Monday, February 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်တာကာလ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်ချက်များ

 


အောင်ရှင်း

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ကီလိုမီတာ ၄ဝဝ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့တောင်သူ ၇ဝ၃ ဦးနဲ့၊ ဘိန်းစိုက်ပျိုးဧက ၄ဝဝ ကျော် ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်းဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါကအိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကို မတားဆီးဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့ အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းစကားကို ပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။

 








ဒီသတင်းနဲ့ ဆက်စပ်ပြီး ပြောထားတာက တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံနယ်စပ်က “ရွှေတြိဂံ”ဒေသက တရားမဝင် မူးယစ်ဆေးဝါးတွေကလည်း အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသကို ဝင်ရောက်နေတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့နိုင်ငံအတွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် မူးယစ်ဆေးဝါးတွေ မရောက်ရှိအောင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက် စီမံကိန်းတွေချမှတ်ပြီးအရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းမှု သမိုင်းကြောင်း 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ချင်းဝိသေသတိုင်းအက်ဥပဒေနဲ့ ဒီဒေသမှာရှိတဲ့ ဘိန်းနဲ့ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲရောင်းချမှုတွေကို တားမြစ်ခဲ့ပါတယ်။ ၁၉၅ဝ ပြည့်နှစ်မှာလည်း ဘိန်းခင်းနှိမ်နင်းရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး ဘိန်းစိုက်ပျိုးမှုနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်တင်ခဲ့ပါတယ်။ ၁၉၄၆ ကနေ ၁၉၆ဝ ကျော်ကာလတွေအထိ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူကူမင်တန်တပ်တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း စစ်ဆင်ရေးမျိုးစုံနဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ရပါတယ်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ပူးပေါင်းလက်တွဲမှုနဲ့ ၁၉၇၅ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ် ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနှင့် အောင်မိုးဟိန်းစစ်ဆင်ရေးတွေနဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်မတ်လ ၃၁ ရက်နေ့အထိဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၂၈ ခုဆောင်ရွက်ခဲ့ပြီး ထူးခြားတဲ့စစ်ဆင်ရေးတစ်ခုကတော့ MoU နိုင်ငံ (၆) နိုင်ငံတစ်ပြိုင်တည်း၊ တစ်ချိန်တည်းဆောင်ရွက်ခဲ့တဲ့ “ Operation 1511” စစ်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့တို့ပူးပေါင်းပြီး အချိန်တိုအတွင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅ဝ၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့်မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၁၄ ဘီလီယံကျော်ဖိုး စံချိန်တင်ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ဆင် ရေးတစ်ခုအဖြစ် ဂုဏ်ယူစွာတွေ့မြင်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့် ၂ဝ၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါး များ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက် ဆီးခြင်းအခမ်းအနားတွေကို ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးသုံးနေရာတွင်ကျင်းပ ပြုလုပ်ခဲ့ပြီး ဘိန်းကီလို ၃၈၇ဝ ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ကီလို ၁၄ဝ၈ဝ ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလို ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၆၂ မျိုးစုစုပေါင်းတန်ဖိုးငွေကျပ် ၁ဝ၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၆ဝ တို့ကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။

၂ဝ၂၂ ခုနှစ်မှာလည်း မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှုစုစုပေါင်း ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄ဝ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂ဝ၅ ကီလိုကျော်၊ ဆေးခြောက် ၇ဝ၉ ကီလိုကျော်၊ ကတ်တမင်း ၂ဝ၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန် ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆ဝ သန်းကျော်) တို့ကို ဖျက်ဆီးနိုင်ခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းတွေအပြင် နှစ်အလိုက် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အတိအကျ စာရင်းဇယားနဲ့ဖော်ပြပေးလိုက်ပါတယ်။ ထိုစာရင်းဇယားများကို လေ့လာသုံးသပ်ရာတွင်၂ဝ၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ် ပစ္စည်းများရဲ့တန်ဖိုးက ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု

မူးယစ်ဆေးဝါးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ မူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း(၃)ခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနဲ့ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မူးယစ်ဗဟိုအဖွဲ့ကိုလည်း အဖွဲ့ဝင်(၁၆)ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကိုဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားပါတယ်။ မူးယစ်ဗဟိုအဖွဲ့အနေနဲ့ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေးရဲ့ လုပ်ငန်းအကြံပြုချက်များကို အခြေခံတဲ့ အမျိုးသားမူးယစ်ဆေးဝါးထိန်း ချုပ်ရေးမူဝါဒသစ်တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး (AMMD)၊ မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD)၊ အာဆီယံလေကြောင်းကြားဖြတ်စစ်ဆေးရေးတပ်ဖွဲ့အစည်းအဝေး (AAITF)၊ အာဆီယံပင်လယ် ဆိပ်ကမ်းတားဆီးနှိမ်နင်းရေးတပ်ဖွဲ့အစည်းအဝေး (ASITF)နဲ့ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြည့် စစ်ဆေးရေးကွန်ရက်အစည်းအဝေး (ADMN)တို့မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အာဆီယံအဖွဲ့မှချမှတ်ထားတဲ့ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက် ၂ဝ၁၆-၂ဝ၂၅ (ASEAN Work Plan 2016-2025)၊ ရွှေတြိဂံဒေသ တွင်း တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအားတိုက်ဖျက်ရေး အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစီမံချက် (၂ဝ၁၇-၂ဝ၁၉) (ASEAN Cooperation Plan 2017-2019) တွေအပြင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ဒေသအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှ လုပ်ငန်းခွဲဝေမှုတွေအရ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ရေးလုပ်ငန်းခွဲအုပ်စုကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ Sub-Group ၏ ဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘင်းမ် စတက်ကိုယ်စား BIMSTEC Annual Drug Report ကိုလည်း ထုတ်ဝေဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)တို့နှင့် နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ် ဆေးဝါးဆိုင်ရာ သတင်းဖလှယ်ခြင်းတို့ကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ထူးခြားဖြစ်စဉ်များ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ ဖြန့်ဖြူးရောင်းချမှုတွေရဲ့ ရာနှုန်းပြည့်နီးပါးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့နဲ့ဆက်စပ်နေပါတယ်။ ၂ဝ၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအကူးအပြောင်းကာလ နောက်ပိုင်းမှာလည်း အကြမ်းဖက်သမား NUG/PDF တွေနဲ့ မူးယစ်ဆေးဝါးကလည်း ဆက်စပ်လာပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားရာနှုန်းပြည့်နီးပါးက မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို တစ်နည်းနည်းနဲ့သုံးစွဲထားကြောင်းလည်း သိရှိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ရှိတဲ့ ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို ပုံစံမျိုးစုံနဲ့ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေအပြင် အခြားစိတ်ကိုပြောင်းလဲစေတဲ့ အက်ဖီတမင်း၊ အိုက်စ်၊ ကတ်တမင်း၊ Happy၊ Water ၊ Phensedyl ၊ Erimin-5 ဆေးပြား၊ ဇိုလမ်ဆေးပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား၊ အက်တက်စီဆေးပြားများပြုလုပ်နေတဲ့ အခြေခံဓာတုပစ္စည်းများနဲ့ အက်စစ်ပြင်းများအပါအဝင် အခြားဆက်စပ်ပစ္စည်းများကိုလည်း မိမိနိုင်ငံ အတွင်းက ရရှိတဲ့သတင်းတွေအပြင် အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီးရရှိတဲ့ သတင်းတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးအရေးယူလျက်ရှိပါတယ်။ ထူးခြားဖြစ်စဉ်များအနေနဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေထဲက တချို့ကို တင်ပြပေးလိုက်ပါတယ်။

ဒီလိုဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေနဲ့ စာရင်းဇယားအချက်အလက်တွေကိုလေ့လာကြည့်ရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် အခြားသော တားဆီးနှိမ်နင်းရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ပါပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ စွမ်းဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းမှုသမိုင်းမှာ ကမ္ပည်းတင်ကျန်ရစ်ခဲ့မှာဖြစ်တဲ့အကြောင်း မှတ်တမ်းပြုရေးသား လိုက်ရပါတယ်။           

မှတ်ချက်။ https://infosheet.org.mm/mm/node/4199 တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် လအလိုက်စာရင်းအသေးစိတ်ကို ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment