Thursday, February 23, 2023

သာယာစိုပြည် ဟုမ္မလင်းမြေ


ဒေါက်တာတင်မာမာဦး

( စစ်ကိုင်း)

ဟုမ္မလင်းခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင်တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည်။ ဟုမ္မလင်းခရိုင်သည် အရှေ့မှအနောက်သို့ ၈၆ မိုင်ရှိပြီး တောင်မှမြောက်သို့ ၈၄ မိုင် ရှည်လျားကာ ၄၃၂၆ ဒသမ ၄၄၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ တောင်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။

ဟုမ္မလင်းခရိုင်သည် တောင်ကုန်းတောင်တန်း အနည်းငယ်ရှိပြီး လွင်ပြင်ဒေသဖြစ်ကာ မြို့ဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်သည် သစ်တောဧရိယာများ ဖြစ်သည်။ ဟုမ္မလင်းဒေသသည် မြစ်ချောင်းများ ပေါများသော ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောမြစ်များမှာ ချင်းတွင်းမြစ်နှင့် ဥရုမြစ်တို့ ဖြစ်သည်။ ချင်းတွင်းမြစ်သည် မြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဥရုမြစ်သည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းလျက် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်သည်။

ဟုမ္မလင်းခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးအချက်အချာကျသော ဒေသတစ်ခု ဖြစ်ပြီး ဟုမ္မလင်း၊ ရွှေပြည်အေး၊ မိုပိုင်းလွတ်မြို့များဖြင့် ဖွဲ့စည်းထားကာ လူဦးရေ ၂၂၀၂၈၃ ဦး နေထိုင်ပြီး တိုင်းရင်းသားလူမျိုးစုစုံညီစွာ နေထိုင်ကာ အဓိကအားဖြင့် ရှမ်းလူမျိုးများ အများဆုံး အခြေချနေထိုင်ပြီး စိုက်ပျိုးရေးထွက်ကုန်များအတွက် အားထားရသည့် ခရိုင်တစ်ခုဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဟုမ္မလင်းခရိုင်သို့ လာရောက်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံဆွေးနွေးရာတွင် “ဟုမ္မလင်း ဒေသသည် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများစွာရှိသည့်အနက် ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် နှစ်ရှည်သီးနှံများဖြစ်သည့် လက်ဖက်နှင့် ရော်ဘာစိုက်ပျိုးခြင်းများအား အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသတွင်း ဖြစ်ထွန်းသည့် ရော်ဘာစိုက်ပျိုးမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန်လိုပြီး နိုင်ငံ၏ ရော်ဘာထုတ်ကုန် ပစ္စည်းလိုအပ်ချက်များကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးလျက်ရှိသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဧက အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းရှိ ပြည်သူများ၏ ဝင်ငွေသည်လည်း များစွာတိုးတက်လာမည်ဖြစ်သကဲ့သို့ လူမှုစီးပွားဘဝ သည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ဟုမ္မလင်းဒေသတွင် အရည်အသွေးကောင်းမွန်သည့် ဆန်နှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များထွက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်းစိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေး တိုးတက်မှုကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်

ဟုမ္မလင်းခရိုင်သည် ကုန်းလမ်း၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ခရိုင်တစ်ခုဖြစ်ပြီး ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြသည်။ မြေယာအသုံးချမှုအနေဖြင့် ခရိုင်ဧရိယာစုစုပေါင်းဧက ၂၇ သိန်း ကျော်တွင် အသားတင်စိုက်ပျိုးမြေ ၁ ဒသမ ၂ သိန်းကျော်ခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် နှစ်ရှည်သီးနှံများဖြစ်သည့် လက်ဖက်နှင့် ရော်ဘာသီးနှံများကို အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

ဟုမ္မလင်းခရိုင်၏ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း မိုးစပါးဧက ၆၄၁၆၀၊ နွေစပါးဧက ၁၀၈၄၀၊ ပဲမျိုးစုံဧက ၁၆၈၀၀ ၊ ဆီထွက် သီးနှံဧက ၁၃၇၆၀ အပါအဝင် သီးနှံစုစုပေါင်း ၁၃၄၃၈၂ ဧက လျာထားစိုက်ပျိုးလျက် ရှိသည်။ ခရိုင်အတွင်း သီးနှံများ စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်းနှင့် နေကြာသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဟုမ္မလင်းခရိုင်အနေဖြင့် ရှေးယခင်မြန်မာဘုရင်များလက်ထက်ကပင် လက်ဖက်စိုက်ပျိုးမှုရှိခဲ့ပြီး နန်းတွင်းသုံး တော်ဝင်လက်ဖက်ကို ဆက်သခဲ့ရကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက် အရသိရသည်။ ဟုမ္မလင်းခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လက်ဖက်စိုက်ရွာပေါင်း ၃၃ ရွာ၊ တောင်သူ ၂၀၈၂ ဦးဖြင့် လက်ဖက်စိုက်ဧက ၉၃၁၃ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတုဆေးများအသုံးမပြုဘဲ သဘာဝနည်းဖြင့် စိုက်ပျိုးထားရှိသည့်အပြင် ဟုမ္မလင်းဒေသထွက် လက်ဖက်အစိုနှင့် လက်ဖက်အခြောက်များကို သဘာဝအရောင်ဖြင့်သာ ရောင်းချကြပြီး အခြားဓာတုဗေဒ ဆိုးဆေးများ လုံးဝ သုံးစွဲခြင်းမပြုသည့်အတွက် အော်ဂဲနစ် လက်ဖက်ထွက်ကုန်အဖြစ် ပြည်တွင်းသာမက နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ပါက အလားအလာကောင်းသည့် ဒေသ ထုတ်ကုန်အဖြစ် ကျယ်ပြန့်စွာ ရောင်းချနိုင်မည့် သီးနှံဖြစ်သည်။

