Tuesday, February 21, 2023

နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ကြရာဝယ်

 

ဦးရွှေဦး

နိုင်ငံရေးပါတီဆိုသည်မှာစစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ် အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသောအဖွဲ့အစည်းကို ဆိုသည်။

တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ရောက်ပြီးသား နိုင်ငံသားအများစု သို့မဟုတ် အားလုံးကိုစည်းရုံးလှုံ့ဆော်ခြင်းအားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအား ပြည်သူ့ထောက်ခံမဲဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်ခွင့်ရလာစေရန် ကြိုးပမ်း ဆောင်ရွက်သည့်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးပါတီ၏အခြားလုပ်ငန်းများအနက် သဘောတရား ရေးသင်တန်းပေးခြင်း သို့မဟုတ် နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များပါဝင်သည့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံတို့ဆောင်ရွက်ခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် နိုင်ငံရေးပါတီများတွင် တိကျပြတ်သားသော ခေါင်းဆောင်မှုအဖွဲ့အစည်းပုံသဏ္ဌာန်နိုင်ငံရေးသဘောတရားသို့မဟုတ် လမ်းစဉ်တို့ တည်ရှိသောကြောင့် စနစ်ကျနသောအဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ဥပဒေပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း ၆၀

လက်ရှိတည်ရှိနေသော နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဥပဒေပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရပါမည်။ လျှောက် ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပါမည်။ နိုင်ငံရေးပါတီအသစ် စတင်တည်ထောင်မည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့်နှင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထား ကြရမည်ဖြစ်သည်။

ပါတီဝင်အင်အားနှင့်စပ်လျဉ်း၍ ယခင်ဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁၀၀၀၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၅၀၀ စည်းရုံး ရန်ဖြစ်သည်။ ယခုဥပဒေအသစ်တွင်ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင် ခွင့်ပြုသည့်နေ့ရက်မှစတင်၍ ရက်ပေါင်း ၉၀အတွင်း ပါတီဝင်အင်အား တစ်သိန်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား တစ်ထောင် စည်းရုံးရန်ဖြစ် သည်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအတွက် ပါတီဝင်အင်အား တစ်သိန်းဆိုသည်မှာ မြို့နယ် ၃၃၀ အတွက် တစ်မြို့နယ်လျှင် ပျမ်းမျှ ၃၀၃ ဦးသာ စည်းရုံးရမည့်သဘောဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံး မည့်ပါတီဖြစ်ပါက ပါတီဝင်အင်အားတစ်ထောင် ဆိုသည်မှာ ကယား၊ ကရင်၊ ချင်းပြည်နယ်ကဲ့သို့ လူဦးရေနည်းပါးသည့်ပြည်နယ်များရှိ တိုင်းရင်းသားပါတီများအတွက် သင့်လျော်သောအရေအတွက် ဖြစ်သည်။

ပါတီရန်ပုံငွေစာရင်းနှင့်စပ်လျဉ်း၍ ယခင်ဥပဒေတွင် ထားရှိရမည့်ပါတီရန်ပုံငွေ သတ်မှတ်ချက် မပါရှိသော်လည်း ယခုဥပဒေတွင် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီရန်ပုံငွေစုဆောင်းမှုနှင့်သုံးစွဲမှု စနစ်တကျဖြစ်စေရန်၊ စနစ်တကျစစ်ဆေးခံနိုင်ရန်တို့အတွက် ပါတီတည်ထောင်ခွင့်လျှောက်ထားရာ တွင်- ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီ ရန်ပုံငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့ စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ် ပြီးကြောင်း အထောက်အထားနှင့်အတူတင်ပြရန် ကိုတွေ့ရှိပါသည်။

မြို့နယ် ၃၃၀ ၏ထက်ဝက် ၁၆၅ မြို့နယ်

ပါတီရုံးခန်းများဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က သက်ဆိုင်ရာပါတီများကို ကြီးကြပ်ရန်နှင့် အဆင်ပြေ စွာဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ ပါတီများအနေ ဖြင့်လည်း ပါတီလုပ်ငန်းများ စနစ်တကျဆောင်ရွက် နိုင်ရန်တို့အတွက် ပါတီရုံးခန်းများဖွင့်လှစ်ရန် လိုအပ်သည်။ လာမည့်အထွေထွေရွေးကောက်ပွဲ တွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည်ဖြစ်ပါ၍ မဲဆန္ဒနယ်များကို PR စနစ်ဖြင့် လိုက်လျောညီထွေ ဖြစ်အောင် သတ်မှတ်ရမည်ဖြစ်သည်။ PR စနစ် ဖြစ်သည့်အတွက် ယခင်မဲဆန္ဒနယ်များ လျော့နည်း သွားမည်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအနေဖြင့် မဲဆန္ဒနယ်ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းတို့ဝင်ရောက် ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်မှ ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ပါတီရုံးခန်းများကို မဖြစ်မနေဖွင့်လှစ်ရမည်ဖြစ်သည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီဖြစ်လျှင် မြို့နယ်အားလုံး၏ထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သဖြင့် မြို့နယ် ၃၃၀ ၏ထက်ဝက် ၁၆၅ မြို့နယ်တွင် ပါတီရုံးခန်းဖွင့်လှစ် ရန် လိုအပ်မည်ဖြစ်သည်။ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုအတွင်း၌စည်းရုံးမည့်ပါတီဖြစ်လျှင် သက်ဆိုင် ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်း မြို့နယ် ငါး မြို့နယ်တွင်ပါတီရုံးခန်းများဖွင့်လှစ်ရမည်ဖြစ် သည်။

ယခင်ဥပဒေတွင် အနည်းဆုံးမဲဆန္ဒနယ်သုံးနယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ဖျက်သိမ်းခံရမည်ဖြစ်သည်။ ယခုပြောင်းလဲ ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲကျင်းပသည့်အခါ ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီများက မဲဆန္ဒနယ် အားလုံး၏ထက်ဝက်တွင်လည်းကောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီများ က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲဆန္ဒနယ်တစ်နယ်တွင်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီတည်ထောင် ရခြင်းရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီများ အလိုက် ရွေးကောက်ပွဲတွင် ထိုက်သင့်သည့် ကိုယ်စားလှယ်လောင်းအရေအတွက် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ် ကြောင်း တွေ့ရှိရသည်။

ပါတီရုံးခန်း ငါးရုံးဖွင့်လှစ်

အချုပ်ဆိုရလျှင် ပြည်ထောင်စုတစ်ဝန်းလုံး တွင် စည်းရုံးမည့်ပါတီများအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည့်အပြင် ပါတီထူထောင်ရန် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တစ်သိန်းစုဆောင်းရန်နှင့် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းကို မြို့နယ် အားလုံး၏ အနည်းဆုံးထက်ဝက်ဖြစ်သည့် ၁၆၅ ရုံး ဖွင့်လှစ်ရမည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတွင် စည်းရုံးမည့်ပါတီ များသည် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှင့် ပါတီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ နှင့်ပါတီ ရုံးခန်း ငါးရုံးဖွင့်လှစ်ရမည်ဖြစ်သည်။ ပါတီများ ထူထောင်ရာတွင် နိုင်ငံတော်၏ ရည်မှန်းချက် ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး အတွက် လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့များတွင် မိမိတို့ကိုထောက်ခံသည့် ဆန္ဒမဲများအရ ကိုယ်စားလှယ်များပါဝင်လာနိုင်သည်ကို လေ့လာ တွေ့ရှိရသည်။

တိုင်းရင်းသားလူမျိုးအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးအတွက် စည်းရုံးမည့် ပါတီ ၃၂ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု အတွင်း၌ စည်းရုံးမည့်ပါတီ ၁၇ ပါတီ စုစုပေါင်း ၄၉ ပါတီရှိသည်။ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းစည်းရုံးမည့် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီများအနေဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလများအနေဖြင့်လည်း သွားရောက် ယှဉ်ပြိုင်နိုင်သည်။

နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာတောင့်တင်း သောပါတီများအဖြစ်ဖွဲ့စည်းနိုင်ရန်မူဝါဒတူညီသော ပါတီငယ်များစုစည်း၍ ယခုထက်ပိုမိုကျစ်လျစ် ခိုင်မာစွာပေါင်းစပ်ဖွဲ့စည်းပြီး ပြည်သူလူထုအတွင်း ကြီးမားကျယ်ပြန့်စွာစည်းရုံးလျက် စုစုစည်းစည်း ခိုင်ခိုင်မာမာဖြင့် ပြည်သူလူထုနှင့် အေးအတူပူအမျှ လက်တွဲပြီး နိုင်ငံတော်ကို ဦးဆောင်နိုင်ရန်လိုအပ် သည်။ အပြောကောင်း အလုပ်ကောင်း မူဝါဒ ကောင်းကောင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများနှင့်အညီ အားကောင်း မောင်းသန်ဆောင်ရွက်ကြစေလိုပါသည်။

နိုင်ငံရေးပါတီတစ်ခုသည် အောက်ပါအကြောင်း ကိစ္စတစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် မှတ်ပုံတင်ခွင့်ကို ပယ်ဖျက်ခံရမည်ဖြစ်သည်ကိုလည်း သတိပြုသင့်ပါ သည် -

- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

- တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်း သာယာရေးကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊

- လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြော မှု၊ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း၊

- ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲ သုံးစားပြုခြင်း၊

- နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း၊

- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်လည်းကောင်း ကြေညာ ခံရခြင်း၊

- နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ် သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊

- နိုင်ငံတော်ပိုင်ငွေကြေး၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့ အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း။

နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရပါမည်။ နိုင်ငံတော် ၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရပါမည်။ထို့အပြင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံး၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရပါမည်။ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်ကာ နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။

No comments:

Post a Comment