြေနေသည်ကို လေ့လာတွေ့ရှိရသည်။ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မိမိတို့ မြန်မာဘုရင်တစ်ပါးက မိုင်ပေါင်းထောင်ချီ‌‌‌‌ဝေးကွာ လှသောနိုင်ငံသို့ ပေးပို့ထားသည့် နှစ်ပေါင်း ၂၅၀ ခန့်က ရွှေပေလွှာကို စတင်၍ ကိုယ်တိုင်မြင်တွေ့ လိုက်ရသည့်အခါ ဝမ်းသာ၊ ဝမ်းနည်း ခံစားမှုအတွေ့ အကြုံကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။

ဝမ်းသာသည်မှာ ဤသို့နှစ်ပေါင်း ၂၅၀ ခန့်ကယဉ်ကျေးမှုတန်ဖိုးကြီးမားလှသော ရွှေပေလွှာကို ကံကောင်းစွာမြင်တွေ့ခွင့် ရလိုက်၍ဖြစ်ပြီး ဝမ်းနည်းရသည်မှာ မိမိတို့နိုင်ငံ၏ဘုရင်က တလေး တစားပေးပို့ကာ လိုက်လျောမှုများဖြင့် ရေရှည် ချစ်ကြည်ရေးအတွက် နှိမ့်ချကာဆက်ဆံပြီး တန်ဖိုး ရှိလှသော ရွှေပေလွှာကို ခက်ခဲစွာပေးပို့ခဲ့သည်ကို အကြောင်းမပြန်ကြားသည့်အပြင် အရေးတယူ ပြုလုပ်ခြင်း မခံရသည့်အတွက်ဖြစ်သည်။ တန်းတူ ဆက်ဆံမခံရခြင်း၊ အသိအမှတ်ပြုမခံရခြင်းတို့ကို မြန်မာတို့သည် ၁၈ ရာစုလောက်ကတည်းက ခါးသီးစွာခံလာရပေသည်။

နှစ်ပေါင်း၂၅၀ ကျော်ကရွှေပေလွှာ

သမိုင်းတန်ဖိုးကြီးမားလှသော ဤရွှေပေလွှာနှင့် ပတ်သက်၍ လေ့လာကြည့်လျှင်-

(၁) ရွှေပေလွှာ၏ ဝိသေသလကဏာ (character)

(၂) ရွှေပေလွှာတွင် ပါဝင်သောအကြောင်း အရာ (content)

(၃) ရွှေပေလွှာနှင့်ပတ်သက်၍ ဆက်စပ် စဉ်းစားရန် (context) တို့ကို တွေ့ရ ပေမည်။ 

သမိုင်းဝင် သံတမန်ဆိုင်ရာရွှေပေလွှာမှာ ရွှေဖြင့် ပြုလုပ်ထားသော ထောင့်မှန်စတုဂံပုံသဏ္ဌာန်အပြား ဖြစ်ပြီး မြန်မာဘာသာဖြင့် ထွင်းထိုးထားသည်။ ရွှေပြား၏ အစွန်းနှစ်ဖက်တွင် ပတမြား ၁၂ လုံးစီကို အတန်းလိုက်စီတန်းထားသည်။ ရွှေပေလွှာမှာ အလျား ၅၄ ဒသမ ၇ စင်တီမီတာ၊ အနံ ၈ ဒသမ ၅ စင်တီ မီတာ၊ အထူ ၀ ဒသမ ၂၂ မီလီမီတာခန့်ရှိပြီး အလေး ချိန် ၁၀၀ ဂရမ်ခန့်ရှိသည်။ ရွှေနန်းတော်၏ တံဆိပ် အမှတ်အသားဖြစ်သော ဟင်္သာပုံကို ရွှေပေလွှာ၏ ဝဲဘက်ထိပ်တွင် ထွင်းထုထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ရွှေပေလွှာကို ဆင်စွယ်ဖြင့် ပြုလုပ်ထားသော အမြင့် ၁၂ စင်တီမီတာခန့်ရှိ ဘူးထဲတွင် လိပ်၍ထည့်ထားသည်။ မူလရွှေပေလွှာအလိပ်ကို တွန့်ကြေမွ နေအောင်လုပ်ထား၍ စာများပုံဖော်ရာတွင် အခက်အခဲများစွာရှိခဲ့ကြောင်း သိရှိရပေသည်။

ရွှေပေလွှာတွင် ပါဝင်သောအကြောင်းအရာ

အချိန်အားဖြင့် နှစ်နှစ်ခန့်ကြာအောင် ရှာဖွေဖော်ထုတ်ခဲ့ရသော မြန်မာအကရာလက်ရေးမူပါ အကြောင်းအရာမှာ ၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းမင်းတရားက အဂလိပ်ဘုရင် ဒုတိယ မြောက်ဂျော့ထံသို့ သံတမန်ဆိုင်ရာချစ်ကြည်ရေး ရွှေပေလွှာပေးပို့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမြှင့်တင် ဆောင်ရွက်ရေးအတွက် အဂလိပ်တို့ ဆောက်လုပ်လိုသည့် ပုသိမ်ဆိပ်ကမ်းကုန်သွယ် စခန်းအတွက်မြေနေရာကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပိုမိုရင်းနှီးမှုမှသည် ကုန်သွယ်မှု ဆက်ဆံရေးတိုးမြှင့်ပြီး အဂလိပ်တို့ထံမှ လက်နက်နှင့် အမြောက်များ ရရှိရန်လည်း မျှော်လင့်ထားသည့် သဘောရှိသည်။ ထို့အပြင် မြန်မာဘုရင်က သားစဉ်မြေးဆက်တိုင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အဓွန့်ရှည်ရေးကိုလည်း မြော်တွေးထားကြောင်း ဖော်ပြထားသည်။

သံတမန်ဆိုင်ရာ ရွှေပေလွှာပေးပို့ရသည့်နောက်ခံ

၁၈ ရာစုကာလတွင် အိန္ဒိယသမုဒရာအတွင်းနှင့် ကမ်းရိုးတန်းဒေသများကို အဂလိပ်နှင့် ပြင်သစ် တို့က ကြီးစိုးလွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်း လာချိန်ဖြစ်သည်။ အဂလိပ်တို့၏ အရှေ့အိန္ဒိယ ကုမဏီသည် ကုန်သွယ်နယ်ချဲ့လာကြပြီး အလောင်း မင်းတရားထံလည်း မြန်မာနိုင်ငံအပေါ်ပိုင်းမှ စုဆောင်းရရှိသောကျွန်းသစ်များ ထားသိုရန် နယ်မြေအကာအရံဖြင့်ထားရှိရန် ပုသိမ်ဆိပ်ကမ်း မြေနေရာတောင်းဆိုကာ သဘောတူစာချုပ်ချုပ်ဆို ရေး တင်ပြကြသည်။ ဤတွင် မြန်မာဘုရင်အနေဖြင့် အဂလိပ်တို့၏ အရှေ့အိန္ဒိယကုမဏီနှင့် ဆက်ဆံရေး ထက် အဂလိပ်ဘုရင်နှင့်သာ တန်းတူဆက်ဆံကာ ကုန်သွယ်ရေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် လိုလားပုံရ၍ အာရှတိုက်မှ ဧကရာဇ်တစ်ဦးက အနောက်နိုင်ငံမှ ဘုရင်တစ်ပါးထံ သံတမန်စာရေးသားပေးပို့ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာ့နိုင်ငံရေးအခြေအနေမှာလည်း ပဲခူးဒေသတွင် ဟံသာဝတီဘုရင်က စစ်ခင်းနေချိန် ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင် ဟံသာဝတီ ဘုရင်ဗညားဒလကလည်း နိုင်ငံခြားသားအကူအညီ များဖြင့် အလောင်းမင်းတရားနှင့် စစ်ခင်းနေကြပြီး ကုန်သွယ်ရာတွင် အဓိကကျသော သံလျင်ဆိပ်ကမ်း ကို ဝိုင်းရံပိတ်ဆို့ကာ ဟံသာဝတီဘုရင်နှင့် အလောင်းမင်းတရားတို့အကြား စစ်ရှိန်မြင့်နေချိန်ဖြစ်သည်။

မမျှော်လင့်သော သံတမန်လမ်းကြောင်း ဆက်သွယ်မှု စတင်လိုက်ခြင်း

သမိုင်းတစ်ခေတ်တွင် အလောင်းမင်းတရား၏ ရွှေပေလွှာမှာ ထူးခြားသောအထောက်အထား စာတမ်းတစ်ခုအဖြစ် ကျန်ရှိစေခဲ့သည်မှာ ပထမဦး ဆုံးအကြိမ် အာရှတိုက်မှ ဧကရာဇ်တစ်ဦးက အနောက်နိုင်ငံက ဘုရင်တစ်ပါးထံ သံတမန်စာ ရေးသားပေးပို့သည့်အတွက်ဖြစ်သည်။ ငြိမ်းချမ်းစွာ နေလိုသောဆန္ဒများဖြင့် တိုင်းတစ်ပါးသားတို့ ကြာမြင့်စွာတောင်းဆိုလာခဲ့သော သဘောတူစာချုပ် ပါ အကြောင်းအရာများခွင့်ပြုရေးတို့အတွက် အဆင့် မြင့်စွာ စာဖြင့်ရေးသားသောသက်သေကို ချစ်ကြည် ရေးတိုးမြှင့်ရန်အတွက် ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

မမျှော်လင့်သော သံတမန်လမ်းကြောင်းဖြင့် ဆက်သွယ်ခဲ့စေကာမူ မြန်မာဘုရင်၏အကောင်းမြင် ဝါဒဖြင့် ရေရှည်ချစ်ကြည်ရေးမျှော်လင့်ချက်ဘက်ကို ကံက မျက်နှာသာမပေးခဲ့ပါချေ။ ကြမ္မာငင်ရန် ဖန်တီးလာသည်ကို စာပေးပို့ရေးလမ်းကြောင်းများ မအောင်မြင်ခြင်းက ပြသနေပေသည်။

အမှန်စင်စစ် အလောင်းမင်းတရားက အဂလိပ်ဘုရင် ဒုတိယမြောက်‌‌ဂျော့ထံ ပေးပို့ခဲ့သော ရွှေပေလွှာပေါင်းလေးခုရှိခဲ့ကြောင်း သုတေသနအရ သိရှိရသည်။ အဆိုပါလေးခုအနက် ယခုတွေ့ရှိရ သောရွှေပေလွှာသာ ကျန်တော့ကြောင်း ထုတ်ဖော်တွေ့ရှိရသည်။ အလောင်းမင်းတရားကြီးက မြန်မာ နိုင်ငံတွင် အခြေစိုက်ရုံးဖွင့်ထားသော အရှေ့အိန္ဒိယ ကုမဏီကိုယ်စားလှယ်မှတစ်ဆင့်၊ မော်တင်စွန်းရှိ ကိုယ်စားလှယ်ရုံးမှတစ်ဆင့်၊ အိန္ဒိယနိုင်ငံ မဒရပ်ရှိ စိန့်‌ဂျော့ခံတပ်စခန်း၊ လန်ဒန်ရှိ ကုမဏီဒါရိုက်တာ များမှတစ်ဆင့်အသီးသီးပေးပို့ခဲ့သည်။ ယခုတွေ့ရှိ ရသော ရွှေပေလွှာကိုမူ မြန်မာဘာသာဖြင့် ရေးသား ပေးပို့ချက်နှင့်အတူ အဂလိပ်ဘာသာ ပြန်ဆိုချက်ကိုပါ ပေးပို့ထားကြောင်းကိုလည်း မှတ်တမ်းများအရ သိရှိရသည်။

၁၇၅၆ ခုနှစ်တွင် ပေးပို့၍ အဂလိပ်ဘုရင် ဒုတိယမြောက်‌‌ဂျော့ထံသို့ ၁၇၅၈ ခုနှစ် မတ်လတွင် ရောက်ရှိပြီး လေးပတ်အကြာတွင် ဂျာမနီနိုင်ငံရှိ ဒုတိယမြောက်‌‌‌‌‌‌ဂျော့ဘုရင်၏ မွေးဖွားရာဇာတိမြို့ ဖြစ်သော ဟန်နိုဘာမြို့ရှိ ဘုရင့်ကိုယ်ပိုင်စာကြည့် တိုက်သို့ပေးပို့ကာ တိုက်ပိုင်စာရင်းသွင်းခဲ့သည်။ မျှော်လင့်ချက်များစွာဖြင့် မြန်မာဘုရင် အလောင်းမင်းတရားက အဂလိပ်ဘုရင် ဒုတိယမြောက်‌‌‌‌‌‌‌ဂျော့ထံ ပေးပို့ခဲ့သော ရွှေပေလွှာသည် အဂလိပ်ဘုရင်၏ စိတ်ဝင်တစား အရေးတယူဖတ်ရှုခြင်း မခံရသည်မှာ လည်း သမိုင်းစာမျက်နှာ အချိုးအကွေ့တစ်ခုတွင် သံတမန်ဆက်ဆံရေး မအောင်မြင်ခဲ့သည်ကို မီးမောင်းထိုးပြနေပေသည်။

အတိတ်ကပေးသောသင်ခန်းစာ

နေမဝင်အင်ပါယာဟု ကြွေးကြော်ကာ ၁၆ ရာစု မှစ၍ ကိုလိုနီနယ်ချဲ့လာသော အဂလိပ်တို့သည် ကမ္ဘာအနှံ့နယ်မြေချဲ့ထွင်ကာ အာရှတိုက်ဘက်သို့ ဘာသာရေး၊ ကုန်သွယ်ရေး၊ စစ်ရေးဖြင့် ကိုလိုနီနယ် ချဲ့ထွင်ကာ နယ်မြေသိမ်းပိုက်ခြင်းများကို ဆောင်ရွက်ပြီး ကိုလိုနီအဖြစ် နှစ်ရာချီကာ ကျွန်ပြုခြင်းကို ဆောင်ရွက်ခဲ့သည်။ သိမ်းပိုက်ထားသော ကိုလိုနီနိုင်ငံများကိုလည်း နှစ်ရာချီကျွန်ပြုကာ ရေရှည်ကျွန်စိတ်သွင်းခဲ့သည်။

ကုန်းဘောင်မင်းဆက်တည်ထောင်သူ ဘုရင် အလောင်းမင်းတရား (၁၇၅၂-၁၇၆၀) က ၁၇၅၆ ခုနှစ်တွင် အဂလိပ်ဘုရင် ဒုတိယမြောက်‌‌‌ဂျော့ထံသို့ သံတမန်ဆိုင်ရာ ချစ်ကြည်ရေးရွှေပေလွှာ ပေးပို့ကာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမြှင့်တင်ဆောင်ရွက်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း လူမျိုးကြီး စိတ်ဓာတ်ဖြင့် မြန်မာဘုရင်၏စာကို အရေးတယူမပြုခဲ့ပေ။ စင်စစ်ထိုစဉ်အချိန်ကတည်းက ဗြိတိသျှ တို့ပိုင် အရှေ့အိန္ဒိယကုမဏီ၏ ခြေလှမ်းများက ကုန်သွယ်ရေးဖြင့် အစပျိုးဆက်ဆံရာမှ တောင်းဆိုမှု များ၊ အကျပ်ကိုင်မှုများ၊ သွေးထိုးမှုများ၊ ထောက်လှမ်း မှုအမျိုးမျိုးတို့ကို ပြုလုပ်လာကြပြီး ပြင်သစ်တို့နှင့် အပြိုင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် အချုပ်အခြာအာဏာထိပါးရေးတို့ အချိန်ယူလုပ်ဆောင်လာ ကြသည်ကို သုံးကြိမ်တိုင်တိုင်ဆင်နွှဲခဲ့ကြသော အဂလိပ်-မြန်မာစစ်ပွဲများက သက်သေခံနေသည်။

အင်္ဂလိပ် - မြန်မာစစ်ပွဲများသည် ဗြိတိသျှ သစ်ကုမ္မဏီများ၏ ပယောဂများနှင့် မကင်းကြပေ။ ၁၇၅၆ ခုနှစ်က ရွှေပေလွှာပေးပို့အပြီး ၆၈ နှစ်အကြာမှသာ အင်္ဂလိပ်တို့ အထူးတန်ဖိုးထားသော အိန္ဒိယနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် မြန်မာနိုင်ငံကို လုံခြုံရေးနှင့် အမြတ်အစွန်းရရှိရေးအတွက် ကိုလိုနီပြုရန် ကြိုးပမ်းလာကြသည်။

ကိုလိုနီပြုရန်အတွက် ပြဿနာရှာကာ ကျူးကျော်မှုများဖြင့်ရန်စ၍ အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲ ၁၈၂၄ ခုနှစ်တွင်ဖြစ်ပြီး ၁၈၂၆ ခုနှစ်တွင် စစ်ပွဲပြီးကာ ရခိုင်နှင့်တနင်္သာရီတို့ အင်္ဂလိပ် လက်အောက်ကျရောက် ခဲ့ရသည်။ အင်္ဂလိပ် -မြန်မာ ဒုတိယစစ်ပွဲကို ပထမစစ်ပွဲအပြီး ၂၆ နှစ်အကြာ ၁၈၅၂ ခုနှစ်တွင် ဖြစ်ခဲ့ပြီး ၁၉၅၃ ခုနှစ် စစ်ပွဲအပြီး တွင် အောက်မြန်မာပြည်ဒေသများ အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့သည်။ နောက်ထပ် ၃၂ နှစ်အကြာမှသာ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ (၁၈၈၅- ၁၈၈၆) အပြီး အင်္ဂလိပ်တို့က အထက် မြန်မာပြည်နှင့် တစ်နိုင်ငံလုံးရှိနယ်မြေဒေသတစ်ခု လုံးကို သိမ်းပိုက်ခဲ့ကြသည်။

အင်္ဂလိပ်  - မြန်မာစစ်ပွဲများ ဖန်တီးသည်ကိုပင် အကြောင်းအမျိုးမျိုးပြကာ ရေးသားထားကြသည်။ အင်္ဂလိပ် -မြန်မာ တတိယစစ်ပွဲ (၁၈၈၅- ၁၈၈၆) ဖြစ်ရခြင်းမှာလည်း မြန်မာဘုရင် သီပေါမင်းသည် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဘုရင် တစ်ပါးဖြစ်သည်ဟု အကြောင်းပြကြသည်။ ဗြိတိသျှတို့က အကြောင်းမဲ့တိုက်ခိုက်သိမ်းယူခြင်း မဟုတ်ကြောင်းကိုလည်း ရေးသားကြသည်။ ကိုလိုနီစနစ်အရ နယ်မြေချဲ့ထွင်လာရေးနှင့် နှစ်ရှည်လများ အုပ်ချုပ်နိုင်ရေးတို့ကို စနစ်တကျအကွက်ချ‌ ဆောင်ရွက် ခဲ့ပေသည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်လိုခြင်း၏ အဓိကအချက်များတွင် အောက်ပါအချက်များ ပါဝင်နေကြောင်း တွေ့ရှိရသည် -

- ၎င်းတို့သိမ်းပိုက်ထားသော ဗြိတိသျှ- အိန္ဒိယ၏ အရှေ့ဘက်နယ်စပ်ဒေသတစ်လျှောက် ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ် ပေးနိုင်ရန်၊ (ထိုစဉ်အချိန်က အင်ဒိုချိုင်းနား ကျွန်းဆွယ် တစ်ခုလုံးကို ပြင်သစ်တို့က သိမ်းပိုက်ထားသည်)

- သဘာဝသယံဇာတအမျိုးမျိုး ပေါကြွယ်လှ သောမြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်သံ ပတ္တမြားကဲ့သို့ အဖိုးတန်ရတနာများရယူ၍ အကျိုးအမြတ်ရရန်၊

- ဗြိတိသျှမှ ထွက်ကုန်များအတွက် စျေးကွက် သစ်ရရှိကာ အကျိုးအမြတ်ရရန်၊

- ဆန်စပါးတင်ပို့မှုကို အခြားဗြိတိသျှကိုလိုနီ နိုင်ငံများသို့ ပိုမိုတင်ပို့ရောင်းချကာ အကျိုး အမြတ်ရရှိရန်။

အဆိုးရွားဆုံးသော လုပ်ဆောင်မှုတစ်ရပ်မှာ မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့သိမ်းပိုက်ရုံတင်မက မြန်မာဘုရင်၊ မိဖုရားများနှင့် မိသားစုများကိုပါ ၎င်းတို့သိမ်းပိုက်ထားသော ဗြိတိသျှ - အိန္ဒိယ၏ မြို့တစ်မြို့ဖြစ်သော မဒရပ်မြို့သို့ ခေါ်ဆောင် ထိန်းသိမ်းထားပြီး အိန္ဒိယမှဘုရင်ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာကာ ရန်ကုန်မြို့တွင် ထိန်းသိမ်းထား ခြင်းပင်ဖြစ်သည်။ ကျွန်ပြုရေးကို စနစ်တကျ လုပ်ဆောင်ရုံမက လူမျိုး၏ အမျိုးသားရေးလက္ခဏာ ကိုပါ ဖျောက်ဖျက်ရန် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။

‌‌ ၂၁ ရာစုသံတမန်ဆက်သွယ်ရေးနှင် ရွှေပေလွှာမိတ္တူလက်ဆောင်

မြန်မာနှင့် ဂျာမနီသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်ပြပွဲတစ်ခုကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ၁၇၅၆ ခုနှစ်က ဗြိတိသျှအင်ပါယာ၏ ဂျော့ဘုရင်(၂)သို့ အလောင်းမင်းတရားကြီးက ပေးအပ်ခဲ့သည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ စာကြည့်တိုက်တစ်ခုဖြစ်သော Gottfried Wilhelm Leibniz တို့က 3D ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိတ္တူကူးပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးထံ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးက ပေးအပ်ခဲ့သည်။

ဤသည်မှာလည်း ၂၀၁၂ ခုနှစ်က ပြည်ထောင်စုသမတဂျာမနီနိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ်က ဆွေးနွေးခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေးနှင့် ရန်ကုန်မြို့တွင် ဂျာမနီနိုင်ငံမှ Goethe-Institute ဖွင့်လှစ်ကာ ယဉ်ကျေးမှုစင်တာ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ပါဝင်သည်။

၁၈ ရာစုကတည်းက မြန်မာနိုင်ငံဘက်မှ အနောက်နိုင်ငံတချို့နှင့် ချစ်ကြည်ရေးကြိုးပမ်း မှုများ ဆောင်ရွက်ခဲ့ကြသော်လည်း လိုတစ်မျိုး၊ မလိုတစ်မျိုးမူများဖြင့် နိုင်ငံတချို့၏ နိုင်ငံတကာ ဆက်ဆံရေးပုံရိပ်များကား ၂၁ ရာစုတိုင် တွေ့မြင်နေ ရဆဲဖြစ်သည်ကို ယနေ့အခြေအနေများက သက်သေတည်နေသည်။ Neocolonialism ဝါဒကို အနောက်နိုင်ငံကြီးများက ယခင်သူတို့ ကိုလိုနီပြုဖူး သည့်နိုင်ငံများအပေါ် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုရေးရာဆိုင်ရာ သို့မဟုတ် အခြားဖိအားပေးမှုများကို သြဇာလွှမ်းမိုးရန်နှင့် ထိန်းချုပ်ရန်တို့အတွက် ယခု ၂၁ ရာစုတွင် ပိုမိုပြုလုပ်လာ နေကြသည်ကို တွေ့မြင်သတိထားမိကြမည် ဖြစ်ကြောင်း။        ။

ကိုးကား

 -          The Treasure of the Gottfried Wilhelm Leibniz Library in Hanover , Germany: The Golden Letter From King Alaungphaya of Myanmar to King George II of Great Britain by George Ruppelt I Jacques Leider

ဒေါက်တာနန္ဒာမွှန်း ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန

No comments:

Post a Comment