Friday, February 24, 2023

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိတစ်ဦးနှင့် အမေးအဖြေကဏ္ဍ

မေး။     ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြ တာရှိပါတယ်။ ဒါကြောင့် အဲဒီအချိန်ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဦးစွာ ပြန်လည်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။     ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့ ဖြစ်စဉ်ကို အထူးသဖြင့် ပြည်ပမီဒီယာများက ၂၀၁၇ ခုနှစ်ကတည်းက အမျိုးမျိုးဖော်ပြ ပြောဆိုနေခဲ့ကြတာပါ။ တကယ်တော့ အဲဒီလိုပြောခဲ့တာတွေဟာ အမှန်တကယ် မြေပြင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တစ်ဖက်သတ် လိုရာဆွဲ ပုံဖော်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုစဉ်က ဖြစ်ပေါ်ခဲ့တဲ့ ပကတိအခြေအနေမှန်ကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်လတို့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းများနဲ့ တပ်စခန်းကို အစွန်းရောက်ဘင်္ဂါလီများနဲ့ အာဆာအကြမ်းဖက်အဖွဲ့ဝင်များက ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေ မအောင်မြင်တော့မှ ဒေသခံရွာသားတွေကို ခြိမ်းခြောက်ပြီး သူတို့ရွာတွေကို စွန့်ခွာထွက်ပြေးအောင် စနစ်တကျ လှုံ့ဆော်ဆောင်ရွက် ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ဌာနချုပ်(ကျီးကန်းပြင်) ကို အကြမ်းဖက်အင်အား ၉၀၊ ငါးခူရနယ်မြေ ရဲစခန်းကို အကြမ်းဖက်အင်အား ၃၀၀၊ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့် ရဲကင်းစခန်းကို အကြမ်းဖက် အင်အား ၂ဝ လောက်နဲ့ သေနတ်၊ ဓား၊ လှံ၊ ဂျင်ဂလိစတဲ့ လက်နက်တွေ အသုံးပြုကာ ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်များအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းတွေ အများအပြားလည်း ဆုံးရှုံး ခဲ့ရပါတယ်။ အဲဒီလို ရဲစခန်းများ တိုက်ခိုက်ခံရအပြီးမှာ ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုချေမှုန်းရေး ဆောင်ရွက်ရာမှာ အစွန်းရောက်ဘင်္ဂါလီများဟာ အင်အား ၃၀၀ ခန့်မှ ၈၀၀ ခန့်အထိ စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်အချို့လည်း ရှိခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိုစဉ်က ဟာရာကာ အယ်လ်ယာကင် (Harakah al-Yin) အမည်နဲ့ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းအာဆာ (ARSA) လို့ အမည်ပြောင်းခဲ့တဲ့ အကြမ်းဖက်အဖွဲ့က ဦးစီးပြီး ဆောင်ရွက်ခဲ့တာလို့ အာဆာအကြမ်းဖက်အဖွဲ့ က ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့ကို ခေါင်းဆောင်ခဲ့ သူက ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဘင်္ဂါလီနွယ်ဖွား အာတာအူလာဆိုသူ ဖြစ်ပါတယ်။