ရော်ဘာသီးနှံ ၈၁၈၇ ဧက စိုက်ပျိုး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် ဒေသတွင်းဖြစ်ထွန်းသည့် ရော်ဘာစိုက်ပျိုးမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန်လိုပြီး နိုင်ငံ၏ ရော်ဘာထုတ်ကုန်ပစ္စည်းလိုအပ်ချက်များကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဟုမ္မလင်းခရိုင်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ရော်ဘာသီးနှံ ၈၁၈၇ ဧက စိုက်ပျိုးထားရှိ ပြီး ၅၃၁ ဧက အစေးလှီး ဆောင်ရွက်လျက်ရှိသည်။ ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းအတွက် သာမက ပြည်ပပို့ကုန်အတွက်လည်း အရေးပါသည့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ ပြည်တွင်းရော်ဘာလိုအပ်ချက် ပြည့်မီစေရေးနှင့် အရည်အသွေးကောင်း ‌‌ရော်ဘာပြားများ ပိုမို ထုတ်လုပ်လာနိုင်စေရန်အတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဈေးကွက် တင်ပို့ရာတွင် အခက်အခဲမရှိစေရန် ချိတ်ဆက်ကူညီဆောင်ရွက်ပေးခြင်း၊ ရော်ဘာစိုက်ခင်းများတွင် ကြားသီးနှံစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိစေရန်၊ ရော်ဘာနှင့်ကော်ဖီသီးညှပ် စိုက်ပျိုးလာစေရန် စံပြစိုက်ခင်းများ ဆောင်ရွက်ပြသလျက် ရှိသည်။ လက်ရှိတွင် ခရိုင်အတွင်း ရော်ဘာ၊ ကော်ဖီ သီးညှပ်စိုက်ခင်း ၁၀၈ ဧက စိုက်ပျိုးဆောင်ရွက်ထားပြီးဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဈေးကွက်တွင် ရော်ဘာဈေးမှာ ဈေးကောင်းနေဆဲဖြစ်၍ မြန်မာနိုင်ငံရှိ ရော်ဘာခြံ များသည် အရည်အသွေး ပြည့်မီသော၊ ကမ္ဘာ့တန်းဝင် ဈေးကွက်မီသော ရော်ဘာကုန်ချော ထုတ်လုပ်ရန် လိုအပ်လာသည်နှင့်အညီ ခရိုင်အတွင်းထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို အသုံးပြု၍သွင်းကုန် အစားထိုးကုန်ချောဖြစ်သည့် ရော်ဘာပြားများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား တာယာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တိရစ္ဆာန်သားရေမှ သားရေထည်လုပ်ငန်းနှင့် ဖိနပ်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်အတွက် ဟုမ္မလင်းခရိုင်မှထွက်ရှိသည့် ရော်ဘာ ကုန်ကြမ်းများကို အသုံးပြု၍ သွင်းကုန်အစားထိုး ကုန်ချောဖြစ်သည့် ရော်ဘာပြားများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားတာယာများ ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများ ပေါ်ပေါက်လာစေရန် သက်ဆိုင်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

တိရစ္ဆာန်မွေးမြူရေးကဏ္ဍ

ဟုမ္မလင်းခရိုင်၏ တိရစ္ဆာန်မွေးမြူရေးကဏ္ဍတွင်လည်း ကျွဲ၊ နွား မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာနည်းဖြစ်သော လွှတ်ကျောင်းမွေးမြူခြင်းအစား စနစ်တကျလှောင်၍ မွေးမြူရေး အသိပညာပေးခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် စနစ်တကျ ပြန်လည်ထည့်သွင်း နိုင်ရေးအတွက် နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ၂၅ ဧက၊ ပဲယဉ်း ၂၅ ဧကကို ထည့်သွင်းဆောင်ရွက် ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို ဧက ၄၀ ထည့်သွင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း ပိုက်ဆံလျှော်မျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မျိုးစေ့ထုတ် စိုက်ခင်းများကိုလည်း စိုက်ပျိုးထားပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို အရည် အသွေးပြည့်မီစွာဖြင့် စဉ်ဆက်မပြတ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ဟုမ္မလင်းဒေသသည်လည်း ယခုလက်ရှိထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment