Tuesday, February 28, 2023

မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်

 


ထက်ဝေအောင်(စစ်ကိုင်း)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ဆီထွက်သီးနှံအထွက်နှုန်းများဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြသည်။ ပြည်တွင်းမှပိုလျှံသည့် စားရေရိက္ခာများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်စွမ်းအားရှိသဖြင့် မြေကြီးကရွှေသီးသည်ဟုပင် သတ်မှတ်ခေါ်ဆိုနိုင်သည်။ နိုင်ငံတော်အနေဖြင့် စားရေ ရိက္ခာဖူလုံရေးလုပ်ငန်းများကို ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရန်အတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူ လူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြထားသည်။

သို့ဖြစ်၍ နိုင်ငံတော်သည်စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ် စွမ်းအားများမြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ပံ့ပိုး ကူညီပေးလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျစိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ သီးနှံအထွက်နှုန်းပန်းတိုင်ရရှိရေး (မျိုး၊ မြေ၊ ရေ၊ နည်း)စနစ်ကောင်းဖြင့် လယ်ယာစီးပွားခေတ် ကို အာမခံရရှိနိုင်မည်ဖြစ်သည်။ လယ်ယာစီးပွားလုပ်ငန်းများခေတ်နှင့် လျော်ညီစွာဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအားကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် အထူးလိုအပ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်ရန်၊ စိုက်နည်း စနစ်ကောင်းများကိုအားထားရန်လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံးမျိုးများကို စိုက်ပျိုးကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများ

နိုင်ငံတော်သည်စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားရေရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာအကွယ်များစွာဖြင့် တောင်သူလယ်သမားကြီးများကို ပံ့ပိုးကူညီလျက်ရှိသည်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတွင်လည်း တစ်ဧကချင်းအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေး ကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုစိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေအရင်းအမြစ်များကို အကျိုးရှိရှိသုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံလျက်ရှိသည်။

ရေသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မရှိမဖြစ်အရေးပါလှသည်။ နိုင်ငံတော် အစိုးရက စိုက်ပျိုးရေကို ထိရောက်စွာအသုံးချနိုင်ရေး၊ မိုးရွာ သွန်းမှုလျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်း ရေသိုလှောင်နိုင်ရေးအတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများအသုံးပြုလျက် ရေရှည်အသုံးပြုနိုင်မည့်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေကို ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကို လယ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေမည့် ရေအသုံးချသူများအဖွဲ့ (Water User Group- WUG) နှင့်ရေအသုံးချသူများအသင်း (Water User Association- WUA) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။

လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံ အစရှိသည့် သီးနှံများယှဉ်ပြိုင်စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများလည်း စိုက်ပျိုးသင့်ပေသည်။ ယနေ့အချိန်တွင် နိုင်ငံစီးပွားမြှင့်တင်မှုအနေဖြင့် ဘက်ပေါင်းစုံမှ စီမံကြိုးစားဆောင်ရွက်နေချိန်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ပဲတီစိမ်း၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ သီးနှံအလိုက် ဧကတိုးချဲ့ရေးသာမက ဒေသရေမြေအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးသည် သီးနှံထုတ်လုပ်မှုလုပ်ငန်းများအတွက် အထွက်နှုန်းနှင့် ဝင်ငွေတွက်ခြေကိုက်မှုကို ဖြစ်စေသည်။ စက်မှုလယ်ယာတစ်ခေတ် ကူးပြောင်း ဆောင်ရွက်မှုအနေဖြင့် တောင်သူများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ကိုင်သူများကို ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြံနှင့် အာလူးသီးနှံများကို Fully Mechanized ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း၊ လယ်ထွန်စက်များကို ထွန်နှင့်ထယ်နှစ်မျိုးသာ အသုံးပြု လျက်ရှိရာမှမြေပြင်၊ မျိုးစေ့ချ၊ ကြားပေါင်းလိုက်၊ ဆေးဖျန်း၊ ရိတ်သိမ်း အစအဆုံးထွန်စက်နှင့် နောက်တွဲကိရိယာ အသုံးပြုခြင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် တောင်သူများ၏ ဥစ္စာအရင်းအနှီးဖြစ်သည်။ လယ်ယာလုပ်သားရှားပါးမှုပြဿနာ၊ စိုက်ပျိုးမြေလျော့နည်းလာသည့်ပြဿနာများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အတားအဆီးဖြစ်စေသည်။ သို့သော် လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ ဆောင်ရွက် ရမည်ဖြစ်သည်။ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုနှင့်အတူ တောင်သူလယ်သမားကြီးများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာအောင်ဆောင်ရွက်ကြရမည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုန်ထုတ်လမ်းများ ကောင်းမွန် ရေး၊ ရေနှင့် မီးလင်းရေးဆိုင်ရာအခြေအနေကောင်းများပိုင်ဆိုင်ရရှိရန် လိုအပ်သည်။ အခြေခံလိုအပ်ချက်များပြည့်မီမှသာ တောင်သူလယ်သမားများ၏ လူနေမှု အဆင့်အတန်းမြင့်မားလာပြီး ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဝမ်းစာဖူလုံရေး လုပ်ငန်းရပ်များတွင် ဆတက်ထမ်းပိုးသယ်ပိုးရွက်ဆောင်နိုင်ပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုးဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆင်းရဲငတ်မွတ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ

ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး ကြွေးကြော်သံများဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ် လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ်ပါ အတိုင်း ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများပါဝင်သဖြင့် ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agriculture Practices-GAP)နှင့် အော်ဂဲနစ်စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကို လေ့ကျင့်ဖော်ဆောင်လျက်ရှိသည်။

မျှော်မဆုံးနိုင်သည့် လယ်ကွက်များပေါ်တွင် ကွင်းလုံးပြည့်စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေးမှာ တောင်သူလယ်သမားဦးကြီးများ၏ ဦးဆောင်ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်ပေသည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာဈေးကွက်ထိုးဖောက်တင်ပို့နိုင်ရေးကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသောအချက်အချို့ဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးသုံးခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်းအဆင့်ဆင့်တိုးတက်လာမည်ဆိုပါက အလေ အလွင့်နည်းပါးလျက်အကျိုးအမြတ်များလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ ထို့အတူပင် လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေးမျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကို ဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘဝအနာဂတ်ပိုမိုလှပလာမည့် သင်္ကေတ တစ်ခုဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမားဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့်တိုးတက်မှုဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံစိတ်ချရသည့် အာဟာရပြည့်ဝသော စားရေရိက္ခာထုတ်လုပ်ခြင်းဖြစ်စဉ်များ၊ ခိုင်မာ သောဈေးကွက်ချိတ်ဆက်တင်ပို့နိုင်မည့် အခွင့်အရေးများစွာဖြင့် ရွှေတံခါးကြီး ပွင့်လာမည့်အချိန်ကာလ၊ ကွင်းလုံးပြည့်စိမ်းလန်းခြင်း နည်းပညာများဖြင့် “မြန်မာ့တောင်သူလယ်သမားပြည့်ခွန်အား” ပြသနိုင်မှုကိုဂုဏ်ပြုလျက် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အချိန်အခါသမယကို ကြိုဆိုလိုက်ရပါသည်။  

No comments:

Post a Comment