ပထမအကြိမ်မှာ အသင့်အတင့် အောင်မြင်မှုရလာတော့ ARSA အကြမ်းဖက်သမားတွေ အားတက်လာပြီး ဒုတိယအကြိမ်တိုက်ခိုက်မှုအနေနဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တော ခရိုင်အတွင်းမှာရှိတဲ့ ရဲကင်းနဲ့ ရဲစခန်း ၃၀ အပြင် နယ်မြေခံတပ်စခန်း တစ်ခုကိုပါ စည်းရုံးလေ့ကျင့်ထားတဲ့ ရွာသားတွေအပါအဝင် အင်အားထောင်ပေါင်းများစွာနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ တပ်မတော်သားနှစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင် ၁၁ ဦးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတစ်ဦး ကျဆုံးခဲ့ရပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်များဟာ ရဲစခန်းများနှင့် တပ်စခန်းကိုသာမက ကျေးရွာများကို လည်း တိုက်ခိုက်/မီးရှို့မှုတွေပြုလုပ်ခဲ့ပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်တွေက ၎င်းတို့ ဇာတ်တိုက်ထားတဲ့အတိုင်း ကိုယ့်ရွာကို ကိုယ်တိုင်မီးရှို့တာ၊ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူ မိသားစုဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာ၊ အကြမ်းဖက်သတ်ဖြတ်တာတွေ လုပ်ခဲ့ပါ တယ်။ အဲဒီလိုအကြမ်းဖက်တိုက်ခိုက်မှုများအနက် ရဲဘောက်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်ကို အာဆာအကြမ်းဖက်ဝင်များက အုပ်စုလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အရွယ်ကောင်း ဟိန္ဒူအမျိုးသမီး ရှစ်ဦးကိုတော့ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းပြီး တစ်ဖက်နိုင်ငံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ တခြားဟိန္ဒူဘာသာဝင် သုံးရာကျော်ကိုလည်း ခြိမ်းခြောက်ပြီးခေါ်သွား ပါသေးတယ်။ ဒီဖြစ်စဉ်ကို ထိခိုက်နစ်နာသူ ဟိန္ဒူဘာသာဝင်များက သတင်းပေးခဲ့တဲ့အတွက် တာဝန်ရှိသူများက ရဲဘောက်ကျကျေးရွာ အနီးတစ်ဝိုက်ရှာဖွေခဲ့ရာမှာ ဟိန္ဒူဘာသာဝင် အလောင်း ၄၅ လောင်းကို ပြန်လည်တူးဖော်နိုင်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိပါတယ်။

အာဆာအကြမ်းဖက်အဖွဲ့အနေနဲ့ ဒီလိုမျိုးအကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ အခြားဘင်္ဂါလီများကို စည်းရုံး/ခြိမ်းခြောက်ဖိအားပေးခြင်း စတာတွေပြုလုပ်ခဲ့တာကြောင့် ဘင်္ဂါလီများ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာခဲ့ရာမှ နေရပ်စွန့်ခွာသူများ အရေး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆာအကြမ်းဖက်အဖွဲ့ဝင်များရဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖိအားပေးမှုများ၊ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများ၊ နေအိမ်များကို ကိုယ်တိုင်မီးရှို့မှုများ ပြုလုပ်ခဲ့တဲ့ မြေပြင်အခြေအနေမှန်ကို ပြည်ပမီဒီယာတွေက ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ၎င်းတို့တစ်ဖက် သတ်လိုရာဆွဲ၍ မြန်မာဘက်ရဲ့ဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာသွားကြတဲ့ပုံမျိုး ရေးသား ဖော်ပြနေကြသလို နိုင်ငံရေးအရ မြန်မာနိုင်ငံကို ဖိအားပေးနိုင်ဖို့အတွက်လည်း မြေပြင်မှာ ဖြစ်ပေါ်ခဲ့ခြင်းမရှိတဲ့ကိစ္စရပ်များကို ပုံကြီးချဲ့ခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် ပုံဖော် ခြင်း စသဖြင့် အမျိုးမျိုးပြောကြားနေကြပါတယ်။

တစ်ဖက်မှာတော့ အာဆာအကြမ်းဖက်အဖွဲ့ဝင်များရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင် ပြည်နယ်ရှိ တိုင်းရင်းသားများနဲ့ ဟိန္ဒူတွေထိခိုက်ခံစားခဲ့ရတာတွေကို လုံးဝလျစ်လျူရှုနေကြပြီး ဘယ်ပြည်ပ မီဒီယာကမျှ အလေးထားဖော်ပြခဲ့ခြင်း မရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မေး။     ။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။     ။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ဖြစ်စဉ်နှစ်ခုနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားတဲ့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါတယ်။

နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုတွေအနက် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ သဘောတူညီချက် (၃) ရပ်ကို ဦးစွာပြောကြား လိုပါတယ်။ နှစ်နိုင်ငံအကြား ပထမဆုံးလက်မှတ်ရေးထိုးခဲ့တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် (Arrange-ment on Return of Displaced Persons from Rakhine State)” သဘောတူညီချက်ကို ၂၃-၁၁-၂၀၁၇ ရက်မှာ နေပြည်တော်၌ နှစ်နိုင်ငံ ဝန်ကြီးအဆင့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယသဘောတူညီချက် ဖြစ်တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ဖွဲ့စည်းထား သော မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့အတွက် လုပ်ငန်းလမ်းညွှန် (Terms of Reference (TOR) for the Joint Working Group on the Repatriation of Displaced Myanmar Residents from Bangladesh)”ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်က ၁၉-၁၂-၂၀၁၇ ရက်မှာ ဒါကာမြို့မှာ တတိယ သဘောတူညီချက် ဖြစ်တဲ့ “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အရ လက်တွေ့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of Dis-placed Persons from Rakhine State)” ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဆင့်က ၁၆-၁-၂၀၁၈ ရက်မှာ နေပြည်တော်မှာ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဆိုပါနှစ်နိုင်ငံသဘောတူညီချက်များကိုပဲအခြေခံပြီး ပြန်လည်လက်ခံရေး လုပ်ငန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည် လက်ခံရေး ဆောင်ရွက်ရာမှာလည်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များအပြီးမှာ နေရပ်စွန့်ခွာသွားသူများကိုသာစိစစ်ပြီး ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း နိုင်ငံတော်ရဲ့အကျိုးစီးပွားကို မထိခိုက်ပါကနှစ်နိုင်ငံ သဘောတူညီချက်များကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ၈-၂-၂၀၂၁ ရက်က ပြောကြားထားပြီးဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်များမှာ ပါဝင်တဲ့အချက်များအနက် သိရှိထားသင့်တဲ့ အချက်တစ်ချက်ကတော့ နေရပ်စွန့်ခွာသူတွေကို သတ်မှတ်ထားတဲ့ ပြန်လည်လက်ခံရေးမူ (၅) ချက်နှင့်အညီ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားမှာဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီလက်ခံ ရေးမူ (၅) ချက်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် သတ်မှတ်ခဲ့တဲ့ စံသတ်မှတ်ချက် (၄)ချက်ကို အချက် (၁) ချက် ထပ်မံ တိုးထားတာ ဖြစ်ပါတယ်။ ယခင်စံသတ်မှတ်ချက် (၄) ချက်ကတော့ “(၁) မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူဖြစ်ရမယ်၊ (၂) မိမိဆန္ဒအရပြန်လာတဲ့ သူဖြစ်ရမယ်၊ (၃) ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရမယ်၊ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကလေးတွေဖြစ်ပါက မိဘနှစ်ပါးလုံးဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်ရမယ်” ဆိုတဲ့အချက်တွေ ဖြစ်ပြီး ထပ်တိုးထားတဲ့အချက်ကတော့ “နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်ဘက်သို့ရောက်ရှိပြီး မွေးဖွားတဲ့ကလေးများအတွက် မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးရဲ့ ထောက်ခံချက် ပါရှိရမယ်” ဆိုတာဖြစ်ပါတယ်။

မြန်မာဘက်အနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာသူများကို ပြန်လည် စိစစ်နေတာကိုလည်း ရပ်တန့်ခြင်းမရှိဘဲ အဆိုပါ လက်ခံရေးမူ (၅) ချက်နှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိတာကိုလည်း အသိပေးလိုပါတယ်။

ဆက်လက်ပြီး နှစ်နိုင်ငံသဘောတူညီချက်များအရ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကျင်းပပြုလုပ်နေတဲ့ အစည်းအဝေးတွေနဲ့ပတ်သက်ပြီး ပြောကြားလိုပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် အဓိက ဆွေးနွေးဆောင်ရွက်နေတဲ့ ယန္တရားကတော့ “နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group on the Repatriation of Displaced Myanmar Residents from Bangladesh)” အစည်းအဝေး ဖြစ်ပါတယ်။ အဆိုပါ နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ၊ မေလနှင့် အောက်တိုဘာလတို့နဲ့ ၂၀၁၉ ခုနှစ်၊ မေလတို့ မှာ အစည်းအဝေး (၄) ကြိမ် ကျင်းပခဲ့ပါတယ်။

အဲဒီနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အစည်းအဝေးများ ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ သုံးနှစ်ကျော်အကြာ ၁၄-၆-၂၀၂၂ ရက်မှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပဉ္စမအကြိမ်အစည်းအဝေးကို နိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုချက်အရ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာမာစွတ် ဘင်မိုမမ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများက ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက် နေမှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းတွေ၊ ပြန်လည်ဝင်ရောက်လာသူများအတွက် မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်နေတဲ့ ပြန်လည်နေရာချထားရေး အစီအမံတွေစတဲ့ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်စိစစ်ရေး လုပ်ငန်းများ အတွက် နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် တရားရုံးထောက်ခံချက်လိုအပ်သူများအတွက် တရားရုံးထောက်ခံချက်များ ထုတ်ပေးသွားရန် စတာတွေကို နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စိစစ်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားနိုင်ဖို့အတွက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးအဖွဲ့ (Ad Hoc Task force for Verification of the Displaced Persons from Rakhine State)” များကိုလည်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက နှစ်ဖက်ဖွဲ့စည်းခဲ့ကြကာ အထူးအဖွဲ့များအကြား ပထမအကြိမ် အစည်းအဝေးကို ၂၇-၁-၂၀၂၂ ရက်နဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၁၆-၉-၂၀၂၂ ရက်မှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နှစ်ကြိမ်တိုင် ကျင်းပထားပြီး ဖြစ်ပါတယ်။                      

ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များနှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အစဉ်တစိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မေး။     ။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့အတွက် လုပ်ဆောင်ရာမှာ တိုးတက်မှု မရှိဘူးလို့ ပြောဆိုဝေဖန်နေတာတွေ ရှိပါတယ်။ အဲဒီကိစ္စအပေါ်လည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။     ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းပြီးနောက် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် ၁၅-၁၁-၂၀၁၈ ရက်နဲ့ ၂၂-၈-၂၀၁၉ ရက်တို့မှာ နှစ်ကြိမ် ကြိုးပမ်းခဲ့တာရှိပါတယ်။ နှစ်ကြိမ်လုံးမှာ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘော တူညီချက်များနဲ့ အညီစိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် နယ်စပ်မှာ အဆင်သင့် ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီအချိန်က လက်ခံဖို့လျာထားခဲ့တဲ့ စိစစ်ပြီးနေရပ်စွန့်ခွာသူ အရေအတွက်ကတော့ ပထမအကြိမ်အတွက် ၂၂၆၀ နဲ့ ဒုတိယအကြိမ်အတွက် ၃၄၅၀ ဖြစ်ပါတယ်။

အဲဒီတုန်းက စိစစ်ပြီးနေရပ်စွန့်ခွာသူများကို လက်ခံဖို့အတွက် မြန်မာဘက်မှ တာဝန်ရှိသူများ သာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာမှုအဖွဲ့ (ASEAN-ERAT) တို့မှ ကိုယ်စားလှယ် များပါ နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ သွားရောက်ပြီး အတူစောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေရပ်စွန့်ခွာသူများနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းများမှာရှိတဲ့ အဖျက်အမှောင့်လုပ်ဆောင်သူတွေနဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေက နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်မှုများနဲ့ အခြားသော ဖိအားများကြောင့် အဲဒီကြိုးပမ်းမှုများဟာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ မြန်မာဘက်အနေနဲ့ ပြန်လည်လက်ခံဖို့ကို ယနေ့အထိ အဆင်သင့်ပြင်ဆင် စောင့်ဆိုင်းနေပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က နှစ်နိုင်ငံသဘောတူညီထားတဲ့ တစ်ဦးတစ်ယောက်ကိုမှ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်ကို မစတင်နိုင်ခဲ့တဲ့အပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာဘက်က ကြန့်ကြာအောင် လုပ်နေတယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကိုလည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေကနေ ထုတ်ပြန်တာကိုလည်း တွေ့ရပါတယ်။

မေး။     ။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်း စတင်ဖို့အတွက် နှစ်နိုင်ငံအကြား ရှေ့ဆက်ညှိနှိုင်း ဆောင်ရွက်နေတာတွေ ရှိရင်လည်း သိရှိလိုပါတယ်။

ဖြေ။     ။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် နှစ်ကြိမ်တိုင် ပျက်ပြားခဲ့ပေမယ့်လည်း စိစစ် ပြီးတဲ့နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေအရ မြန်မာဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်နေရာမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ် အနေနဲ့ လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည်လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက် နေတာရှိပါတယ်။

ဒီလို ပြန်လည်လက်ခံရေးအတွက်ဆောင်ရွက်ရာမှာလည်း နေရပ်စွန့်ခွာသူ မိသားစုများမှာ ကလေးမွေးဖွားတာတွေရှိတဲ့အတွက် နှစ်နိုင်ငံသဘောတူညီထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မွေးဖွားတာမှန်ကန်ကြောင်း သက်ဆိုင်ရာ တရားရုံးထောက်ခံချက်ရရှိအောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးထောက်ခံချက်အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားသူဟုတ်-မဟုတ်ကိုပါ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားဖို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လာလိုသူများက မိသားစုစုံလင်စွာ ပြန်လာလိုတာကြောင့် မိသားစုဝင်များကိုပါ စိစစ်ရာမှာ ထည့်သွင်းပြီး စိစစ်လျက်ရှိပါတယ်။

ဒီတစ်ခါ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပြင်ဆင်ဆောင်ရွက်နေတာမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကိုပါ လိုက်နာဆောင်ရွက်နိုင်ဖို့ ထည့်သွင်းဆောင်ရွက်နေပြီး ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေနဲ့လည်း လမ်းညွှန်ချက်များနဲ့အညီ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

မေး။     ။ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေမှုများမှာ ကြုံတွေ့ ရတဲ့ အဓိကစိန်ခေါ်မှုတွေ၊ ဖြေရှင်းဆောင်ရွက်နေမှုတွေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။     ။ မြန်မာဘက်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို စိစစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်စွက်ပြီးပေးပို့လာတဲ့ စိစစ်ရေးပုံစံတွေမှာ ဖြည့်သွင်းဖော်ပြထားတဲ့ အမည်၊ နေရပ်လိပ်စာ အချက်အလက်တွေ၊ မိသားစုဝင် အရေအတွက်တွေဟာ မြန်မာဘက်က တာဝန်ရှိသူများ နှစ်စဉ်မြေပြင်မှာကွင်းဆင်းပြီး စာရင်းပြုစုထားတဲ့ အိမ်ထောင်စုစာရင်းပါ အိမ်ထောင်စုဝင်တွေ၊ အမည်၊ နေရပ်လိပ်စာ တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိစစ်ရာမှာ အချိန်ယူ စိစစ်နေရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စိစစ်ရေးပုံစံတွေမှာ အမည်၊ ရွာအမည်တွေကို ဖြည့်သွင်းစဉ်က နေရပ်စွန့်ခွာသူများက ပြောကြားတဲ့အသံထွက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်စွက်ရေးသားထားတဲ့အတွက် အဲဒီစာလုံး ပေါင်းတွေဟာ မြန်မာဘက်က အိမ်ထောင်စုစာရင်းမှာ ဖြည့်သွင်းထားတဲ့ စာလုံးပေါင်းတွေ မဟုတ်တဲ့အတွက် နေထိုင်ခဲ့မှုမှတ်တမ်းကို ရှာဖွေတွေ့ရှိမှု မရှိတဲ့ဖြစ်စဉ်များလည်း ရှိပါတယ်။ အချို့ကလည်း အိမ်ထောင်စုစာရင်းအရ မှတ်တမ်းရှိတဲ့ နေရပ်လိပ်စာကို ဖော်ပြခြင်း မရှိဘဲ ၎င်းတို့ဘာသာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာများကို ဖြည့်သွင်းထားတဲ့အတွက် စာရင်းမကိုက်ညီဘဲ စိစစ်လို့မရတာလည်း ရှိပါတယ်။ တချို့သူတွေကလည်း ဟိုဘက်ရောက်မှ အိမ်ထောင်ကျသွားတာ၊ အိမ်ထောင်စုကွဲပြား သွားတာမျိုးတွေလည်းရှိတော့ စိစစ်ရာမှာ အခက်အခဲ တွေ့ရတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အထက်ကပြောကြားခဲ့တဲ့ လက်ခံရေးမူ (၅) ချက်နဲ့ ကိုက်ညီမှုရှိသူများ ကိုသာ ပြန်လည်လက်ခံမှာ ဖြစ်တဲ့အတွက် စိစစ်ရေးပုံစံများမှာ ဖြည့်သွင်းထားတဲ့ အချက်အလက်များ ပြည့်စုံ၊ မှန်ကန်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီလို စိစစ်ရေးဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို နားမလည်တဲ့အတွက် ဝေဖန်မှုများ ရှိသော်လည်း မြန်မာဘက်အနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့အစည်းအဝေးများ ဆက်လက်ကျင်းပကာ ညှိနှိုင်းအဖြေရှာသွားဖို့ရှိပါတယ်။

နောက်စိန်ခေါ်မှုတစ်ရပ်ကတော့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်နိုင်ခြင်း မရှိလို့ဆိုပြီး မြန်မာဘက်ကို ဝေဖန်ပြစ်တင် ပြောကြားနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါဟာဆိုရင်လည်း မြန်မာဘက်က ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်း ဆောင်ရွက်ခဲ့ တာနဲ့ အဲဒီနှစ်ကြိမ်မှာ နေရပ်စွန့်ခွာသူတွေ ပြန်မလာကြတဲ့ အကြောင်းရင်းမှန်တွေကို လျစ်လျူရှုပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ယခင်အတွေ့အကြုံများအရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အပေါ် အဟန့်အတားဖြစ်စေတဲ့ အဓိကအကြောင်းအရာများကတော့ အာဆာ (ARSA) အကြမ်းဖက်သမားများက ကော့စ်ဘဇားရှိစခန်းများအတွင်းမှာ နေရပ်စွန့်ခွာသူများနဲ့ ရောနှောနေထိုင်နေပြီး နေရပ်သို့ မပြန်ဖို့နဲ့ ၎င်းတို့မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်မှု များရှိနေတာဟာ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သိရှိရပါတယ်။ အာဆာအကြမ်းဖက် သမားများအပြင် နေရပ်စွန့်ခွာသူများအရေး လှုပ်ရှားတက်ကြွသူများဟာ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်စတင်မှာကို မလိုလားဘဲ ၎င်းတို့ရဲ့ နိုင်ငံရေး လိုလားချက်များပြည့်မီရန်အတွက် နေရပ်စွန့်ခွာသူများကို နေရပ်ပြန်ရေး ငြင်းဆိုကြဖို့အတွက် စည်းရုံးဆောင်ရွက်နေကြတာလည်း ရှိပါတယ်။ အဲဒီလိုနေရပ်မပြန်ဖို့ ခြိမ်းခြောက်မှုတွေ၊ စည်းရုံးမှုတွေရှိနေသရွေ့ မြန်မာဘက်က အကောင်းဆုံး ဘယ်လိုပဲပြင်ဆင်ဆောင်ရွက်ထားစေကာမူ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်နိုင်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

မြန်မာဘက်အနေနဲ့ကတော့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံဖို့ ပထမအကြိမ် စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ချိန်ကစပြီး ယနေ့အချိန်အထိ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ပြင်ဆင်ထားရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကသာ နှစ်နိုင်ငံ သဘောတူညီ ချက်တွေအတိုင်း ပြန်လည်ပို့ဆောင်ပေးနိုင်မယ်ဆိုရင် ပြန်လည်လက်ခံရေးလုပ်ငန်းကို လက်တွေ့စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်နိုင်ဖို့အတွက် မြန်မာဘက်မှာ သာ လုံးလုံးတာဝန်ရှိနေတာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း နှစ်ဖက်လုံးရဲ့ စိန်ခေါ်မှု များ၊ အခက်အခဲများကို နားလည်သိရှိပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

မေး။     ။ အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင်လည်း သိရှိလိုပါတယ်။

