နေသူရိန်
မြန်မာနိုင်ငံအနေဖြင့် သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်ခေတ်ဟူ၍ ခေတ်ကြီးငါးခေတ်၏ ကုန်လုပ်ဆက်ဆံရေးသမိုင်းကို ဆန်းစစ်လေ့လာသုံးသပ်ကြည့်ပါက ကျွန်ပိုင်ရှင်ခေတ်တွင် “ကုန်သည်” ဟူသော လူတန်းစားစတင်ပေါ်ပေါက်နေပြီကို သိနိုင်ပါသည်။ ဗုဒ္ဓဝင်ရာဇဝင်များနှင့် အခိုင်အမာ၊ အခံ့အထည်စာကမ္ပည်းတင်ထားသော သမိုင်းမှတ်တမ်းများတွင်လည်း “ကုန်သည်များ” ၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်။
“ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်း၊ နောင်၊
ကုန်းဘောင်နှစ်ခေတ်ခွဲ” ဟူသော မြန်မာရာဇဝင် အဆက်ဆက်ထက် ရှေးကျသော “ပျူခေတ်” တွင်လည်း
“ကုန်သည်များ” ၏ သမိုင်းကြောင်းကို လေ့လာသိရှိခဲ့ကြသည်။ တရုတ်ပြည်အနောက်ပိုင်းရှိ ကုန်သွယ်ရေးမြို့မှ
လီ ၈၀၀ အကွာ တောင်တွင်းကြီးမြို့ အနောက်တောင်ဘက် ခုနစ်မိုင်ခွဲအကွာတွင်ရှိသော ပျူမြို့ဟောင်း
ဗိဿနိုးမြို့သည် “တရုတ်တို့၏ ကုန်းလမ်းကုန်သွယ်ရေးမြို့” ဖြစ်ကြောင်း၊ “ဗိဿနိုးမြို့ဟောင်းနှင့်
ခေတ်ပြိုင်သရေခေတ္တရာမြို့သည် ရေကြောင်းကုန်သွယ်ရေးမြို့” ဖြစ်ကြောင်း “တရုတ်ပြည်၏ ချူနိုင်ငံဦးဆောင်သောကျမ်း”
တွင် ဖော်ပြခဲ့သည်။
ပညာတတ်လူငယ်၊
လူလတ်များဖြင့် စတင်ဖွဲ့စည်း
၁၉၀၆ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကိုဦးတည်သော
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (Young Men’s BuddhistAssociation) ဝိုင်အမ်ဘီအေအသင်းကို ရန်ကုန်မြို့
၂၈ လမ်း အမှတ် (၈၆) ရှိ ဦးမောင်ကြီးနေအိမ်တွင် ဦးဘဘေ ခေါင်းဆောင်သော ပညာတတ်လူငယ်၊ လူလတ်များ
၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဝိုင်အမ်ဘီအေအသင်း၏ အမျိုးသားရေးရည်မှန်းချက်မှာ -
အမျိုးကိုချစ်ပါ။
ဘာသာကိုလေးစားပါ။
သာသနာကိုချီးမြှင့်ပါ။
ပညာကို အားပေးပါ . . .
စသည်တို့ဖြစ်ပါသည်။
၁၉၀၆ ခုနှစ်တွင်ပင် အင်္ဂလိပ်ကုန်သည်ကြီးများသည်
မြန်မာ့ကုန်သွယ်မှုလုပ်ငန်းများကို လက်ဝါးကြီးအုပ်အမြတ်ထုတ်နိုင်ရန်အတွက် အင်္ဂလိပ်ကုန်သည်များသာပါဝင်ခွင့်ရသည့်
ဗမာ နိုင်ငံကုန်သည်များအသင်း (Burma Chamber of Commerce) ကို ဖွဲ့စည်းခဲ့သည်။
၁၉၁၉ ခုနှစ်တွင် နိုင်ငံရေးအရှိန်မြှင့်လာပြီး
တက်ကြွသော ဝိုင်အမ်ဘီအေအသင်းဝင်များနှင့် ကုန်သည်ကြီးများဖြစ်သော ဦးမောင်ကြီး(ပေါင်းတည်)၊
ဦးမောင်ကြီး (ကြို့ပင်ကောက်)၊ ဦးစိန်ဝင်း (ပဲခူး)၊ဦးဘညွန့် (မြန်မာ့အဆွေ)၊ လွန်းဦးလှ
(ရွှေတောင်)၊ ဦးမြ(မြန်အောင်)၊ ဦးဘသင်(ဖျာပုံ)၊ သစ်ကုန်သည် ဦးဘအို၊ ချပ်သင်းဦးဘသင်၊
ဦးသင်းမောင်၊ ဦးဘဘေ၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘကလေး(သူရိယ)၊ ဒေါက်တာသိန်းမောင်၊ ဦးလှဘူး၊
ဦးဘတူ စသည့်ပုဂ္ဂိုလ်ကြီးများက “စီးပွားရေးခိုင်ခံ့မှ အမျိုးသားရေးတည်တံ့ခိုင်မြဲနိုင်မည်”
ဟူသော ခံယူချက်ဖြင့် ဗမာကုန်သည်များအသင်း(Burma Chamber of Commerce)ကို ဖွဲ့စည်း ခဲ့ကြသည်။
အသင်းကြီး၏ ပထမဆုံးဥက္ကဋ္ဌမှာ ဦးမောင်မောင်အုန်းခိုင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌများမှာ
ဦးဘဘေ၊ ဦးဘကလေးနှင့် အတွင်းရေးမှူးမှာ ဒေါက်တာသိန်းမောင် ဖြစ်သည်။
၁၉၁၉ ခုနှစ် အင်္ဂလိပ်ကိုလိုနီလက်ထက်ကဖွဲ့စည်းခဲ့သော
ဗမာကုန်သည်ကြီးများအသင်းမှသည် ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကြီးအဖြစ်
အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ရာ ၂၀၁၉ ခုနှစ်က နှစ် ၁၀၀ ပြည့်ခဲ့ပြီးဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် အင်္ဂလိပ်ကုန်သည်များသာပါဝင်ခွင့်ရသည့်
ဗမာ နိုင်ငံကုန်သည်များအသင်း နှစ်ပတ်လည်အစည်းအဝေးသို့ ဘုရင်ခံ ဆာဟူဘတ်ရန့်စ်နှင့် ဘုရင်ခံ
အမှုဆောင်ဝန်ကြီးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့ကြသည်။
ဗမာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်
အဆိုပါ နှစ်ပတ်လည်အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းက
အမှာစကားပြောကြားခဲ့ရာတွင် ဗမာနိုင်ငံသည် အရေးကြီးသောစက်မှုလုပ်ငန်းအနည်း ငယ်သာရှိသည့်
စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ နိုင်ငံအတွင်း စစ်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည့်အတွက် စီးပွားရေးပျက်စီးခဲ့ရကြောင်း၊
အသက်စည်းစိမ်နှင့် ပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးသည့် အတိုင်းအတာကို တစ်ဦးတစ်ယောက်ကမျှ
ခန့်မှန်းနိုင်မည်မဟုတ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများလည်း နစ်နာဆုံးရှုံးမှုရှိကြောင်း၊
အနည်းငယ်သာရှိသော စက်မှု လုပ်ငန်းများလည်းပျက်စီးခဲ့ရကြောင်း၊ ဂျပန်ငွေစက္ကူများ တရားမဝင်ကြေညာခဲ့၍
ပြည်သူများ မွဲတေခဲ့ရကြောင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးမှုအပေါ် နိုင်ငံရေးမတည်ငြိမ်မှုပါ
ဖြစ်ပေါ်လာ၍ တစ်နိုင်ငံလုံး ဖရိုဖရဲဖြစ်သွားခဲ့ရကြောင်း။
နိုင်ငံပြန်လည်ထူထောင်ရေးနှင့်ပတ်သက်လို့
အများအပြားဆောင်ရွက်ပြီးကြောင်းကို ဥက္ကဋ္ဌကြီး ကပြောကြားခဲ့ရာတွင် ပြည်တွင်းရေကြောင်းသွားလာရေးတိုးချဲ့နိုင်ခဲ့ခြင်း၊
ကုန်းလမ်းသွားလာ ရေးနှင့်ပတ်သက်၍ လမ်းများပေါ်မှာ ယာဉ်များလုံလောက်စွာသွားလာနေကြခြင်း၊
လျှပ်စစ် ဓာတ်အားစက်ရုံများ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့
ကြောင်းတို့ပါဝင်ခဲ့ကြောင်း။
အစိုးရနှင့် ဆာလောင်နေသည့် ကမ္ဘာကြီးအနေဖြင့်
ကျွန်တော်တို့ စိုက်ပျိုးရေးသမားများကို ကျေးဇူးတင်ထိုက်ပါကြောင်း၊ အလုပ်သမား၊ ကျွဲ၊
နွားများနှင့် လယ်ယာသုံးပစ္စည်းများ လိုအပ်ရှားပါးနေသည့်အချိန်မှာ လိုအပ်သောအားပေးမှုအကူအညီပေးနိုင်ခဲ့လို့
ဆန်စပါးတိုးမြှင့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ် ပထမပိုင်းမှာ ဆန်တန်ချိန်
၇၅၀၀၀၀ တင်ပို့ရန် ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လာမည့်မေလလောက်တွင် ဆန်လက်ကျန်အခြေအနေကို
ပြန်လည်သုံးသပ်ပြီး တန်ချိန်တစ်သန်းထိပို့နိုင်မည်လို့ ကျွန်တော်၏ အကောင်းမြင်စိတ်အရ
ယုံကြည်နေကြောင်း။
တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်လျော့နည်းမှုရှိနေသရွေ့
ပိုလျှံသည့်စားသောက်ကုန်များ နိုင်ငံခြားသို့ရောင်းချခြင်းကို အစိုးရအနေဖြင့် ထိန်းသိမ်းထားသင့်သည်ဟု
ဥက္ကဋ္ဌကြီး၏အကြံပြု ချက်ကို ကျွန်တော်သဘောတူကြောင်း။
ဥက္ကဋ္ဌကြီးမိန့်ခွန်းမှာ ဗမာဆန်ထုတ်လုပ်မှုညံ့ဖျင်း၍
အရည်အသွေးကျဆင်းနေကြောင်းပါရှိ ကြောင်း၊ ကျွန်တော်တို့အနေဖြင့် ပြည်ပတင်ပို့မည့်ဆန်အရည်အသွေးကို
အလေးထား စိစစ်ထိန်းသိမ်းလျက်ရှိကြောင်း၊ နှစ်အနည်းငယ်အတွင်း လယ်ယာစိုက်ပျိုးရေး ပြန်လည်တိုးတက်မှုရှိလာပြီး
ဗမာနိုင်ငံအနေဖြင့် စစ်မဖြစ်မီကကဲ့သို့ ဆန်တင်ပို့ရောင်းချ သည့်နိုင်ငံများ၏ ထိပ်တန်းနေရာသို့
ပြန်လည်ရောက်ရှိလာလိမ့်မည်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပဲမျိုးစုံကိုလိုအပ်တဲ့နိုင်ငံတွေသို့
တင်ပို့ရောင်းချ
ထို့ပြင် မိုးဦးနှောင်းတဲ့အတွက် သီးနှံအထွက်နည်းခဲ့ပါတယ်။
ဒီရာသီမှာ ဥက္ကဋ္ဌကြီးတင်ပြတဲ့ ဝါဂွမ်းနဲ့ဆီထွက်သီးနှံထွက်နှုန်းနည်းပါးတာကို ကျွန်တော်လက်ခံပါတယ်။
ကျွန်တော်တို့အနေဖြင့် ရာသီဥတုကိုမထိန်းချုပ်နိုင်ပါဘူး။ ဒီနှစ်မှာ နိုင်ငံခြားသို့
တင်ပို့ရောင်းချဖို့ပိုလျှံခြင်းမရှိသော်လည်း နိုင်ငံခြားကဝယ်နေကျဖောက်သည်တွေနဲ့ အဆက်အသွယ်မပြတ်ဖို့
စတိအနေဖြင့် အနည်းငယ်တင်ပို့ရောင်းချဖို့ စဉ်းစားထားပါတယ်။ ဆီထွက်သီးနှံနဲ့ပတ်သက်၍
အိန္ဒိယနိုင်ငံမှ ပဲဆီ တန် ၄၅၀၀၀ ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားပါတယ်။ ကမ္ဘာမှာရှားပါးနေတဲ့အချိန်
များပြားတဲ့ပမာဏ ဝယ်ယူရန်ကမ်းလှမ်းခြင်းကို အချို့နိုင်ငံတွေက ဝေဖန်မှုတွေရှိပါတယ်။
အမှန်တော့မမှားပါဘူး။ ကျွန်တော်လယ်သမားတွေ အလုံအလောက်စားသုံးနိုင်မှ အလုံအလောက်စိုက်နိုင်မယ်လို့
သုံးသပ်မှုအပေါ်အခြေခံပြီး မှာယူကမ်းလှမ်းခြင်းဖြစ်ပါတယ်။ အခြားပဲမျိုးစုံကိုတော့ ပိုလျှံသလောက်
လိုအပ်တဲ့နိုင်ငံတွေသို့ တင်ပို့ရောင်းချဖို့ရည်ရွယ်ထားပါတယ်။
သစ်နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ထုတ်လုပ်မှုတိုးချဲ့ရန်ရည်ရွယ်ထားပါတယ်။
ပြည်တွင်း လိုအပ်ချက်နဲ့ ပြည်ပဈေးကွက်တွေပြန်လည်ရရှိရန် ကြိုးစားပါမယ်။ ကျွန်းသစ်နှင့်
အခြားသစ်တွေ ခိုးယူနေခြင်းတွေကို သစ်တောဌာနကအစွမ်းကုန် တားဆီးနေသော်လည်း မထိရောက်ပါဘူး။
ဒီပြဿနာကို ကျွန်တော်တို့ အထူးဂရုပြုရပါမယ်။
ကျွန်တော် အစိုးရစီမံကိန်းတွေနဲ့ပတ်သက်၍
ပြောလိုပါတယ်။ ဒီစီမံကိန်းတွေကို အိန္ဒိယနိုင်ငံ ဆင်းမလားမှ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။
သူတို့ရဲ့အပြောအရ ပျက်စီးယိုယွင်းနေတဲ့နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် စီမံချက်တွေအကောင်အထည်ဖော်တဲ့နေရာမှာ
အစိုးရကိုယ်တိုင်ကကြီးကြပ်ကွပ်ကဲဖို့ သတ်မှတ်ခဲ့ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း
ပြောပါမယ်။ ဒီစီမံကိန်းတွေအကောင်အထည်ဖော်ပုံကိုလည်းကောင်း အစိုးရက သူတို့ချမှတ်ထားတဲ့မူဝါဒအတိုင်း
အပြည့်အဝကြီးကြပ်ဆောင်ရွက်မယ်ဆိုတဲ့အစီအစဉ်ကို ကျွန်တော်လုံးဝသဘောမတူပါ။ ပေါ်လစီတစ်ခုဟာ
ရည်ရွယ်ချက်မည်မျှပင်ကောင်းပါစေ အကောင်အထည်ဖော်မှုမကောင်းလျှင် ရလဒ်ကောင်းမယ်မဟုတ်ပါ။
စီမံကိန်းတွေကောင်းမွန်စွာအကောင်အထည်ဖော်လျက်ရှိပြီး ဟန်ဆောင်မနေကြဖို့ ပြောလိုတယ်။
ဥပမာ- ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့နှင့်
ပြည်သူ့ထောက်ပံ့ရေးအဖွဲ့တို့တွင် အလွန် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း၊ အစီရင်ခံစာများ
ရရှိနေသော်လည်း စုံစမ်းဖော်ထုတ်ခြင်းမရှိသဖြင့် ကုဋေပေါင်းများစွာ ဆုံးရှုံးနေသည်ကို
သိရသည်။ ငွေတစ်ကျပ်သုံးတိုင်း ပြည်သူများအကျိုးအတွက် သုံးသင့်သည်။ အစိုးရအနေဖြင့် ဤစီမံကိန်းများကို
အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းအောင်မြင်မှုနှင့် ပြည်သူများအကျိုးရှိစေရမည်။ စီမံကိန်းများ
ကြီးကြပ်ဆောင်ရွက်ရာတွင် အစိုးရဝန်ထမ်းမဟုတ် သူများ၏ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုသည်။
ကျွန်တော့်အနေဖြင့် အရေးပါအရာရောက်သည့်
စက်မှုလုပ်ငန်းများကို ပြည်သူပိုင်လုပ်ရန် ရည်ရွယ်ပါသည်။ ပြည်သူပိုင်လုပ်မှသာ အများပြည်သူ
လူနေမှု အဆင့်အတန်းမြင့်မားလာနိုင်မည်ဖြစ်ပြီး စိတ်ချမ်းသာမှုပေးနိုင်မည်။ သို့သော်
ပြည်သူပိုင်လုပ်ခြင်းသည် အချိန်အခါကောင်းတွင် ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။
စီမံကိန်းအချို့သည် ပြည်သူပိုင်အသွင် ဆောင်သော်လည်း တည်ဆဲ ပုဂ္ဂလိကလုပ်ငန်းများကိုဖျက်ဆီးနေသည့်
သဘောသက်ရောက်နေသည်။ ကျွန်တော်တို့ကအများအတွက် ပြည်သူပိုင်လုပ်လိုသော်လည်း ရည်ရွယ် သည့်အတိုင်းမဖြစ်နိုင်သေးပါက
ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများကို မပျက်စီးစေလိုပါ။ အစိုးရ အနေဖြင့် ယင်းလုပ်ငန်းများကိုအားပေးပြီး
စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေသင့်ပါသည်။
အရင်းရှင်စနစ်သည် အမြဲတမ်းရှိနေလိမ့်မည်ဟု
ကျွန်တော်မယုံကြည်ပါ။ သို့သော် ဗမာနိုင်ငံကဲ့သို့သောနိုင်ငံသည် အရင်းရှင်ခေတ်မှတစ်ဆင့်
တိုးတက်သွားရန်လိုအပ်သည်။ အရင်းရှင်စနစ်သည် အကန့်အသတ်မရှိ လွတ်လပ်စွာမရပ်တည်သင့်ပါ။
ဗမာနိုင်ငံသည် စီးပွားရေးလျင်မြန်စွာတိုးတက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလိုအပ်သည်။
ကျွန်တော်တို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုကြိုဆိုရမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို
ကျွန်တော်တို့လက်ခံပြီး ယခင်ကကဲ့သို့ သွေးစုပ်အုပ်ချုပ်မှုများမရှိရန် စနစ်တကျကြီးကြပ်မှုရှိရ
မည်။ ဝင်လာသည့်ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် သင့်မြတ်သောအကျိုးအမြတ်ကို ပေးရမည်ဖြစ်ပြီး
ပြည်သူများအလုပ်အကိုင်ရရှိ၍ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရမည်။
ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည်
လန်ဒန်စာချုပ်အရ တည်ငြိမ်ပါတော့မည်။ နိုင်ငံရေးရောဂါကုစားနိုင်သော်လည်း စီးပွားရေးရောဂါတည်ရှိနေပါသေးသည်။
စီးပွားရေးရောဂါ ရှိနေခြင်းကြောင့် ဥပဒေစိုးမိုးမှုအပြည့်အဝနှင့် လျင်မြန်မှုမဖြစ်နိုင်သေးပါ။
အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ရန်လိုသည်။
အလုပ်သမားများအခွင့်အရေးများတောင်းဆိုလာကြ
နိုင်ငံအတွင်း အလုပ်သမားပဋိပက္ခများရှိနေသေးသည့်အပြင်
အလုပ်သမားသပိတ်မှောက်မှုများ လည်းရှိနေသေးသည်။ အလုပ်သမားများ၏ နစ်နာချက်များ မှန်ကန်သလောက်
မှန်ကန်သည်။ ကျွန်တော်တို့ အလုပ်သမားများ၏အခြေအနေက တိုးတက်ဖွံ့ဖြိုးသော အခြားနိုင်ငံများမှ
အလုပ်သမားများနှင့်နှိုင်းယှဉ်ပါက အလွန်နိမ့်ကျကြသည်။ ဒါကြောင့် အလုပ်သမားများနိုးကြားလာကြပြီး
အခွင့်အရေးများတောင်းဆိုလာကြသည်။ အလုပ် သမားလှုပ်ရှားမှုများမှာ မတန်တဆတောင်းဆိုမှုများလည်းရှိတတ်သည်။
အလုပ်သမားများကို အပြစ်တင်ခြင်းမပြုဘဲ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများတွင်
အလုပ်ရှင်များအနေဖြင့် ဥပဒေရှုထောင့်တစ်ခုတည်းမကြည့်ဘဲ လူမှုရေးရှုထောင့်များမှလည်း
စဉ်းစားရန်အစိုးရအနေဖြင့် မျှော်လင့်ပါကြောင်း ပြောကြားလိုသည်ဟု အမှာစကားပြောကြားခဲ့သည်။
၁၉၆၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြေညာပြီး အစွန်းရောက် လက်ဝဲနိုင်ငံရေးသမားများ၏ အကြံဉာဏ်၊
အတွေးအခေါ်များကြောင့် ကုန်စုံဆိုင်မှစပြီး စာသင်ကျောင်း၊ ရုပ်ရှင်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းငယ်ကလေးများကို
ပြည်သူပိုင်သိမ်းလိုက်၍ အာရှတွင် ဖွံ့ဖြိုးတိုးတက်စပြုနေသော မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့
ရောက်ရှိသွားခဲ့သည်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ
အထူးအစည်းအဝေးသို့ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက ပြန်လည်မိန့်ခွန်းပြောကြားရာတွင်
မိမိအနေဖြင့် မြန်မာကုန်သည်ကြီးများနှင့် ယခုလို ရင်းရင်းနှီးနှီးတွေ့ဆုံရန် ဆန္ဒရှိခဲ့သည်မှာ
အတော်ကြာပြီဖြစ်ကြောင်း၊ မလွှဲမရှောင်သာသော အကြောင်းများကြောင့် မတွေ့ခဲ့ရကြောင်း၊
ယခုလို တိုင်းရင်းသားကုန်သည်ကြီးများနှင့် တွေ့ဆုံနိုင်ရန်အတွက် စီစဉ်ပေးသော မြန်မာကုန်သည်ကြီးများအသင်းကို
မိမိအနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့ အနေဖြင့်လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို
ရင်းရင်းနှီးနှီး တွေ့ဆုံရသည့်အခါမှာ စီးပွားရေးနှင့်ပတ်သက်၍ အရေးကြီးသောအချက်ကို နိုင်ငံတော်အစိုးရ၏
သဘောထားအဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုကြောင်း၊ ရှေးဦးစွာ ပြောဆိုလိုသည့်အချက်မှာ
နိုင်ငံတော်အစိုးရနှင့် စီးပွားရေးသမားများမှာ တစ်ဦးနှင့်တစ်ဦး ခပ်စိမ်းစိမ်းဖြစ်နေသော
အချက်ပင်ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံခြင်းနည်းပါးခဲ့သဖြင့် တစ်ဦးပေါ်တစ်ဦး
မယုံသင်္ကာဖြစ်နေသောကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်းစီးပွားရေးသမား များသည်
လူထုအကျိုးစီးပွားမပါရှိဘဲ ကိုယ်ကျိုးစီးပွားရေးသာရှာကြမည်လော ဟူသောအချက်ဖြင့် စီးပွားရေးသမားများအပေါ်
မယုံသင်္ကာဖြစ်နေကြောင်း၊ စီးပွားရေးသမားများကလည်း ၎င်းတို့မြှုပ်နှံပြီး ငွေပင်ငွေရင်းကြီးငယ်တို့ကို
နိုင်ငံတော် အစိုးရသည် လက်ဝဲလမ်းစဉ်အရ ပြည်သူပိုင်သိမ်းယူလိုက်ကြမည်လောဟု မယုံသင်္ကာရှိနေကြ
ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အကျိုးကိုထောက်ထား၍ မယုံသင်္ကာစိတ်များ ဖျောက်ပစ်ကြရန်
အချိန်ရောက်ပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော်ကြီးကို လက်ဝဲနိုင်ငံတော်အဖြစ်
ပြောင်းလဲရန်ဆန္ဒရှိသော်လည်း နေ့ချင်းညချင်းပြီးမြောက်အောင် ပြောင်းလဲရန်မဖြစ်နိုင်ကြောင်းကို
စွဲမြဲစွာယုံကြည်ထားကြောင်း၊ ယင်းကဲ့သို့ ကြားကာလပြောင်းလဲရေးကာလအတွင်း (၁) ပျက်စီးနေသောစီးပွားရေးများကို
ပြန်လည်ထူထောင်ရန်နှင့် (၂) စီးပွားရေးလုပ်ငန်းအသစ်များကို ထူထောင်ရန်အတွက် ငွေရင်းသော်လည်းကောင်း၊
စီးပွားရေးကျွမ်းကျင်မှုသော်လည်းကောင်း နှစ်ခုစလုံးကို ပိုင်ဆိုင်ကြသည့် စီးပွားရေးသမားကြီးငယ်များအနေဖြင့်
တစ်ဦးချင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို တစ်ဦးချင်းဆောင်ရွက်ရန် မတတ်နိုင်ပါက
စုပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကဦးဆောင်လုပ်နေသည့်လုပ်ငန်းများတွင် မိမိတို့ငွေရင်းများကိုမြှုပ်နှံခြင်း၊
မိမိတို့ကျွမ်းကျင်နေသော စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအထောက် အပံ့ယူခြင်းဖြင့်လည်းကောင်း၊
နိုင်ငံတော်၏အုတ်မြစ်ကြီးကို ခိုင်ခံ့သည်ထက်ခိုင်ခံ့ရန်၊ ဝိုင်းဝန်း ဆောင်ရွက်ပေးရန်
နိုင်ငံတော်ကလိုလားလျက်ရှိကြောင်း၊ နိုင်ငံတော်က စိုးရိမ်နေသည့် အချက်မှာ စီးပွားရေးသမားများအနေဖြင့်
ပြည်သူ့အကျိုးစီးပွားအတွက်မပါဘဲ ကိုယ့်အကျိုးစီးပွားများအတွက်သာ တစ်ဖက်သတ်စီးပွားရှာသွားကြမည်ဟူသော
အချက်အလက်ပင်ဖြစ်ပါကြောင်း၊ လူထုအကျိုးကိုပါ ဆောင်ရွက်သည့်လုပ်ငန်းများကို အစိုးရအနေဖြင့်
ရက်ရက်ရောရော အကူအညီပေးမည်ဆိုတာကို နိုင်ငံတော်အစိုးရကိုယ်စား ကြေညာလိုပါကြောင်း၊ ရှေးအခါက
ကျွန်တော်တို့ တိုင်းရင်းသားများသည် အာဏာလက်မဲ့ဖြစ်ကြ၍ အာဏာလက်ကိုင်ရှိသော ဘောင်းဘီဝတ်၊
ဒိုတီဝတ်တို့၏ စီးပွားရှာဖွေမှုများကို ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရကြောင်း၊
ယခုအခါ မိမိတို့လက်တွင်းသို့ အာဏာသက်ဆင်းလာပြီဖြစ်၍ တစ်ဖက်သတ်စီးပွားရှာဖွေမှုများကို
ဘောင်းဘီဝတ်ဖြစ်စေ၊ ဒိုတီဝတ်ဖြစ်စေ၊ ပုဆိုးတောင်ရှည်ဝတ်ဖြစ်စေမည်သူ့ကိုမှ ခွင့်ပြု
နိုင်မည်မဟုတ်ကြောင်း၊ မိမိနှင့်တကွ ပြည်သူလူထုအကျိုးရှိစေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
မဆန့်ကျင်လျှင် ပြည်တွင်းပြည်ပစီးပွားရေးသမားများထံမှရနိုင်သည့် အကူအညီကိုယူ၍ နိုင်ငံတော်အစိုးရကပေးစွမ်းနိုင်မည့်
အထောက်အပံ့ကိုလည်း ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားနှင့် တိုင်းရင်းသားများကိုဆက်ဆံရာတွင်
အရည်အချင်းတူလျှင် တိုင်းရင်းသားများကို ပိုမိုအခွင့်အရေးပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေးအဖွဲ့ကို
ဖွဲ့စည်းထားပြီးဖြစ်၍ ပျက်စီးနေသော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့်
စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ စီးပွားရေးအဖွဲ့များနှင့်
ဆက်သွယ်ရန် လေးနက်စွာတိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖွဲ့စည်းခဲ့သော
ဗမာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ စိန်ဘရားသား ဦးထွန်းစိန်လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက
အသင်းနှစ်ပတ်လည် အစည်းအဝေး၌ ပထမဆုံးတက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့်
ခေတ်အဆက်ဆက်နိုင်ငံ့ခေါင်းဆောင်ကြီးများ သည် ကုန်သည်ကြီးများအသင်းကို အားပေးအားမြှောက်ထောက်ခံပေးခဲ့ကြသည်။
ထိုနည်းတူ ကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)က
အစိုးရအဆက်ဆက်တွင် နိုင်ငံတော်အတွက် အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာလည်း
အထင်အရှားပင်ဖြစ်သည်။
အသင်းချုပ်အလုပ်အမှုဆောင်အဖွဲ့သည် အသင်းချုပ်၏
ပုံမှန်လုပ်ငန်းများဆောင်ရွက်နေ ခြင်းထက် ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး၊
လူမှုရေးအကျပ်အတည်းများကို အလျင်အမြန်ဖြေရှင်းနိုင်ရေးအတွက် အောက်ပါကဏ္ဍ (၅)ရပ်ကို
ဦးစားပေးဆောင်ရွက်ခဲ့ပါသည် -
၁။ ကိုဗစ်- ၁၉ကြောင့်ထိခိုက်မှုရှိနေသော
မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား အစိုးရက ငွေကျပ် ၁၀၀ ဘီလီယံထုတ်ချေးသည့်အစီအစဉ်တွင်
အသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ခြင်း။
၂။ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်
ကုသရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေ ထူထောင်ခြင်း၊ အလှူငွေနှင့် အလှူပစ္စည်းများလှူဒါန်းခြင်း၊
အခြေခံလူတန်းစားများအတွက် အစားအသောက်ထောက်ပံ့ပေးရန် ရန်ပုံငွေတစ်ရပ်ထူထောင်ခြင်းနှင့်
လှူဒါန်းခြင်းတို့ကို ပြုလုပ်ရန်။
၃။ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်
ကုသရေးလုပ်ငန်းစဉ်များအတွက် အသင်းချုပ်မှ အလှူငွေကျပ်သိန်း ၁၀၀၀ မတည်လှူဒါန်းခဲ့ရာ
KBZ Bank နှင့် KBZ MS General Insurance တို့မှ ကျပ်သိန်း ၁၀၀၀ ထပ်မံလှူဒါန်းခဲ့ခြင်း။
၄။ ၇-၄-၂၀၂၀ ရက်တွင် အသင်းချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့သည်
ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ စုစုပေါင်းငွေကျပ် ၃၀၀၄၈၀၀ တန်ဖိုးရှိ PPE ဝတ်စုံများ၊
Mask၊ Hand Gel (500) ml၊ သူနာပြုဝတ်စုံ၊ အပူတိုင်းကိရိယာ၊ အသင့်စားခေါက်ဆွဲနှင့် အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့ခြင်း။
၅။ အခြေခံစားသောက်ကုန်များကို ပြည်သူများသို့
သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)သို့လာရောက်၍ အသင်းကြီး၏ ညီနောင်အသင်းအဖွဲ့
များနှင့်တွေ့ဆုံပွဲတွင် အမှာစကားပြောကြားခဲ့သည်။ အမှာစကားများထဲမှ တချို့ကို ကောက်နုတ်ဖော်ပြရသော်
-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည် ဖွဲ့စည်းတည်ထောင်မှုနှစ်ပေါင်း
၁၀၀ ကျော် ရှိပြီဖြစ်ပြီး အမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ အစိုးရအဆက်ဆက်အနေဖြင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့ မိမိတို့အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ရောင်းဝယ်မှုများနှင့်
ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်
နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးရကြောင်း၊ ထုတ်ကုန်များရရှိရန်အတွက် အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ကို အခြေခံသည့်လုပ်ငန်းများကို အားပေးဆောင်ရွက်
လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်
ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများကို ဆောင်ရွက်ခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေပြီး
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
သွင်းအားစုများရရှိအောင်
ကြိုးပမ်းဆောင်ရွက်
ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် သွင်းအားစုများလိုအပ်သဖြင့်
ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့တိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစီမံကိန်းများအနက်
အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသေးကြောင်း၊
ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း
လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ နိုင်ငံစီးပွားတိုးတက်ရေးအတွက်
ယခုတက်ရောက် လာကြသည့်အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာဖြင့်
နိုင်ငံ့အကျိုးကိုကြည့်၍ အတူတကွဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော အသင်းကြီးသည်
၂၀၁၉ ခုနှစ်တွင် နှစ် ၁၀၀ ပြည့် မြောက်ခဲ့ပြီးဖြစ်ပါသည်။ ရာပြည့်သဘင်အခမ်းအနားကို ကြီးကျယ်စွာကျင်းပလိုသော်လည်း
ကိုဗစ်-၁၉ဖြစ်ပွားနေသည့်ကာလဖြစ်နေ၍ အထိမ်းအမှတ်ပွဲအနေဖြင့်သာ ပြုလုပ်ခဲ့ရသည်။ ရန်ကုန်အသင်းချုပ်ရုံးနှင့်
နေပြည်တော်အသင်းချုပ်ရုံးများကို ခံ့ညားထည်ဝါစွာ တွေ့မြင်ကြရမည်ဖြစ်သည်။
အသင်းချုပ်ကြီးသည် နှစ် ၁၀၀ မှသည် ရှေ့သို့
နှစ်ပေါင်းများစွာ ဆက်လက်၍ တည်တံ့ပြီး ပြည်သူများအကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆက်လက်၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
။
No comments:
Post a Comment