သီဟစည်သူ
မြန်မာနိုင်ငံသည် ပုဂံခေတ်မတိုင်မီကတည်းကစ၍ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအတွက် အဓိကအမှီသဟဲပြုလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များပင် ဖြစ်ကြသည်။
ခေတ်အဆက်ဆက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ရင်း
နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံစီးပွားရေးကဏ္ဍများတွင် တစ်တပ်တစ်အားပါဝင်အားဖြည့်ခဲ့ကြသူများမှာ
တောင်သူလယ်သမားဦးကြီးများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိက အရေးပါသူများ ဖြစ်ကြသည်။
တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရေးနှင့်
အဓိကဝင်ငွေရရှိရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးနေကြသူများဖြစ်သဖြင့် ကျေးဇူးရှင်တောင်သူဦးကြီးများဟုပင်
မြန်မာနိုင်ငံသားအားလုံးက တင်စားပြောဆိုခဲ့ကြပြီး နှစ်စဉ်မတ်လ ၂ ရက်နေ့ကို “တောင်သူလယ်သမားနေ့”
အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်ပင် မဟုတ်ပါလော။
ထိုကဲ့သို့သော တောင်သူလယ်သမားဦးကြီးများသည်
ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာ ဖူလုံစေရန် နိုင်ငံ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများပင်ဖြစ်သကဲ့သို့
မြန်မာ့သမိုင်းတစ်ကွေ့ နယ်ချဲ့လက်အောက်ခံဘဝတွင်လည်း ဖိနှိပ်ခံဘဝကို လက်မခံနိုင်ခဲ့ကြသည့်
မျိုးချစ် လယ်သမားကြီးများပေါ်ပေါက်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးသမိုင်းကိုရေးထိုးကာ နိုင်ငံ
တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်ကြပေသည်။
၎င်းတို့အနက် ၁၉၃၀ ပြည့်နှစ်ကစတင် ပေါ်ပေါက်လာခဲ့သည့်
ငယ်နာမည် မောင်ရာကျော် (ခေါ် )ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား
အရေးတော်ပုံကြီးသည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင်မေ့ပျောက်၍ မရစကောင်းသော မြန်မာတို့၏
မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သော မြန်မာ့မျိုးချစ်လယ်သမားကြီးများ၏ ထင်ရှားလှသည့်
နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများပင် ဖြစ်ခဲ့လေသည်။
တောင်သူလယ်သမားအရေးတော်ပုံကြီး
၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကာလ၌
