Sunday, February 19, 2023

သတိပြုဖွယ် သတင်းမှားအန္တရာယ်

 

ဇင်ငြိမ်း

သတင်းနဲ့နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမားပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ ပိုပြီးလည်း အသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုကို ဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။

တိုးတက်လာတဲ့ခေတ်ကြီးမှာ လူတွေရဲ့လိုအပ်ချက်တွေ မြင့်မားလာတာကို နည်းပညာနဲ့ ဆက်သွယ်ရေးစနစ်တွေက ဖြည့်ဆည်းပေးနိုင်တာကြောင့် အခုဆိုရင် လူတိုင်းရဲ့ နေ့စဉ်ဘဝတွေဟာ နည်းပညာအပေါ်မှာ ပိုမိုမှီခိုနေကြရပြီး လွတ်ကင်းလို့မရနိုင်တော့တာ လက်တွေ့ပါပဲ။ တချို့ဆိုရင် နေ့စဉ်သုံးနေတဲ့ နည်းပညာပစ္စည်းနဲ့ အင်တာနက်မရှိတာနဲ့ အလုပ် တွေကို လွယ်လွယ်ကူကူလုပ်ဖို့ မလွယ်တော့တဲ့အထိ လူနဲ့နည်းပညာတွေက ခွဲခြားဖို့ခက်နေပါပြီ။ နည်းပညာတွေကို အသုံးချတာများလာတာနဲ့အမျှ လူတွေရဲ့လူနေမှုဘဝပုံစံတွေပါ လိုက်ပါပြောင်းလဲနေကြပါတယ်။ အနီးစပ်ဆုံးကြည့်ကြည့်ပါ။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီကစလို့ ကိုယ့်ရဲ့တစ်နေ့တာသုံးစွဲနေတဲ့ နည်းပညာပစ္စည်းတွေနဲ့ ကိုယ်နဲ့ဆက်စပ်မှု၊ အသုံးပြုမှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။ တချို့နည်းပညာမြင့် ပစ္စည်းတွေဆို လိုက်လို့တောင်မမီတော့ပါဘူး။

အကျိုးသက်ရောက်မှု

ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်မြင့်မားလာတာဟာ လူတွေရဲ့ဘဝကဏ္ဍအားလုံးကို ပြောင်းလဲစေပါတယ်။ ပညာသင်ကြားရာမှာဆိုရင်လည်း အင်တာနက်အခြေပြုသင်ကြားတဲ့ စနစ်တွေကြောင့် သင်ကြားရတာလွယ်ကူလာပြီး သင်ကြားနိုင်တဲ့အခွင့်အလမ်းတွေလည်း ပိုပြီးရလာပါတယ်။ အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ်တွေ မြင့်မားလာတဲ့အတွက် ကမ္ဘာပေါ်မှာ နယ်မြေကန့်သတ်ချက်ဆိုတာ အရင်ကလို အခက်အခဲတစ်ခုမဟုတ်တော့ပါဘူး။ လူသားတွေဟာ လိုအပ်ချက်တွေနောက်ကိုလိုက်ရင်း တီထွင်မှုတွေတစ်ခုပြီးတစ်ခု ကြံဆလာကြပါတယ်။ တီထွင်မှုတွေကြောင့် တိုးတက်လာတဲ့နည်းပညာတွေဟာအခုဆိုရင် လူ့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုနဲ့ အပြုအမူတွေအပေါ် သက်ရောက်နေပါပြီ။ လူသားတွေ ဖန်တီးတဲ့နည်းပညာတွေဟာ လူတွေရဲ့လိုအပ်ချက်နဲ့ ပြဿနာတွေကိုဖြေရှင်းပေးတဲ့အပြင် မတူညီတဲ့စီးပွားရေးပုံစံတွေ၊ ဘဝနေထိုင်မှုပုံစံသစ်တွေပြောင်းလဲလာတာကြောင့် ထပ်မံတီထွင်ဖန်တီးတာတွေ ကြံဆလာကြပြန်ပါတယ်။

အဲဒီလိုလိုအပ်ချက်နဲ့တီထွင်မှုတွေကြောင့် လူတွေရဲ့ကဏ္ဍတိုင်းနီးပါးဟာ ပိုပြီးလွယ်ကူလာတယ်၊ ထိရောက်လာတယ်၊ မြန်ဆန်လာပါတယ်။ အဲဒီရဲ့ရလဒ်က လူသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေဖြေရှင်းရာမှာ အထောက်အကူရရှိစေတာပဲဖြစ်ပါတယ်။ နည်းပညာတွေကြောင့် လူတွေမှာ ကောင်းကျိုးတွေတသီတတန်းကြီးရနေပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ တချို့ဆိုရင် နည်းပညာတွေရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။ နည်းပညာတိုးတက်မှုကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အမျိုးမျိုးပါပဲ။ တချို့ကလည်း နည်းပညာတိုးတက်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်သလို တချို့ကလည်း သုံးစွဲသူတွေရဲ့လွဲမှားတဲ့အသုံးပြုတာ တွေကြောင့်ဆိုတာ တွေ့ရပါတယ်။

ပြောင်းလဲမှုနှင့် ဘေးထွက်ဆိုးကျိုး

အထက်မှာဆိုခဲ့သလို နည်းပညာတွေတိုးတက်လာတာဟာ လူသားတွေအတွက် မကြုံစဖူး အကျိုးကျေးဇူးတွေရနေကြပါတယ်။ အနီးစပ်ဆုံးပြောရရင် မိုဘိုင်းဖုန်းတစ်လုံးကို လိပ်ပတ်လည်အောင်သုံးတတ်ရင်ပဲ ဘယ်လောက်အကျိုးရှိတယ်ဆိုတာ တွေ့ရမှာပါ။ ဒါပေမဲ့ ကောင်းကျိုးပြုတာတွေက အနုတ်လက္ခဏာတွေထက်များတာမှန်ပေမယ့် အနုတ်လက္ခဏာတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် စိုးရိမ်စရာတွေ တိုးမြင့်လာနေပါတယ်။ အဲဒီအနုတ်လက္ခဏာဖြစ်စေတဲ့ သက်ရောက်မှုတွေထဲမှာဆိုရင် သဘာဝရင်းမြစ်ကုန်ဆုံးမှု၊ လူဦးရေမြင့်တက်လာမှုနဲ့ ကျန်းမာရေးပြဿနာ၊ များပြားလာတဲ့ ညစ်ညမ်းမှုတွေ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုတာတွေ ပါဝင်ပါတယ်။

ဒီလိုပဲ နည်းပညာတိုးတက်လာလို့ ပြောင်းလဲသွားမှုတွေထဲမှာဆိုရင် လူမှုဘဝပုံစံတွေ၊ ကျန်းမာရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လူငယ်တွေရဲ့စိတ်သဘောထား၊ လူသားတွေရဲ့အမူအကျင့်စရိုက်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ နယ်ပယ်တိုင်းလိုလိုမှာ နည်းပညာအခြေပြုတဲ့ပုံစံတွေအဖြစ် ပြောင်းလဲလာကြပါတယ်။

အဲဒါတွေထဲကမှ လူအများစုရဲ့နေ့စဉ်ဘဝနဲ့ထိတွေ့ပြီး အသုံးတည့်နေတာက လူမှုကွန်ရက်တွေပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်လို့ဆိုရင် ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်စတဲ့ လူမှုကွန်ရက်တွေ အများကြီးပါ။ လူမှုကွန်ရက်တွေကလည်း အင်တာနက်၊ ဆက်သွယ်ရေးနည်းပညာနဲ့ ဉာဏ်ရည်တုတွေတိုးတက်လာတဲ့အတွက် အသုံးပြုရတာ၊ ထိရောက်တာ၊ မြန်ဆန်တာတွေက တစ်နေ့တခြားပိုကောင်းလာပါတယ်။ လူတစ်ဦးချင်းစီရဲ့အကြိုက်တွေနဲ့ လူ့သဘော သဘာဝတွေကိုအခြေခံပြီး အဆင့်မြှင့်လာတဲ့သူ့ရဲ့အားသာချက်တွေကြောင့်လည်း လူထုအတွင်းကို မြန်မြန်ဆန်ဆန် ထိုးဖောက်လာပါတယ်။

အဲဒီလိုတိုးတက်လာတာတွေက အဘက်ဘက်ကအကျိုးရှိတယ်ဆိုပေမယ့် တိုးတက်တာတွေကို တခြားရည်ရွယ်ချက်တွေအတွက် အသုံးချနေကြတာတွေလည်း ပိုများလာပါတယ်။ လူအများသုံးနေကြတဲ့ လူမှုကွန်ရက်တွေဟာ အရင်ကတော့ လူမှုဆက်ဆံရေး၊ ဆက်သွယ်ရေးအတွက်လို့ဆိုပေမယ့် လက်တွေ့မှာတော့ နိုင်ငံရေးအစ စီးပွားရေးအဆုံး အကုန်လုံးအတွက် အသုံးပြုနေကြပါတယ်။ ဒီတော့ လူမှုကွန်ရက်တွေဟာ လူထုအတွင်း ထိုးဖောက်အားလည်းကောင်းတယ်၊ နယ်ပယ်အကုန်လုံးအတွက်လည်းသုံးနိုင်တဲ့အတွက် တချို့သူတွေဟာ လူမှုကွန်ရက်ကို မသမာတဲ့နည်းနဲ့ အသုံးချလာနေကြပါတယ်။ လူမှုကွန်ရက်တွေရဲ့အားသာချက်ကို အလွဲအသုံးချလာတဲ့ အကျိုးဆက်က သတင်းညစ်ညမ်းမှုတွေများလာပြီး လူထုကိုအဆိပ်အတောက် ဖြစ်စေလျက်ရှိပါတယ်။

သတင်းမှားများ

လူမှုကွန်ရက်တွေဟာလည်း နည်းပညာတိုးတက်သလိုပါပဲ။ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုများပါတယ်။ တစ်ဦးချင်းစီရဲ့ အသုံးပြုတဲ့နည်းလမ်းအပေါ်မူတည်ပြီး အကောင်း၊ အဆိုး သက်ရောက်မှုပမာဏတော့ကွာပါတယ်။ လူမှုကွန်ရက်ကို ထိထိရောက်ရောက် အကျိုးရှိရှိသုံးတဲ့အတွက် အကျိုးရှိနေတဲ့သူတွေ အမြောက်အမြားရှိနေပေမယ့် လူမှုကွန်ရက်ကို အလွန်အကျွံသုံးတဲ့အတွက် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အလုပ်အကိုင်တွေကို ထိခိုက်နေတဲ့သူတွေလည်းရှိနေပါတယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းကို ထိခိုက်စေတာပါ။

အများကိုထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးကတော့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းမှားတွေနဲ့ လုပ်ကြံသတင်းတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။ သတင်းအမှားတွေဆိုတာကတော့ ရရှိတဲ့အချက်အလက်တွေ မမှန်ကန်တဲ့အတွက်မှားယွင်းတာ၊ ဒါမှမဟုတ် မတိကျတဲ့သတင်းတွေ ဖြစ်ပါတယ်။ ကောလာဟလသတင်း၊ မဟုတ်တမ်းတရားတွေနဲ့ နောက်ပြောင်မှု တွေဟာသတင်းမှားတွေဖြစ်ပါတယ်။ လုပ်ကြံသတင်းဆိုတာကတော့ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးပြီး တမင်တကာ လွဲမှားစေအောင်ရည်ရွယ်တဲ့ သတင်းအမှားတွေပဲဖြစ်ပါတယ်။

လုပ်ကြံသတင်းတွေက ဦးတည်ချက်တစ်ခုအတွက်လှည့်ဖြားတာ၊ ဖြားယောင်းတာနဲ့ ဝါဒဖြန့်လိုတဲ့ရည်ရွယ်ချက်ဖြစ်လို့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ လုပ်ကြံသတင်းတွေကြောင့် လူထုကြားမှာ ကြောက်ရွံ့မှုတွေနဲ့ သံသယတွေပျံ့နှံ့စေပါတယ်။ သတင်းအတု၊ ဝါဒဖြန့်တာနဲ့ လုပ်ကြံသတင်းဆိုတဲ့ အသုံးအနှုန်းတွေက တစ်ခုနဲ့တစ်ခု လက်ယှက်ထိုးဆက်နွှယ်နေကြပါတယ်။ သတင်းမှားတွေနဲ့ လုပ်ကြံသတင်းမှာလည်း တခြားအမျိုးအစားတွေ များစွာရှိပါသေးတယ်။

ကြီးမားကျယ်ပြန့်လာမှု

မသမာသူတွေ၊ မသမာတဲ့အဖွဲ့အစည်းတွေဟာ တခြားသူတွေကို အန္တရာယ်ဖြစ်စေဖို့၊ ဒါမှမဟုတ် ကိုယ်ကျိုးအတွက်၊နိုင်ငံရေးအတွက်နဲ့ ငွေကြေးအကျိုးအမြတ်တစ်ခုခုအတွက် လူထုကို လိမ်လည်လှည့်ဖြားဖို့ သတင်းအမှား၊ ဒါမှမဟုတ် လုပ်ကြံသတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖြန့်ဝေနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တခြားဆိုးကျိုးတွေ ကြီးကြီးမားမားသက်ရောက်နေပါတယ်။ ဒါကြောင့်လည်း သတင်းအမှားနဲ့လုပ်ကြံသတင်းတွေ ပျံ့နှံ့နေတာကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါလို့ခေါ်ကြတာပါ။

လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာတွေမှာ အချိန်နဲ့အမျှ သတင်းတွေပျံ့နှံ့တဲ့နှုန်းနဲ့ပမာဏဟာ အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာတွေကို နည်းလမ်းပေါင်းစုံနဲ့ အသုံးချနေကြပါတယ်။ ဒီကနေ့ဖြစ်နေတဲ့သတင်းတု၊ သတင်းမှားဖြန့်ဝေတာဟာ ရှေးယခင်ကတည်းကရှိခဲ့တယ်ဆိုပေမယ့် ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူမှုမီဒီယာခေတ်မှာတော့ သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ အရင်ကနဲ့မတူဘဲ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပါတယ်။

နောက်ပြီးအဆင့်မြင့်လာတဲ့ဉာဏ်ရည်တု နည်းပညာကြောင့် သတင်းအမှားနဲ့ လုပ်ကြံသတင်း ပုံစံသစ်တွေဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် သတင်းတု မီဒီယာလို့ခေါ်တဲ့ သတင်းရဲ့မူလအဓိပ္ပာယ်တွေကိုပြောင်းလဲဖို့၊ ဒါမှမဟုတ် လွဲမှားစေဖို့အတွက် အလို အလျောက်နည်းလမ်းတွေ၊ အထူးသဖြင့် ဉာဏ်ရည်တုတွေနဲ့ အချက်အလက်အတု ထုတ်လုပ်တာ၊ ထိန်းချုပ်တာနဲ့ ပြုပြင်မွမ်းမံတာတွေကို ပြုလုပ်နေကြပါတယ်။ တချို့ သတင်းအတုတွေက ပြဿနာမကြီးမားပေမယ့် လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့် သတင်းတွေကတော့ သတင်းစားသုံးသူတွေကို ထိခိုက်စေ၊ အန္တရာယ်ဖြစ်စေပါတယ်။ အခုဆိုရင် လုပ်ကြံသတင်းတွေရဲ့အန္တရာယ်ဟာ နိုင်ငံတကာမှာ စိုးရိမ်ဖွယ်ကိစ္စတစ်ခု ဖြစ်နေပါတယ်။

တစ်နေ့တခြား သတင်းအမှားတွေ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတာဟာ လူမှုကွန်ရက်အသုံးပြုတဲ့သူတွေရဲ့ စဉ်းစားဆင်ခြင်မှုအားနည်းတာ၊ ဒါမှမဟုတ် အစွန်းရောက်ယုံကြည်တာတွေကြောင့် သတင်းအမှားတွေပျံ့နှံ့တာလို့ သာမန်အားဖြင့် ယူဆကြပါတယ်။ သတင်းအမှားတွေပျံ့နှံ့ဖို့အတွက် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အားနည်းချက်တွေရှိသလို တစ်ဖက်မှာလည်း အသုံးပြုသူတွေကို ဆွဲဆောင်နေတာတွေနဲ့ မက်လုံးပေးလှုံ့ဆော်နေတာတွေရှိပါတယ်။ အထက်မှာဆိုခဲ့သလို အဆင့်မြင့်လာတဲ့အသိဉာဏ်တုတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ဆွဲဆောင်ပေးနေပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာ ဆုချီးမြှင့်မှုအခြေခံတဲ့ စနစ်တွေကြောင့် သုံးစွဲသူတွေဟာတခြားသူတွေ အသိအမှတ်ပြုထားကြတဲ့ သတင်းအချက်အလက်တွေကိုမျှဝေတဲ့ အလေ့အထတွေဖြစ်လာစေတယ်လို့ သုတေသနလေ့လာချက်တွေက ဆိုပါတယ်။

လူမှုကွန်ရက်တွေရဲ့ဆွဲဆောင်မှု၊ လှုံ့ဆော်မှုနဲ့ မက်လုံးပေးမှုတွေကြောင့် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အလေ့အထတွေပြောင်းလဲလာပြီး သတင်းအမှားတွေကို ဖြန့်ဝေစေပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတာက လူထုထဲသတင်းအမှားတွေ ထိုးဖောက်ဖို့ ဘယ်သူတွေက သတင်းအမှားတွေဖြန့်ဝေနေကြသလဲ၊ ဘာအကျိုးစီးပွားအတွက်လဲဆိုတာကလည်း သတင်းအမှားဖြန့်ဝေမှုတိုက်ဖျက်ရေးမှာ အရေးကြီးတဲ့စဉ်းစားစရာပဲဖြစ်ပါတယ်။ လူမှုကွန်ရက်ကြီးတွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာကြီး တွေကို ဘယ်သူတွေကပိုင်ဆိုင်ပြီး ဘယ်သူတွေကထိန်းချုပ်ထားသလဲဆိုတာကိုကြည့်ရင် ယေဘုယျခန့်မှန်းလို့ရနိုင်ပါတယ်။ သတင်းအမှားဖြန့်ဝေမှုတွေများပြားလာတာဟာ ယနေ့ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ယှဉ်ပြိုင်မှုတွေနဲ့လည်း ဆက်စပ်နေကြပါတယ်။ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ကိုယ်ကျိုးစီးပွားတွေအတွက် လူမှုကွန်ရက်နဲ့ အွန်လိုင်းမီဒီယာ တွေကို အသုံးချနေပါလိမ့်ဦးမယ်။

ကြီးမားသောထိခိုက်မှု

သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ မမြင်နိုင်တဲ့လက်သီးပုန်းနည်းလမ်းတစ်ခု ဖြစ်ပါ တယ်။ အစဉ်အဆက်အသုံးပြုခဲ့ကြတဲ့ ဝါဒဖြန့်တဲ့နည်းလမ်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ အသုံးပြုတဲ့နည်းလမ်းပုံစံတွေသာ ကွဲပြားသွားတာပါ။ တချို့သတင်းမှားနဲ့ လုပ်ကြံသတင်းတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ကို ဦးတည်တတ်ပေမယ့် တချို့သတင်းမှားတွေကတော့ မရည်ရွယ်ဘဲပျံ့နှံ့သွားပြီးလူထုကို ဘေး အန္တရာယ်ဖြစ်စေတာတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေကို အဆိပ်သင့်စေပြီး လူထုအတွင်း မတည်ငြိမ်မှု၊ မယုံကြည်မှုနဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်စေပါတယ်။ သတင်းအမှားတွေဟာ လူတွေ ရဲ့ယုံကြည်ချက်၊ သဘောထားနဲ့ ခံယူချက်တွေကို ပြောင်းလဲစေပြီး နောက်ဆုံးမှာ လူတွေရဲ့အပြုအမူတွေကိုပါ ပြောင်းလဲသွားစေပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးဟာ သတင်းတုတစ်ခုကိုယုံကြည်လိုက်ရင် အဲဒီသတင်းကနေ သူ့ရဲ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို အပြောင်းအလဲဖြစ်စေပါတယ်။ အဲဒီလိုတစ်ဦးချင်းကနေ လူ့အဖွဲ့အစည်းအထိ ကျယ်ပြန့်လာတဲ့အခါ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကလည်း ကြီးမားလှပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ သတင်းညစ်ညမ်းမှုတွေများလာရင် လူတစ်ဦးချင်းစီရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အထူးသဖြင့်ကတော့ လူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကားနဲ့ ရန်လိုမှုတွေ ကြီးထွားလာစေပါတယ်။ အဲဒီက တစ်ဆင့် လူမှုရေးအုပ်စုကွဲလာကြပြီး တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေတိုးပွားစေပါတယ်။ သတင်းညစ်ညမ်းမှုတွေများလာရင် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကို ပိုမိုထိခိုက်လာနိုင်တာကြောင့် ရေရှည်မှာလူ့အဖွဲ့အစည်းအတွက် အန္တရာယ်တွေဖိတ်ခေါ်လာမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်မှာ လူအများစုဟာ ဆိုရှယ်မီဒီယာ သတင်းတွေအပေါ် အားကိုးနေကြတာကြောင့် လူ့အဖွဲ့အစည်းအပေါ်သတင်းညစ်ညမ်းမှုရဲ့ သက်ရောက်မှုတွေအကြောင်း သိထားသင့်ပါတယ်။ ဒါမှ ဆောင်နိုင်၊ ရှောင်နိုင်ပါလိမ့်မယ်။ အလေးထားသင့်တာက မျိုးဆက်သစ်လူငယ်အများစုဟာ သူတို့လိုအပ်တဲ့ အသိပညာရှာဖွေမှု၊ သတင်းအချက်အလက်ရှာဖွေမှုနဲ့ အပန်းဖြေမှုအတွက် ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက်ကို အချိန်အတော်များများအသုံးပြုနေကြတာမို့ သတင်းမှား၊ လုပ်ကြံသတင်းနဲ့ ဝါဒဖြန့်တာတွေရဲ့ ထိခိုက်နိုင်ခြေပိုများနေပါတယ်။

သတိနှင့်ဆင်ခြင်

လူမှုကွန်ရက်၊ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေဟာ လူသားတွေကို ကြီးကြီးမားမား အကျိုးပြုတာ အားလုံးအသိပါပဲ။ နောင်လည်းမရှိမဖြစ်ဆက်လက်လိုအပ်နေဦးမှာပါ။ ကိုယ်အသုံးချနိုင်ရင် အသုံးချနိုင်သလောက် အကျိုးဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သတင်းညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကပ်ရောဂါတစ်ခုသဖွယ် တဖြည်းဖြည်းကူးစက်လာနေပါတယ်။ ဒီတော့ လူမှုကွန်ရက်တွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာတွေကို အန္တရာယ်မရှိအောင် အသုံးပြုနိုင်ဖို့လိုပါတယ်။ အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့ဆိုရင် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်မှာ လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေ ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုတာ သိထားဖို့ပါပဲ။

သူတို့ရဲ့အလုပ်လုပ်ပုံကိုသိထားရင် သတင်းမှားတွေကိုရှောင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကာယကံရှင်ဖြစ်တဲ့ သုံးစွဲသူကိုယ်တိုင် သတိနဲ့ဆင်ခြင်အသုံးပြုဖို့ဖြစ်ပါတယ်။ နည်းပညာတွေမြင့်လာတဲ့အတွက် လူသားတွေဟာ အဲဒီနည်းပညာတွေကို ပိုပြီးအားကိုးလာရတာမှန်ပေမယ့် အမှား/အမှန် ချင့်ချိန်စဉ်းစားနိုင်စွမ်းနဲ့ လိုက်လျောညီထွေဆုံးဖြတ်နိုင်စွမ်းတွေကိုတော့ လူသားတွေကပိုင်ဆိုင်ထားတာဖြစ်လို့ ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကာကွယ်ကြရမှာဖြစ်ပါတယ်။။

ကိုးကား

၁။ The Importance of TechnologyinOur Daily Life - How Has Technology Changed Our Lives? https://www.scientificworldinfo.com/2019/11/importance-of-technology-in-our-daily-life.html

 

၂။ Rise of disinformation a symptom of ‘global diseases’ undermining public trust: Bachelet, https://news.un.org/en/story/2022/06/1121572

 

၃။ USC study reveals the key reason why fake news spreads on social media, JANUARY 17, 2023 https://news.usc.edu/204782/usc-study-reveals-the-key-reason-why-fake-news-spreads-on-social-media/

 

၄။ https://www.weforum.org/agenda/2022/09/tackling-disinformation-agenda-dialogues/

No comments:

Post a Comment