နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၆-၁-၂၀၂၃ ရက်စွဲဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ (၁၅/၂၀၂၃)ကို ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကိုကျင့်သုံး၍ ၃၁-၁-၂၀၂၃ ရက်စွဲပါ၊ အမိန့် ကြော်ငြာစာအမှတ်၊ ၁၀/၂၀၂၃ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ပေးခဲ့ပါသည်။
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည်။ ပါတီစုံခေတ် တွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အကျိုးကို မျက်နှာ မူရသည့် နိုင်ငံရေးအင်အားစုများဖြစ်သည်။ ပါတီ၏ မူဝါဒသဘောတရားများကို ပြည်သူလူထုအတွင်း ပျံ့နှံ့အောင်ဆောင်ရွက်ပြီး အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးသဖွယ် ထိန်းညှိပေးရသကဲ့သို့ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးနယ်ပယ်တွင် ပါဝင်ခွင့်ရရှိရေး အတွက်လည်း ကြိုးပမ်းနေကြရသည့် အဖွဲ့အစည်း များဖြစ်ကြသည်။
နိုင်ငံရေးပါတီများအသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစ ပါလီမန် ဒီမိုကရေစီပထမခေတ်ကာလ၊ တစ်ပါတီအုပ်ချုပ်ရေး ခေတ်ကာလ၊ တစ်ပါတီစနစ်မှ ပါတီစုံစနစ်သို့ အသွင်ကူးပြောင်းရေးကာလ၊ ပါတီစုံဒီမိုကရေစီ ဒုတိယခေတ်ကာလနှင့် တပ်မတော်က နိုင်ငံတော်တာဝန်အား တာဝန်ယူစောင့်ရှောက်ခဲ့ရသည့် ကာလတို့ကို ဖြတ်သန်းခဲ့ရသည်။ ထိုခေတ်ကာလများ တစ်လျှောက်လုံးတွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ကြသည်။ အချို့လည်း မထင်မရှားရော ထင်ထင်ရှားရှားပါ ပျောက်ကွယ်သွားခဲ့ကြသည်။ အချို့အထင်အရှားရပ်တည်လျက် ရှိဆဲဖြစ်သည်။
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုအဖွဲ့များ အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေအာဏာ တည်သည့်နေ့မှစ၍ ၁၈ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးအင်အား စုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊ အုပ်စုကွဲများအခြေအနေ၊ တောခိုလက်နက်ကိုင် သောင်းကျန်းမှု အခြေအနေများကြောင့် ၁၉၅၁ - ၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲ တွင် ဖဆပလအနိုင်ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ်ရွေးကောက်ပွဲတွင် ဖဆပလနှင့် ပမညတ အတိုက်အခံညွန့်ပေါင်းအင်အားစုတို့ အဓိကအားပြိုင်ခဲ့ရာ ဖဆပလသည် အမတ်နေရာအများစု ဖြင့် အနိုင်ရခဲ့ပြန်သည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ် အကြာ ၁၉၅၈ ခုနှစ်တွင် ဖဆပလအစိုးရအတွင်း ပုဂ္ဂိုလ်ရေးနှင့်အာဏာရရေးအခြေခံသည့် သန့်ရှင်းနှင့် တည်မြဲတို့ နိုင်ငံရေးအုပ်စုကွဲဂယက်နှင့်အစိုးရ ယန္တရားပျက်ယွင်းတော့မည့် အခြေအနေတို့ကြောင့် တပ်မတော်က အိမ်စောင့်အစိုးရဖွဲ့ကာ နိုင်ငံ့တာဝန် ယူခဲ့ရပြီးနောက် ပြန်လည်ကျင်းပပေးခဲ့သည့် ၁၉၆၀ ပြည့်နှစ် တတိယအကြိမ်ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အနိုင်ရရှိခဲ့သည်။ သန့်ရှင်း ဖဆပလတို့က ပြည်ထောင်စုပါတီအမည်ပြောင်းပြီး အစိုးရအာဏာရယူကာ မကြာမီမှာပင် နိုင်ငံရေး အာဏာလုပွဲ အကွဲအပြဲဖြစ်ရပ်များ၊ ဖက်ဒရယ် ပြဿနာနှင့် ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်း လာမှုများကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်က တော်လှန်ရေးကောင်စီဖွဲ့စည်း၍ နိုင်ငံတော်တာဝန် ကိုရယူခဲ့ရသည်။ ပါလီမန်ဒီမိုကရေစီပထမခေတ်ကာလတွင် လွတ်လပ်ရေးနှင့်အတူပါလာသည့် ပြည်တွင်းရောင်စုံသောင်းကျန်းမှု၊ တရုတ်ဖြူ ပြည်ပ ကျူးကျော်မှု၊ နိုင်ငံရေးအုပ်စုကွဲ၊ ဂိုဏ်းကွဲများနှင့် အုပ်ချုပ်ရေးယန္တရားပျက်ပြားမှု၊ အမျိုးသားစည်းလုံး ညီညွတ်ရေးပြိုကွဲမှုနှင့် ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်းမှုအနိဋ္ဌာရုံတို့ဖြင့် ဖြတ်သန်းခဲ့ရပြီးနောက် ၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီပထမခေတ် တစ်ခန်းရပ်ခဲ့ရလေသည်။
တစ်ပါတီအုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းသွားခဲ့ရ
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီဆိုရှယ်လစ် စနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ် ကြာမြင့်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ နိုင်ငံတော်၏ အဘက်ဘက်မှ ပျက်စီးယိုယွင်းနေသောအခြေအနေ၊ တိုင်းပြည်ပြိုကွဲတော့မည့်အခြေအနေ၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်လာမှုကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးမည့်အခြေအနေတို့ကို အချိန်မီထိန်းသိမ်းနိုင်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ရပြီး တစ်ပါတီအုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းသွားခဲ့ရသည်။ တပ်မတော်က တာဝန်ယူပြီးသည်နှင့်တစ်ပြိုင် နက်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ကိုဖွဲ့စည်းပြီးနောက် (၁) တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေး၊ (၂) လမ်းပန်း ဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေးချောင်လည်စေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးရေးနှင့် ပုဂ္ဂလိကသမဝါယမတို့ ဆောင်ရွက်နိုင်အောင်လည်း တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ (၄) ထိုလုပ်ငန်းရပ်များပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပရေး လုပ်ငန်းတာဝန် ၄ ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကျင်းပရေးကော်မရှင်ဥပဒေကို ဥပဒေအမှတ်၊ ၁/၈၈ ဖြင့် ပြဋ္ဌာန်းပေးခဲ့သည်။ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ကတည်းက ပါတီတည်ထောင်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဖြင့် ပြဋ္ဌာန်း ဆောင်ရွက်မှုမရှိခဲ့ခြင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် ပါတီစုံစနစ်တည်ထောင်ရန် တောင်းဆို ခဲ့ကြသော်လည်း အသင်းအဖွဲ့အမျိုးမျိုး၊ သမဂ္ဂအမည်အမျိုးမျိုး၊ နောက်ခံအကြောင်းတရား အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ခြင်းတို့ကြောင့် ပါတီစုံစနစ်သို့ပြောင်းလဲချိန်တွင် ပါတီအဖွဲ့အစည်းများကို စည်းကမ်းတကျဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်နိုင် ရေးအတွက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄/၈၈)နှင့် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥပဒေအမှတ်၊ ၁၄/၈၉)ကို ပြဋ္ဌာန်းပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းများကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာ နောက်ဆုံး မှတ်ပုံတင်ခွင့်ပြုရက်ဖြစ်သည့် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အချိန် ငါးလ အတွင်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်းမှာ ၂၃၅ ပါတီဖြင့် နိုင်ငံ့သမိုင်းတွင် နိုင်ငံရေးပါတီအများဆုံး အရေအတွက်ဖြင့် စံချိန်တင်ခဲ့လေသည်။
ငါးပါတီသာမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့
ယင်းသို့ မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၂၃၅ ပါတီအနက် ပါတီတွင်းမရပ်တည်နိုင်သည့် အခြေအနေများအရ ပါတီမှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားသဖြင့် ယင်းတို့၏ဆန္ဒအရ ကော်မရှင်က ပါတီ ၁၀၂ ပါတီကို ဖျက်သိမ်းခဲ့ရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတော်အား လက်နက်စွဲကိုင်တိုက်ခိုက်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများ၏ မြေပေါ် မြေအောက်အဖွဲ့အစည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့် ပါတီသုံးပါတီကို ဖျက်သိမ်းခဲ့ရသည်။ ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်မှာပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သည့် ပါတီ ၃၇ ပါတီကိုလည်းပယ်ဖျက်ခဲ့ရသည်။ ရွေးကောက်ပွဲ မကျင်းပမီမှာပင် ပါတီ ၁၄၂ ပါတီကို ဖျက်သိမ်းခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ပါတီဖျက်သိမ်း ပေးရန် ဆန္ဒအလျောက်တင်ပြလာသည့် ပါတီ ၁၅ ပါတီ၊ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည့် ပါတီငါးပါတီ၊ ပါတီလှုပ်ရှားမှုနှင့် အလုပ်အမှုဆောင်အဖွဲ့မရှိတော့သည့် ပါတီခုနစ်ပါတီ၊ နိုင်ငံရေး ပါတီအင်္ဂါရပ်နှင့် မညီညွတ်တော့သည့် ပါတီ ၅၆ ပါတီတို့ကိုလည်း ကော်မရှင်က ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ရသဖြင့် မူလက မှတ်ပုံတင်ခဲ့သည့် ပါတီပေါင်း ၂၃၅ ပါတီတွင် တရားဝင်ရပ်တည်နိုင်သည့် ပါတီ ၁၀ ပါတီသာကျန်ရှိပြီး ယင်းတို့အနက် ငါးပါတီသာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရှိရသည်။
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးကောက်ပွဲတွင် အနိုင်ရပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရတာဝန်လွှဲအပ်နိုင်ရေးအတွက် လိုအပ်နေ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကို ကျင်းပစေခဲ့သည်။ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးရရှိခဲ့သည့်ပါတီနှင့် ယင်းပါတီအမတ်များက အမျိုးသားညီလာခံမှ ကျောခိုင်း ထွက်ခွာသွားခဲ့သဖြင့် ပါတီစုံခေတ်ပြန်လည် ရှင်သန်စေမည့် လမ်းကြောင်းဖြစ်သော ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲရလဒ်သည်လည်း ပျက်ပြယ်သွားခဲ့ရလေသည်။
ပြန်လည်လမ်းခင်းပေး၍ လျှောက်လှမ်းစေခဲ့
အမျိုးသားညီလာခံမှ ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မူကြမ်းကို ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင်ကျင်းပသည့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၉၂ ဒသမ ၄ ရာခိုင် နှုန်းတို့၏ ထောက်ခံဆန္ဒမဲဖြင့် အတည်ပြုပြီးနိုင်ခဲ့ ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့ကို အသစ် ပြဋ္ဌာန်းပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းအတွက် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပေးခဲ့သည်။ တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ရသည့် အုပ်ချုပ်ရေးကာလမှ ပြည်သူက ရွေးကောက်တင်မြှောက်သည့် ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ညင်သာချောမွေ့စွာဖြင့် ကူးပြောင်းပေးနိုင်ခဲ့သည်။ ပြည်သူတို့ လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ် ဒုတိယခေတ်ကာလကို ပြန်လည်လမ်းခင်းပေး၍ လျှောက်လှမ်းစေခဲ့သည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၁၄၈ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ခြောက်ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ လျှောက်လှမ်းခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရစမှာပင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲအချိန် ကာလသို့ ရောက်ခဲ့ရလေသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၇၂၈ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၁၄၅ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ငါးဦး ရွေးကောက်တင်မြှောက်ခံ ခဲ့ရပြီး NLD ပါတီက အစိုးရဖွဲ့ကာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို ဖြတ်သန်းခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ၈၇ ပါတီမှ ကိုယ်စား လှယ်လောင်း ၅၃၇၉ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ၂၆၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲတွင် အာဏာရပါတီအစိုးရ၏ ပါဝင်စွက်ဖက်မှုများ၊ မဲစာရင်းကြီးမားစွာမှားယွင်းမှုများ၊ မဲမသမာမှုဖြစ်စဉ်များကို တာဝန်ယူမဖြေရှင်းဘဲ လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်အာဏာကို ရယူမည့်အခြေအနေတို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၍ နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ရလေသည်။ အရေးပေါ်ကာလဆိုသည်မှာ ဒီမိုကရေစီ လမ်းကြောင်းမတိမ်းစောင်းရလေအောင် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းပေးရသည့် အခြေအနေပင်ဖြစ်သည်။ အစွန်းရောက်ဒီမိုကရေစီအာဏာပိုင် လမ်းစဉ်သို့ ဦးတည်နေသောအခြေအနေအား အချိန်မီတားဆီးလိုက်နိုင်သည်ဟု ဆိုရပေလိမ့်မည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါ က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့လုပ်ငန်းစဉ် များချမှတ်ထားပြီးဖြစ်ရာ ကျင်းပရန်ရှိသည့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများက ဝင်ရောက်ယှဉ်ပြိုင်ကြရပေမည်။
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒနယ်အားလုံးအတွက် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေများလည်း သင့်လျော်သည့်အချိန်တွင် အသစ်ပေါ်ထွက်လာ လိမ့်မည်ဟု မျှော်လင့်ထားပါသည်။
ပါတီအမျိုးအစားသုံးမျိုးတွေ့ရှိရ
ပါတီစုံခေတ်နိုင်ငံရေးပါတီများကို လေ့လာကြည့်ရာ သာမန်အားဖြင့် ပါတီအမျိုးအစားသုံးမျိုး တွေ့ရှိရသည်။ နိုင်ငံရေးဝါဒအခြေပြုပါတီ၊ ဒေသ/လူမျိုးစုအခြေပြုပါတီနှင့် အခြေခံလူတန်းစား အခြေ ပြုပါတီတို့ဖြစ်သည်။ နိုင်ငံအချို့တွင် လူမှုပတ်ဝန်း ကျင်အကျိုးပြုပါတီများလည်းရှိကြသည်ဟု ဆိုပါသည်။ ပါတီများ၏ ရပ်တည်မှုကိုလေ့လာကြည့်ရာတွင် တိုင်းပြည်အတွက် အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ရပ်တည်သည့်ပါတီ၊ နယ်မြေဒေသနှင့် တိုင်းရင်းသားလူမျိုးဝိသေသလက္ခဏာကို မဏ္ဍိုင်ပြု၍ မိမိဒေသမိမိလူမျိုးကောင်းကျိုးအတွက် ရပ်တည်သည့် ပါတီ၊ အစိုးရအာဏာရရေးရပ်တည်သည့်ပါတီ၊ ဝန်ကြီးအမတ်နေရာရရေး ရပ်တည်သည့်ပါတီ၊ အစိုးရကိုထိန်းကျောင်းရန် အတိုက်အခံသဘော ရပ်တည်သည့်ပါတီနှင့် နိုင်ငံရေးပလက်ဖောင်း နေရာတစ်ခုခုအတွက် ရပ်တည်သည့်ပါတီတို့ကို ယေဘုယျအားဖြင့် တွေ့ရှိရသည်။
မည်သည့်ရပ်တည်မှုဖြင့် မတူကွဲပြားစွာ ဖွဲ့စည်းတည်ထောင်ထားကြသည်ဖြစ်စေ ပါတီများ၏ တူညီသော ရည်မှန်းချက်သည် လူထုထောက်ခံမဲဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ် ရေးနယ်ပယ်တွင် ပါဝင်နိုင်ရန်ဖြစ်သည်။ ပါတီ၏ နိုင်ငံရေးယုံကြည်ချက်၊ ပါတီ၏မူဝါဒ၊ ပါတီဖွဲ့စည်းပုံ နှင့် စည်းမျဉ်း၊ ပါတီတွင်းအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု၊ ပါတီတွင်းစည်းလုံးညီညွတ်မှု၊ ပါတီဝင်အင်အား တိုးတက်ရရှိရေး၊ ပါတီ၏စည်းရုံးရေးစွမ်းရည်၊ ပါတီ တာဝန်နှင့် နိုင်ငံ့တာဝန်၊ ပါတီအကျိုးစီးပွားနှင့် အမျိုးသားအကျိုးစီးပွား၊ လွှတ်တော်တွင်းနိုင်ငံရေးတာဝန်နှင့် လွှတ်တော်ပြင်ပနိုင်ငံရေးတာဝန်၊ ရွေးကောက်ပွဲအနိုင်ရရှိရေးနှင့် ပါတီရေရှည် အသက်ဝင်ရပ်တည်နိုင်ရေး စသည်တို့သည် ပါတီတစ်ရပ် ချင်းစီအပေါ်တွင် လူထုကအကဲဖြတ်ရမည့် နိုင်ငံရေး မှတ်ကျောက်များပင်ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ရာ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လူထုကိုယ်စားပြုမှုကို မြင့်မားစွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း မိမိတို့ရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်ပေါ် မူတည်၍ အချိုးကျစနစ်ဖြင့် ရွေးကောက်တင်မြှောက် ခံကြရမည်ဖြစ်ရာ နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းနေရန်နှင့် စည်းရုံးရေးစွမ်းရည်မြင့်မားနေရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်။
၂၃-၁-၂၀၂၃ ရက်နေ့က ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “…. မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ် ဖြင့်သွားခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဆောင်ရွက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ် အမြန်ဖြစ်ထွန်းနိုင်ရေး နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ကို လျှော့ပေါ့ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင်လည်း နိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီ အတွေ့အကြုံကို ပိုမိုရရှိစေရန်အတွက်ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ လျှော့ပေါ့ ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွေ့အကြုံ များအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကိုတွေ့ရ ကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များ အစုအဖွဲ့တစ်ခုအနေဖြင့်သာ လုပ်ဆောင်နိုင်သည် ကိုတွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည် ဆိုပါက ဧရိယာအားဖြင့် အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင် မှုမရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပါတီများ အားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာဖြင့် ထုထည်ဖြင့်ဖွဲ့စည်းနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက် ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန် လိုကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင်ပါရှိသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေကို အတည်ပြုနိုင်ရန် အတွက် သုံးသပ်ဆွေးနွေးအကြံပြုစေလိုကြောင်း ....” ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးပါတီ ၉၁ ပါတီ တရားဝင်ရပ်တည်ဆဲဖြစ်
အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီများ အနေဖြင့် ပါတီဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း (၂၆-၁-၂၀၂၃ ရက်နေ့မှ ၂၈-၃-၂၀၂၃ ရက်နေ့အတွင်း) ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ထားခြင်းမှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။ နိုင်ငံရေးပါတီ တည်ထောင်ခွင့်အသစ် လျှောက်ထားလိုသူများ အနေဖြင့်လည်း ၂၆-၁-၂၀၂၃ ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲမှသည် ယနေ့အချိန်အထိ နိုင်ငံရေးပါတီပေါင်း ၁၂၈ ပါတီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးပါတီ ၉၁ ပါတီ တရားဝင်ရပ်တည်ဆဲဖြစ်သည်။ အများစုမှာ လွှတ်တာ်သက်တမ်းနှစ်ဆက်တာ ကာလအတွင်း ရွေးကောက်ပွဲအတွေ့အကြုံနှင့် ပါတီ၏အခြေခံ အရင်းအမြစ်များ ရှိထားပြီးဖြစ်လိမ့် မည်ဟုယူဆပါသည်။ ပါတီမှတ်ပုံတင်ခွင့်မရှိစေရ ပြဋ္ဌာန်းချက်များနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ ပြဋ္ဌာန်းချက်များကိုလည်း သတိပြုကြရမည် ဖြစ်သည်။
နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ ပါတီလုပ်ငန်းများ စီမံအုပ်ချုပ်မှုကောင်းမွန်ခြင်း၊ ပါတီဝင်အင်အားများ နိုင်သမျှများများစုဆောင်းနိုင်ခြင်း၊ ပါတီရန်ပုံငွေတောင့်တင်းခိုင်မာခြင်းနှင့် ပါတီ၏စည်းရုံးရေး စွမ်းရည်မြင့်မားနေခြင်းတို့ပင်ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာစေရန်၊ လာမည့်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန်၊ လက်ရှိနိုင်ငံ ရေးပါတီများ၏ ရပ်တည်မှုအခြေအနေနှင့်ကော်မရှင်က ပါတီများအား စစ်ဆေးတွေ့ရှိချက်များအရ ကျစ်လျစ်ပြီးခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီ များဖြစ်ထွန်းရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စိတ်ရင်းစေတနာမွန်ဖြင့် ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများကိုလည်း လူထုကမျှော်လင့်နေမည်ဖြစ်သည်။
ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီများသည် အသစ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ထိုက်သင့်သည့် ပါတီဝင်အင်အားစုဆောင်းရန်၊ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် ရှိသင့်သည့် ပါတီရန်ပုံငွေကြေး ထားရှိရန်၊ ပါတီလုပ်ငန်းများစနစ်တကျဆောင်ရွက်ရမည့် ပါတီရုံးခန်းများဖွင့်လှစ်ရန်၊ ရွေးကောက်ပွဲတွင် ဥပဒေကသတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေ အတွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်တို့အတွက် အပြိုင်ကြိုးပမ်းနေကြရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးစွမ်းရည်ကောင်းကောင်းဖြင့် ပါတီဝင်အင်အားများနိုင်သမျှများများ စုဆောင်းနိုင်မှသာလျှင် ရွေးကောက်ပွဲတွင် မိမိပါတီ ကရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်အတိုင်း အခြေခံမဲနှင့် အကြွင်းမဲတွက်ချက်နည်းတို့အရ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးအမည်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် လည်း ကျစ်လျစ်ခိုင်မာစွာ စုစုစည်းစည်းဖြင့်၊ ပါတီစည်းရုံးရေး စွမ်းအားကောင်းမွန်ခြင်းတို့ဖြင့် ပြည်ထောင်စုအဆင့်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တို့တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို မျှဝေကျင့်သုံးနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိလာမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းသည်နှင့်အမျှ ရွေးကောက်ပွဲယဉ်ကျေးမှု မှတစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက်သာမက ပြည်သူတစ်ရပ်လုံးက လိုလား တောင့်တနေသည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်ပါ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကောင်းမြတ်သောအကျိုးသက်ရောက်မှုများ ရရှိလာလိမ့်မည်ဟု ပြည်သူတစ်ဦးအနေဖြင့် မျှော်လင့်ပါသည်။
ကမ္ဘာ့ဒီမိုကရေစီ ဝါရင့်နိုင်ငံကြီးများမှာပင် ရွေးကောက်ပွဲတွင်အနိုင်ရ၍ မည်သည့်ပါတီက နိုင်ငံကိုအုပ်ချုပ်ရသည်ဖြစ်စေ၊ အစိုးရကို ထိန်းကျောင်းပေးရသည့် အတိုက်အခံပါတီပင်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုသာ တစိုက်မတ်မတ်ဦးတည်ဆောင်ရွက်ကြသည့် နိုင်ငံရေး ယဉ်ကျေးမှုအလေ့အထမျိုးကိုသာ ခံယူကျင့်သုံးကြလေသည်။ မိမိတို့နိုင်ငံကဲ့သို့ ဒီမိုကရေစီအသွင် ကူးပြောင်းဆဲနိုင်ငံအနေဖြင့် နိုင်ငံတကာအမြင် ကျယ်ကျယ်၊ အမျိုးသားနိုင်ငံရေး ဆင်ခြင်ဉာဏ်တို့ ဖြင့် အတိတ်ကိုသင်ခန်းစာယူ၊ ပစ္စုပ္ပန်ကိုမှန်ကန်စွာ တည်ဆောက်ပြီး အနာဂတ်ကို တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ပါတီစုံခေတ်တွင် ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရဖွဲ့နိုင်သည်ဖြစ်စေ၊ အစိုးရမဖွဲ့နိုင်သည်ဖြစ်စေ အမျိုးသားအကျိုးစီးပွား ကိုဦးတည်သည့်ပါတီများ ခိုင်မာအားကောင်းရန် လိုအပ်ပြီး ပြည်သူနှင့်တစ်သားတည်းရှိနေရန်လည်း လိုအပ်သည်။ ရွေးကောက်ပွဲနီးလျှင်ပေါ်လာပြီး ရွေးကောက်ပွဲပြီးလျှင် ပျောက်ကွယ်သွားမည်ဆိုပါက ပြည်သူနှင့်ဝေးသည်ထက် ဝေးသွားပေလိမ့်မည်။ လူထုကလည်း ရွေးကောက်ပွဲတွင် ဉာဏ်နှင့်ယှဉ်သော ဆန္ဒမဲတို့ဖြင့် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန် လိုသည်။
သို့ဖြစ်ပါ၍ လာမည့်အနာဂတ်တွင် ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရဖွဲ့နိုင်မည်ဆိုလျှင်လည်း အမျိုးသားအကျိုးစီးပွားကို ဦးတည်သည့် ကောင်းမွန် သောအစိုးရ၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုတို့ဖြင့် ပြည့်စုံနိုင်ကြစေရန်၊ ဒီမိုကရေစီ သဘောအရ အတိုက်အခံပါတီအဖြစ် အစိုးရကို ထိန်းကျောင်းပေးကြရာတွင်လည်း ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုနိုင်ကြစေရန်အလို့ငှာ ပါတီစုံခေတ်တွင် ပြည်သူကိုကိုယ်စားပြုရမည့် ပါတီ များခိုင်မာအားကောင်းရေးအတွက် မဲဆန္ဒရှင် ပြည်သူတစ်ဦးအနေဖြင့် ဆန္ဒပြုလျက် ဖော်ညွှန်း တင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား
တပ်မတော်သမိုင်း (စတုတ္ထတွဲ) မှ (အဋ္ဌမတွဲ) အထိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတ်တမ်းများ
မြန်မာနိုင်ငံရေးပါတီများ (၂၀၂၂)
မြန်မာ့အလင်းသတင်းစာ (၂၄-၁-၂၀၂၃)
No comments:
Post a Comment