မြန်မာနိုင်ငံကိုအုပ်ချုပ်နေသူ ဗြိတိသျှ နယ်ချဲ့အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုကြောင့်
မြန်မာ့လယ်သမားများ အကြွေးတင်လာခြင်း၊ လယ်ယာမြေများလက်လွတ်၍ မြေရှင်ကြီးစနစ်ပေါ်လာခြင်း၊
သီးစားခကြီးမြင့်ခြင်း၊ လက်ငုတ်တွင်စွဲမြဲစွာမလုပ်ရခြင်း၊ စပါးဈေးအလွန်အမင်းကျဆင်းမှုနှင့်အတူ
ဆင်းရဲမွဲတေမှု၊ တောင်သူလယ်သမားများအပေါ် နယ်ချဲ့အစိုးရ၏ မတရားပြုကျင့်မှုများ၊ လူကိုရိုက်နှက်ညှဉ်းပန်း၍
လူခွန်နှင့် သဿမေဓအခွန် အတင်းအကျပ်ကောက်ခံမှုများသည် လက်နက်ကိုင်တော်လှန်ရေးသို့ တောင်သူလယ်သမားများအား
မရှောင်မလွှဲသာ တွန်းပို့ခဲ့လေသည်။
၁၉၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ချစ်တီးများ၏
ငွေချေးဌာနပေါင်း ၁၆၅၅ ခုရှိခဲ့ပြီး ငွေရင်းမြှုပ်နှံမှု သိန်းပေါင်း ၇၅၀၀ ကျော်ရှိခဲ့သည်။
၁၉၃၀ ပြည့်နှစ်မှ ၁၉၃၄ ခုနှစ်အထိ ငါးနှစ်တာအတောအတွင်း အောက်မြန်မာနိုင်ငံရှိ လယ်ဧကပေါင်းနှစ်သန်း
တစ်သိန်းမှာ ချစ်တီးများလက်ဝယ်သို့ ရောက်ရှိသွားခဲ့သည်။
တစ်ဖက်မှလည်း အင်္ဂလိပ်အရင်းရှင်ကြီးများပိုင်ဆိုင်သည့်
စတီးဘရားသားကုမ္ပဏီ၊ အယ်လာမင် အာရကင်ကုမ္ပဏီနှင့် အင်္ဂလိုဘားမင်းကုမ္ပဏီကြီးများက
မြန်မာ့လယ်သမားများ၏စပါးများကို လက်ဝါးကြီးအုပ်ဝယ်ယူကာ ဈေးကစားခဲ့ကြသည်။ မြန်မာ့တောင်သူလယ်သမားများကို
ပေးခဲ့သော စပါးဈေးမှာ ၁၉၂၄ ခုနှစ်က စပါးတင်း ၁၀၀ လျှင် ၁၉၄ ကျပ်၊ ၁၉၂၈ ခုနှစ်တွင် ၁၆၉
ကျပ်၊ ၁၉၂၉ ခုနှစ်တွင် ၁၅၉ ကျပ်နှင့် ၁၉၃၀ ပြည့်နှစ်တွင် ၁၃၈ ကျပ်ဈေးသာပေးခဲ့ပြီး အစိုးရအခွန်အခများနှင့်
လူသုံးကုန်ပစ္စည်းများမှာ အဆမတန်ဈေးတက်ခဲ့သည်ဟု ဆရာ ချစ်ကြည်ရေးကြည်ညွန့်၏ သမိုင်းဝင်သူရိယ၊
မြန်မာ့အလင်းနှင့် မြန်မာနိုင်ငံရေးစာအုပ်တွင် ဖော်ပြထားသည်။
ယင်းအချက်များကြောင့်ပင် ၁၉၃ဝ ပြည့်နှစ်
ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာ့သမိုင်းတွင် ထင်ရှား လှသည့် ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကြီး
ပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်သည်။
တော်လှန်ရေးကာလအစ
အင်္ဂလိပ်လက်အောက်ခံဘဝ ၁၉၂၀ ပြည့် လွတ်ဝန်းကျင်နှစ်များသည်
“အမျိုးသားများ နိုးကြားကြလော့” ဟု မျိုးချစ်နိုင်ငံရေးသမားများ စုပေါင်းတည်ထောင်လာခဲ့ကြသည့်
ဂျီစီဘီအေ အသင်းကြီး ခိုင်မာအားကောင်းလာသောအချိန်ပင်ဖြစ်သည်။ ထိုအချိန်တွင် မိမိလူမျိုးကို
ချစ်သော၊ မိမိတိုင်းပြည်ကိုလေးစားသောပုဂ္ဂိုလ်ဖြစ်သည့် ဆရာစံသည် ၁၉၂၃ ခုနှစ်တွင် ဂျီစီဘီအေအသင်းကြီးသို့
ဝင်ရောက်ခဲ့သည်။
ယင်းနောက် ကမာမို့ကျေးရွာအသင်း၊ ဘီလူးကျွန်းတိုက်နယ်အသင်းနှင့်
မော်လမြိုင်ဂျီစီဘီအေ အသင်းဥက္ကဋ္ဌအဖြစ် အဆင့်ဆင့်တာဝန်ယူခဲ့ရသည့် ဆရာစံသည် ၁၉၂၅ ခုနှစ်တွင်
ရွှေဘိုမြို့၌ ကျင်းပသော (၁၂)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ မော်လမြိုင်ခရိုင်ကိုယ်စားလှယ်အဖြစ်
တက်ရောက်ခဲ့ရသည်။
ယင်းနောက်တွင် ဂျီစီဘီအေအသင်းကြီးက ၁၉၂၈
ခုနှစ်တွင် ဗမာပြည်အတွင်းရှိ တောင်သူ လယ်သမားများ၏အခြေအနေတို့ကို လှည့်လည်စုံစမ်းရန်အတွက်
စုံစမ်းစစ်ဆေးရေးကော်မတီ တစ်ရပ်ဖွဲ့လိုက်ရာ အသင်းကြီး၏အမှုဆောင်တစ်ဦးဖြစ်လာသူ ဆရာစံသည်
အဆိုပါ စုံစမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ သာယာဝတီခရိုင်၊ ဖျာပုံခရိုင်၊ ပြည်ခရိုင်၊
ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ သရက်ခရိုင်၊ အင်းစိန်ခရိုင်များအတွင်းရှိ
ကျေးရွာများသို့ လှည့်လည်ကာ တောင်သူလယ်သမားများ၏ ဆင်းရဲဒုက္ခအခြေအနေအကြောင်းစုံကိုစုံစမ်း၍
အမှုတွဲပေါင်း ၁၇၀ မျှရှိသော အစီရင်ခံစာ၌ နယ်ချဲ့အင်္ဂလိပ်တို့၏ ဥပဒေမဲ့ ကျူးလွန်စော်ကားမှုများကို
သက်သေအထောက်အထားအပြည့်အစုံဖြင့် ဂျီစီဘီ အေဗဟိုဌာနချုပ်သို့ အကြံပြုတင်ပြခဲ့သည်။ သို့ရာတွင်
ဗဟိုဌာနချုပ်က ဆရာစံ၏ အကြံပေးချက်ကို လက်မခံခဲ့ချေ။
ထို့ကြောင့် ဆရာစံသည် ဂျီစီဘီအေနှင့်
အဆက်အသွယ်ဖြတ်တောက်လိုက်ပြီးနောက် ဖိနှိပ်ခံ လယ်သမားများ၏ဘဝကို ကိုယ်တိုင်ကိုယ်ကျခံစားလာခဲ့ရသည့်
ဆရာစံသည် ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် သာယာဝတီနယ်သို့ ထွက်ခွာလာခဲ့သည်။ ထိုစဉ်
၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် လယ်သမားကြီးများအား နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသည့်
ဗျူရိုကရက်အရာရှိများအား အမှုထမ်းကောင်းလက်မှတ်ပေးရန်
သာယာဝတီမြို့သို့ လာရောက်ခဲ့သည့် ဗြိတိသျှအစိုးရ၏ဘုရင်ခံ ဆာဂျေအေမောင်ကြီးထံ ဆရာစံဦးဆောင်သည့်
လယ်သမားခေါင်းဆောင်များဝင်ရောက်၍ လူခွန်၊ လယ်ခွန်များ လျှော့ပေါ့ရွှေ့ဆိုင်းပေးရန်
သွားရောက်တောင်းဆိုရာ လက်မခံသဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်ကစတင်၍ မြန်မာ့လွတ်လပ်ရေးသမိုင်းဝင်
မြန်မာ့တောင်သူလယ်သမားအရေးတော်ပုံကြီး စတင်ပေါ်ပေါက်လာခဲ့လေတော့သည်။
ထိုသို့ တော်လှန်ရေးကာလမစတင်မီကတည်းက
ဆရာစံသည် ၁၉၃၀ ပြည့်နှစ် အောက်တိုဘာ ၂၆ ရက်တွင် သာယာဝတီ အင်းရွာမကျီးကုန်းဘုန်းကြီးကျောင်း၌
ဝံသာနု လယ်သမားခေါင်းဆောင်များနှင့် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတစ်ဝန်းရှိ
လယ်သမားများနှင့် ဂဠုန်တပ်များကို စတင်ဖွဲ့စည်းသည်။ ထိုစဉ်က တောင်သူလယ်သမားတို့က လည်း
စီးပွားရေးကျပ်တည်းမှုဒဏ်နှင့် အစိုးရ၏ အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းသောဒဏ်ကို မခံရပ်နိုင်သည့်အတွက်
အသက်ရှင်လျက်ဆင်းရဲငတ်ပြတ်နေရခြင်းထက် မိမိထက် အစစအရာရာ အင်အားကြီးမားသောရန်သူကို ရရာလက်နက်ဖြင့်
တွန်းလှန်တိုက်ခိုက်ပြီး ဂုဏ်သိက္ခာရှိရှိသေရခြင်းကမြတ်သည်ဟု ခံယူခဲ့ကြသည်။
အရေးကြီးသောတိုက်ပွဲများ
ဆရာစံဦးဆောင်သည့်သာယာဝတီနယ် ဇိမ်ဇာ၊ အင်းကောက်၊
ရေတိုက်၊ ဖားရွှေကျော်၊ ဆည် နှစ်ခွ၊ လှည်းလမ်းကူး စသည့်ကျေးရွာများမှ တောင်သူလယ်သမားများသည်၁၉၃၀ပြည့်နှစ်
ဒီဇင်ဘာ ၂၂ ရက်ကစ၍ ရရာလက်နက်ဖြင့် စတင်တော်လှန်ကြရာဖားရွှေကျော် ပထမတိုက်ပွဲတွင် ဦးမောင်ကလေးခေါင်းဆောင်သော
ပုလိပ်အဖွဲ့ ဆုတ်ခွာထွက်ပြေးရသည်။ ၂၄-၁၂-၁၉၃၀ ရက်နေ့ ဝဲရွာတိုက်ပွဲတွင် သစ်တောအင်ဂျင်နီယာ
မစ္စတာဖီးကလပ်ကျဆုံးသည်။ ၂၅-၁၂-၁၉၃၀ ရက်နေ့ ဖားရွှေကျော်ရွာ၊ ဒုတိယတိုက်ပွဲတွင် ရာဇဝတ်ဝန်ကလေး
ဦးမောင်ကလေးကျဆုံး၍ ပန်ချာပီတပ်များထွက်ပြေးရသည်။ ၃၁-၁၂-၁၉၃၀ ရက်နေ့ ဖားရွှေကျော်တတိယတိုက်ပွဲတွင်
ဂဠုန်တပ်အကျအဆုံးများနှင့် ဆုတ်ခွာရသည်။ ၃၁-၁၂-၁၉၃၀ ရက်နေ့ အလံတောင်တိုက်ပွဲတွင် နယ်ချဲ့စစ်တပ်ကအလံတောင်ကိုတိုက်ခိုက်၍သိမ်းသည်။
ဆရာစံဆုတ်ခွာရသည်။
၇-၁-၁၉၃၁ ရက်နေ့ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်
ထန်းတောရွာအနီးတွင် ဦးအောင်လှ ခေါင်းဆောင်သော ဂဠုန်တပ်နှင့် အရေးပိုင် မစ္စတာဘရက်တိုခေါင်းဆောင်သော
နယ်ချဲ့ပုလိပ်၊ စစ်ပုလိပ်များတိုက်ပွဲဖြစ်သည်။ ၁၀-၄-၁၉၃၁ ရက်နေ့တွင်ပြုလုပ်သော သရက်ခရိုင်
ကံမမြို့နယ် ခြောက်ပင်ရွာသူကြီးများအစည်းအဝေးပွဲကို ဂဠုန်တပ်ဖွဲ့ဝင်များက တိုက်ခိုက်သည်။
၁၃-၄-၁၉၃၁ ရက်နေ့တွင် သရက်ခရိုင် ထုံးရွာအနီးတွင် ရာဇဝတ်ဝန်ကြီး မစ္စတာအေစီစမစ်ပုလိပ်အဖွဲ့နှင့်
တိုက်ပွဲဖြစ်သည်။ ရာဇဝတ်ဝန်ကြီးအပြင် တပ်ဖွဲ့ဝင်များ အထိနာခဲ့သည်။ ၄-၅-၁၉၃၁ ရက်နေ့
ပြည်ခရိုင် ဝက်ထီးကန် အနီးမြို့မရွာတွင် ရာဇဝတ်ဝန်ကြီးမစ္စတာ ဩစတင်အဖွဲ့ကို ဂဠုန်တပ်ဖွဲ့ဝင်များကဝိုင်းဝန်း
တိုက်ခိုက်သည့်အတွက် ရာဇဝတ်ဝန်ကြီးနှင့် ပုလိပ်ခုနစ်ဦးကျဆုံးသည်။ ၁၀-၅-၁၉၃၁ ရက်နေ့
ဟင်္သာတမြို့ လယ်ဂတ်ဝင်းအတွင်း ပန်ချာပီတပ်ကို ဂဠုန်တပ်တို့ဝင်ရောက်တိုက်ခိုက်ရာ ပန်ချာပီစစ်သားတို့
ဒဏ်ရာရကြသည်။ ၁၅-၅-၁၉၃၁ ရက်နေ့ ဟင်္သာတခရိုင် လယ်တီစာဖြူစု ပုလိပ်ကင်းစခန်းကို ဂဠုန်တပ်များ
ဝင်ရောက်တိုက်ခိုက်ကြသည်ဟု မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိရသည်။
နယ်ချဲ့ကိုအညံ့မခံသော
ဆရာစံ
ထို့ကြောင့် ၁၉၃၁ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင်
ဗြိတိသျှအစိုးရက ခေါင်းဆောင်ကြီးဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅၀၀၀ ပေးမည်ဟု ကြေညာခဲ့လေသည်။
ထိုမှတစ်ဖန် ဆုငွေ ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိတိုးပေးမည်ဟု ဧပြီ ၂၃ ရက်တွင် ထပ်မံကြေညာခဲ့သည်။
ထို့ကြောင့် ၁၉၃၁ ခုနှစ် ဇူလိုင်လတွင် ဆရာစံသည် ရှမ်းပြည်သို့တိမ်းရှောင်၍ ရှမ်းတောင်သူကြီးများနှင့်ဖွဲ့စည်းထားသော
ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက် တို့ရှိ နယ်ချဲ့အစိုးရတပ်များအား
ချီတက်တိုက်ခိုက်ခဲ့သည်။ ထို့သို့တိုက်ခိုက်နေစဉ်အတွင်း ၁၉၃၁ ခုနှစ် သြဂုတ် ၂ ရက်တွင်
ဆရာစံအား နောင်ချိုမြို့ မြောက်ဘက်သုံးဆယ်နယ်၊ ကုလားကွဲခရိုင် ဟိုခိုနောင်ကွမ်းရွာအနီးတွင်
အင်္ဂလိပ်တပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။
“မည်သူမဆို အရှင်ဧကရာဇ်မင်းမြတ်ကိုဖြစ်စေ၊
စစ်မက်ပြိုင်လျှင်ဖြစ်စေ၊ စစ်မက်ပြိုင်ရန်ကြံစည် အားထုတ်လျှင်ဖြစ်စေ၊ စစ်မက်ပြိုင်ဆိုင်ရန်
အားပေးကူညီလျှင်ဖြစ်စေ၊ ၎င်းသူကို သေဒဏ်သော် ၎င်း၊ တစ်သက်တစ်ကျွန်းဒဏ်ကိုသော်၎င်း စီရင်စေမည့်အပြင်
၎င်းသူပိုင်ပစ္စည်းအရပ်ရပ်ကို လည်းသိမ်းယူစေမည်” ဤသည်မှာ နယ်ချဲ့အစိုးရ၏ အိန္ဒိယရာဇသတ်ကြီးပုဒ်မ
၁၂၁ ပါ ပြဋ္ဌာန်းချက်များဖြစ်သည်။ ယင်းပုဒ်မဖြင့် ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင်
ဂဠုန်ဆရာစံအား အရေးယူခဲ့သည်။ ဘုရင်ခံအာဏာဖြင့် တစ်ချက်လွှတ်ပြဋ္ဌာန်းခဲ့သော မြန်မာပြည်တော်လှန်ပုန်ကန်မှုများ
(တရားစစ်ဆေးခြင်း) ဥပဒေအရ ဖွဲ့စည်းခဲ့သည့် အထူး ခုံရုံးတွင်ဥက္ကဋ္ဌဖြစ်သူ ဟိုက်ကုတ်တရားဝန်ကြီး
မစ္စတာကန်းလစ်ဖ်၊ အဖွဲ့ဝင်အငြိမ်းစားစက်ရှင်တရားသူကြီး မစ္စတာဝုဒ်နှင့် စက်ရှင်တရားသူကြီး
ဦးဘဦး(လွတ်လပ်ရေးခေတ်တွင် နိုင်ငံတော်သမ္မတဖြစ်လာသူ) တို့က ကြားနာစစ်ဆေးခဲ့သည်။
ထိုအမှုတွင် ဆရာစံဘက်မှ ဥပဒေအကျိုးဆောင်များအဖြစ်
ဒေါက်တာဘမော်၊ ဦးပု၊ ဦးသူငယ်၊ သခင်မြ၊ သခင်စိန်၊ ဦးချစ်ညွန့်၊ ဦးဘရှိန်းတို့က လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
အကျိုး ဆောင်ရှေ့နေများက ဆရာစံလွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင်
အထူး ခုံရုံးက ဆရာစံအား သေဒဏ်ချမှတ်ခဲ့ပြီး ၁၉၃၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ဟိုက်ကုတ်ကအတည်ပြုခဲ့သည်။
ယင်းနောက် ၁၉၃၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဆရာစံအား သာယာဝတီထောင်တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။
၁၉၃၀ ပြည့်နှစ်မှ ၁၉၃၂ ခုနှစ်အထိ ဆရာစံဦးဆောင်သည့်
တောင်သူလယ်သမားအရေးတော် ပုံကြီးအတွင်း သေဆုံးဒဏ်ရာရရှိခဲ့ရသည့် ဂဠုန်တပ်သားပေါင်း ၃၀၀၀၊
ဖမ်းဆီးခံရသူပေါင်း ၈၃၀၀၊ ကြိုးပေးသတ်ဖြတ်ခံရသူ ၇၈ ဦးနှင့် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံရသူ
၂၇၀ မျှရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သည့်
နယ်ချဲ့တို့သည် ဆရာစံ၏ ရုပ်နှင့်ခန္ဓာကို အသေသတ်နိုင်ခဲ့သော်လည်း ၎င်းဦးဆောင်ခဲ့သည့်
တောင်သူလယ်သမားအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသားများစိတ်သန္တာန်တွင် တော်လှန်ရေးစိတ်ဓာတ်များနိုးကြားလာစေခဲ့ပြီး
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အုတ်မြစ်တစ်ချပ်အဖြစ် အခိုင်အမာနေရာယူနိုင်ခဲ့ပေသည်။။
ကိုးကား -
(၁) ၁၉၇၀ပြည့်နှစ် မတ်လ ၂ ရက်နေ့ထုတ်
မြန်မာ့အလင်းသတင်းစာပါ ထွန်းညွန့်ဦး၏ နယ်ချဲ့ ကိုအညံ့မခံသော ဆရာစံဆောင်းပါး။
(၂) ၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့ထုတ် မြန်မာ့
အလင်းသတင်းစာပါ စောကျော်အေး-ပန်းဘဲတန်း၏ ၁၂၉၂ ခုနှစ် တောင်သူလယ်သမားအရေးတော်ပုံအကြောင်း
မှတ်သားမိသမျှ...ဆောင်းပါး။
(၃) ချစ်ကြည်ရေးကြည်ညွန့်၏ သမိုင်းဝင် သူရိယ - မြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေးစာအုပ်။
No comments:
Post a Comment