ဖြေ။     ။ မြန်မာနိုင်ငံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့တာဝန်ယူပြီး နောက်ပိုင်းမှာလည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စကို နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စိစစ်နေတဲ့လုပ်ငန်းစဉ်ကို ရပ်တန့်ခဲ့ခြင်းမရှိသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးအပြင် နည်းပညာဆိုင်ရာ ဆွေးနွေးမှုယန္တရားအသစ် များကိုပါ တိုးချဲ့၍ညှိနှိုင်းအစည်းအဝေးများကို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူ အဆင့်ဆင့်အကြား ဆက်လက်ဆွေးနွေးဆောင်ရွက်နေပါတယ်။

ဒါ့အပြင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိတဲ့ ရှေ့ပြေးစမ်းသပ် စီမံကိန်းတစ်ရပ်နဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းစတင်ချိန်မှာ အဆင်သင့်ဖြစ်နေဖို့အတွက်လည်း ပြန်လည်လက်ခံရေးစခန်းများနဲ့ ကြားစခန်းများကို ပြန်လည်ပြင်ဆင်မှုများ၊ ပြန်လည်နေရာချ ထား မယ့်နေရာများမှာ အသက်မွေးဝမ်းကျောင်းကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်မှုများကို လမ်းညွှန်ချက်များနဲ့အညီ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် နေပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့စိစစ်ရေး လုပ်ငန်းစဉ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့က စိုးရိမ်ပူပန်နေသလိုမျိုး ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ဆက်နွှယ် ခြင်းမရှိဘဲ မြန်မာဘက်အနေဖြင့် စိစစ်လက်ခံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်ဆောင်ရွက်မှုများကို နှစ်နိုင်ငံ သဘောတူညီချက်များ၊ ပြည်တွင်းဥပဒေများနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်ဆိုတာကို အသိပေးလိုပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး လူအများကို ထင်ယောင် ထင်မှားဖြစ်စေဖို့၊ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ပြည်ပမီဒီယာအချို့အပါအဝင် နိုင်ငံအချို့၊ ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူအချို့က မှန်ကန်မှုမရှိတဲ့ အချက်အလက်များအပေါ် အခြေခံပြီး ဖော်ပြရေးသားနေမှုများကို သတိပြုချင့်ချိန်စေလိုကြောင်း ပြောကြားလိုပါတယ်။

နောက်ထပ်ဖြည့်စွက်ပြောကြားလိုတာကတော့ ကော့စ်ဘဇား ဒုက္ခသည်စခန်းများမှာ နေရပ်စွန့်ခွာသူ ၁ ဒသမ ၁ သန်းကျော်နေထိုင်လျက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုင်ငံတကာက ပြောဆိုဖော်ပြနေကြကာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူအရေအတွက်ကို ချဲ့ကားနေကြတဲ့ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူများအနေနဲ့ နှစ်စဉ်မြေပြင်မှာ ကွင်းဆင်းစိစစ်ကောက်ယူထား တဲ့ အိမ်ထောင်စုစာရင်းအရ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ခွာသူအရေအတွက်ဟာ ငါးသိန်းကျော်ရှိပါတယ်။ ဒါ့အပြင် ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံအကြား ဆောင်ရွက်ခဲ့တဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ ပြန်လည်လက်ခံဖို့ ကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစတင်၍ ပြန်လည်ဝင်ရောက်လာမှု မရှိတဲ့အရေအတွက်ဟာလည်း နှစ်ဖက်အထောက်အထားများအရ ၆၃၆၅ ဦးသာ ရှိပါတယ်။ ဒါ့ကြောင့် နေရပ်စွန့်ခွာသူဦးရေကို ချဲ့ကားဖော်ပြနေတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း နေရပ်စွန့်ခွာသူများကိုသာ နှစ်နိုင်ငံသဘော တူညီချက်များနဲ့အညီ ပြန်လည်စိစစ်လက်ခံသွားမှာဖြစ်ပြီး ထပ်တိုးကလေးမွေးဖွားမှုများ ကိုလည်း လက်ခံရေးမူ (၅) ချက်နဲ့အညီစိစစ်ပြီး ကိုက်ညီမှုရှိသူများကိုသာ လက်ခံသွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။

အချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးကိစ္စဟာ နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်သွားရမယ့်ကိစ္စရပ်သာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်များနဲ့အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီး ချင်းကောင်းပီသစွာ ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment