မိုးကေနိုင်
ခမ်းနားသည်၊ ကြီးကျယ်မြင့်မြတ်လှသည်။ ချီးမြှောက်မှု၊ တမ်းတမှု၊ ဂုဏ်ပြုမှု၊ ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသော နှစ်သစ်တစ်ခု၏ ဦးဆုံးနေ့တစ်နေ့၊ ဟေမာန်ဆောင်းဦးမြူနှင်းထုမှောက် နေရောင်အောက်ဝယ် ရဲရင့်မှု၊ ညီညွတ်မှုတို့နှင့်အတူ လွတ်လပ်မှုကိုထင်ဟပ် သည့်အလှတရားများ ဆုံဆည်းရာပန်းချီကားတစ်ချပ်သဖွယ်၊ ဂျူဘလီ (Jubilee)ဟု ရည်ညွှန်းသောဂုဏ်ယူဖွယ်ရာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြီးကား ဆင်ယင်ကျင်းပအောင်ပွဲခံခဲ့ပါပြီ။
ကာလသုံးပါးကို
ထင်ဟပ်သောအခမ်းအနား
သမိုင်းတစ်လျှောက် အခမ်းနားဆုံးဖြစ်ခဲ့သည့်
မော်ကွန်းဝင်ဤစိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့၍ တိုင်းရင်းသား
ပြည်သူအပေါင်းက ဝမ်းမြောက်၀မ်းသာ ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ ပြီးပြည့်စုံလှသော လွတ်လပ်ရေးသဘင်ကြီးမှာ
စီစဉ်သူ၊ ကြီးကြပ်သူ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲသူများ၊ တစ်စိတ်တစ်ပိုင်းပါဝင်ထမ်းရွက်ခဲ့ကြသူများ၊
တီဗီ ဖန်သားပြင်မှသာကျေနပ်ခဲ့ရသူများ၊ အင်တာနက်၊ ယူကျုများကပါ လေ့လာကြည့်ရှုခဲ့ကြသူများ
အားလုံး၊ အားလုံးက ကျေနပ်ပီတိဖြစ်ခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့
တာဝန်ယူခဲ့အပြီး အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာကြားမှ အောင်မြင်စွာကျင်းပပြီးစီးခဲ့သော
အခမ်းအနားကြီးဖြစ်၍ ထင်ရှားသောသမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့ပါပြီ။
နိုင်ငံအခြေအနေနှင့်
အနာဂတ်ကိုထင်ဟပ်သောမိန့်ခွန်း
ဤလွတ်လပ်ရေးနေ့အခမ်းအနားကြီးသည်ကား သမိုင်းကိုပေါ်လွင်စေခဲ့သည်။
နိုင်ငံ၏ မျက်မှောက်အခြေအနေများကိုလည်း ပုံဖော်ပေးနိုင်ခဲ့သလို တိုင်းရင်းသားပြည်သူများ၏အမြင်များကိုလည်း
နားလည်သဘောပေါက်စေခဲ့ပါသည်။ နိုင်ငံတော်နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ဟူသည် လျှောက်လှမ်းနေသော
နိုင်ငံ၏လက်ရှိအခြေအနေပုံရိပ်နှင့် အနာဂတ်အမြင်များကို ထင်ဟပ်စမြဲဖြစ်သည်။ လက်ရှိနှင့်
အနာဂတ်ကိုထင်ဟပ်သော နိုင်ငံ၏အခြေအနေအရပ်ရပ်ကို ယင်းနေ့က အလေးပြုခံနိုင်ငံတော် အကြီးအကဲ၏
ချီးမြှင့်မိန့်ခွန်းတွင် မြင်ရ၊ ကြားရသည်ဖြစ်၍ အရေးကြီးသောမိန့်မှာချက်များကို လေ့လာသုံးသပ်ကြည့်မိသည်။
တိုင်းပြည်စည်းလုံးညီညွတ်မှုမရှိချိန်၊
အင်အားချည့်နဲ့ချိန်တွင် လွတ်လပ်ရေးဆုံးရှုံးသွားတတ်ပြီး တိုင်းပြည်အင်အားကိုပြန်လည်စုစည်းနိုင်သော
ခေါင်းဆောင်များပေါ်ထွက်ချိန်တွင် အင်အားရှိပြီးလွတ်လပ်ရေးတည်တံ့ခိုင်မြဲပုံကို ခေတ်သမိုင်းနှင့်ယှဉ်၍
ပြောကြားသွားပုံမှာ သင်ခန်းစာယူစရာဖြစ်သည်။ အသက်နှင့်ခန္ဓာကိုစွန့်လွှတ်၊ ဘဝနှင့်ချီပြီး
ပေးဆပ်ရယူထားရသောအရာမှန်သမျှ တန်ဖိုးကြီးလှပါသည်။ ညီညွတ်မှုမရှိ၊ အင်အားနည်းလျှင် မျက်စိတစ်မှိတ်၊
လျှပ်တစ်ပြက်အတွင်းဆုံးရှုံးသွားနိုင်သည့်လွတ်လပ်ရေးကို အသက်ပေး ကာကွယ်စောင့်ရှောက်ရန်အရေးကြီးပုံကို
နိုင်ငံတော်အကြီးအကဲက ထောက်ပြသွားသည်ကို ဆင်ခြင်နိုင်ရန်လိုပါသည်။
မိန့်ခွန်းပါ
နိုင်ငံရေးနှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်
မိန့်ခွန်းတွင် တိကျပြတ်သားသော ရည်မှန်းချက်နှစ်ရပ်ကို
ထင်ထင်ရှားရှား မြင်လိုက်ရသည်။ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို
ခိုင်မာအောင်ပြုလုပ်သွားမည့် ရည်မှန်း ချက်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု
တည်ဆောက်မည့် ရည်မှန်းချက်နှစ်ရပ်ဖြစ်သည်။ ထိုပန်းတိုင်များရောက်ရှိရေး အရင်းခံလိုအပ်ချက်ဖြစ်သည့်
စိတ်ရှည်သည်းခံပြီး နားလည်ခွင့်လွှတ်တတ်သည့် ညီရင်းအစ်ကိုမောင်ရင်းနှမစိတ်ဓာတ်များ
ထားရှိရန်ကို နိုင်ငံတော်အကြီးအကဲက ထောက်ပြခဲ့သည်မှာ လိုက်နာရန်လိုအပ်သည့် အရေးကြီးသောလမ်းညွှန်ချက်ပင်ဖြစ်သည်။
ထိုရည်မှန်းချက်များနှင့် သဟဇာတဖြစ်ရမည့်
ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားရေးဦးတည်ချက် နှစ်ရပ်ကိုလည်း ကြိုးပမ်းတည်ဆောက်နေရမည်ဟုဆိုပါသည်။
မြင့်တက်လာနေသော ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို အထောက်အပံ့ပြုနိုင်မည့် တိုင်းပြည်သာယာဝပြောရေးနှင့်
စားနပ်ရိက္ခာဖူလုံရန်အရေးကို အလေးထားရန်ပင်ဖြစ်သည်။ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
လက်တွေ့ကျသော ပြောကြားချက်များအဖြစ် မှတ်ယူထိုက်ပါသည်။
ဒီမိုကရေစီကိုခိုင်မာစေချင်လျှင် မျိုးဆက်အလိုက်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးက
ပဓာနကျပါသည်။ ထို့အတွက် ပညာရေးကိုအလေးပေးပြောကြားခဲ့သလို လူတိုင်း လက်လှမ်းမီသည့် သာတူညီမျှ
ကျန်းမာရေးစနစ်မှတစ်ဆင့် ပြည်သူများ၏ မျှော်မှန်းသက်တမ်း မြင့်မားရေး ရည်မှန်းချက်ထားပုံနှင့်
ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားကစားကဏ္ဍကို ကြိုးစားမြှင့်တင်နေပုံများကို အလေးထားပြောကြားခဲ့သည်ကို
သတိထားမိသည်။ ပြည်တွင်းထုတ်ကုန်မြင့်မားရေးအတွက် MSME ကို အလေးပေးမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကို
မျက်ခြည်မပြတ်ဘဲ သဘာဝသယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲသွားမည့်အစီအစဉ်များထားရှိပုံများမှာ
ကမ္ဘာကြည့်ကြည့်မြင်မှုကို လှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။
ရွေးကောက်ပွဲနှင့်ငြိမ်းချမ်းရေးစကားကို
အပြုသဘောမြင်ရန်လို
အကြီးအကဲ၏မိန့်ခွန်းတွင် ပြည်ထောင်စုစိတ်ဓာတ်ကို
ထင်ဟပ်သည့်စကားလုံးများကို ကဏ္ဍတိုင်းတွင်ခံစားမိသည်။ အခွင့်အလမ်းတစ်ခုအနေဖြင့် နိုင်ငံတကာဆက်ဆံရေးအပိုင်းကို
လည်း ဖွင့်ဟမိန့်ကြားခဲ့သည်။ မည်သည့်နိုင်ငံနှင့်မဆို ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်အပေါ်တွင်
အခြေခံဆက်ဆံသည်။ ကမ္ဘာ့မိသားစု ဝင်နိုင်ငံဖြစ်သော်လည်း မိမိအမျိုးသားအကျိုးစီးပွား၊
နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအပေါ်တွင်သာ ရပ်တည်မည်ဖြစ်ကြောင်း သတင်းစကားပါးနိုင်ခဲ့သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ထာဝရငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး
လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို
နောက်ထပ်တစ်နှစ် တိုးမြှင့်ထားလိုက်ပြီဖြစ်သည်။ စိတ်ရှည်သည်းခံမှုနှင့် ညီရင်းအစ်ကို
မိသားစုစိတ်ဓာတ်ကို ထပ်ခါထပ်ခါပြသနေခြင်းပင်ဖြစ်သည်။ နောင်မျိုးဆက်တို့အနေဖြင့် ငြိမ်းချမ်းရေးကို
ထင်ဟပ်သည့်စကားလုံးများအပေါ် အပြုသဘောမြင်ကြည့်ရန်လိုအပ်မည်ဟု ထင်မြင်မိပါသည်။
ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရာတွင်
ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် အရေးကြီးသော အမျိုးသားရေးနှင့်
နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို အသေအချာမီးမောင်းထိုးပြသွားသည်။ သို့သော်အရေးကြီးသည်မှာ
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးပင်ဖြစ်ကြောင်းလည်း ထောက်ပြသွားသည်။
ထို့ကြောင့် နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုက ပူးပေါင်းပါ၀င်ကြဖို့ မေတ္တာရပ်ခံခဲ့သည်ကို
ကြားသိရသည့်အတွက် လမ်းပြမြေပုံပါ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကိုအခြေခံ၍ ရွေးကောက်ပွဲကိုအလေးအနက်ထားသည်မှာ
သိသာလှပါသည်။
ယခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့၏ ထူးခြားချက်တစ်ခုမှာ
အယူဝါဒခံယူချက် မည်သို့ပင် မတူညီမှုများရှိခဲ့ပါစေ၊ ခေတ်အဆက်ဆက်က သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများကို
နိုင်ငံတည်ဆောက်ခဲ့သူများအဖြစ် လေးစားတန်ဖိုးထား၍ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဖြင့် ရင်မှာအမြဲတည်ရှိနေကြောင်း သဘောထားကိုဖော်ကျူးလိုက်ခြင်းဖြစ်ပါသည်။
ညီညွတ်မှုကိုအရင်းခံ၍ကြိုးစားလျှင် ကမ္ဘာတွင်
မြန်မာသည် ထိပ်တန်းရောက်မှာမလွဲ၊ နိုင်ငံတော်ချစ်စိတ် မြန်မာစိတ်ဓာတ်ဖြင့် ကြိုးစားကြဖို့မှာကြားလျက်
နိုင်ငံတော်အကြီးအကဲက သူ၏မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ၏မိန့်ခွန်းသည်
ထာဝရ ငြိမ်းချမ်းရေးယုံကြည်ချက်နှင့် ကြိုးစားတည်ဆောက်ယူမည့်ခံယူချက်များကို နိုင်ငံချစ်စိတ်ရှိသူတိုင်းတွင်
ကိန်းအောင်းလာစေရန် များစွာစေ့ဆော်ပေးနိုင်ခဲ့သည်ဟု ထင်မြင်ယူဆမိပါသည်။
အစဉ်အလာကောင်းကို
ဆက်လက်ထိန်းသိမ်းကြသည့် ဂုဏ်ပြုထိုက်သူများ
ဤသို့ ကြီးမားခမ်းနားလှသော နိုင်ငံတော်အဆင့်အခမ်းအနား
လွတ်လပ်ရေးသဘင်ကြီးကို အမှားအယွင်းတစ်စုံတစ်ရာမရှိ၊ အောင်မြင်စွာပြီးမြောက်နိုင်ရေး
ရှေ့ဆောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၊ အားထည့်လုပ်ဆောင်ခဲ့ကြသည့်
ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်းအမှုထမ်းများ၊ တပ်မတော်သား/ရဲတပ်ဖွဲ့ဝင်များ အားလုံး၊
ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားသမား၊ အနုပညာရှင်များ၊ တိုင်းရင်းသားပြည်သူ များ၊ ကျောင်းသား
ကျောင်းသူ လူငယ်လူရွယ်များ၊ ဆရာ ဆရာမများ၊ လှုံ့ဆော်အားပေးသူ ကလောင်ရှင်များအားလုံးသည်
လေးစားဂုဏ်ယူစွာဖြင့် ဂုဏ်ပြုထိုက်သူများ ဖြစ်ကြပါသည်။
နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းနှင့်တကွ
ဗိုလ်ရှုခံရှေ့မြင်ကွင်းအစအဆုံး ပြသလှုပ်ရှားမှုအစုံစုံသည် မမေ့နိုင်ဖွယ်ရာ အလွန်ပင်ရင်သပ်ရှုမောဖွယ်
အတိဖြစ်ခဲ့ပါသည်။ ၆ နာရီခန့်ကြာမြင့်ပြီး စိတ်ဝင်စားဖွယ်များစွာဖြင့် ပြီးမြောက်သွားခဲ့သည်။
နံနက်စောစောအေးမြ သည့် နှင်းစက်နှင်းမှုံအောက်နှင့် နေရောင်အောက်မှာ အအေးဒဏ်၊ အပူဒဏ်ကို
ကာမိလောက်အောင် စိတ်လှုပ်ရှားစရာပြသမှုများက စိုးမိုးသွားသည်။
လွတ်လပ်ရေးနေ့အခမ်းအနားဟူသည် နိုင်ငံတော်အဆင့်ကြီးကျယ်ခမ်းနားသော
ပွဲကြီးတစ်ခုဖြစ်သည်။ မော်ကွန်းတင်လောက်သည့် ဤလိုအခမ်းအနားမျိုးတွင် တပ်မတော်(ကြည်း၊
ရေ၊ လေ) တပ်ဖွဲ့များ၊ နိုင်ငံဝန်ထမ်းများ၊ လူထုအဖွဲ့အစည်းများက အလံတင်အခမ်းအနားဖြင့်
ချီတက်အလေးပြုကြသည့် အစဉ်အလာကောင်းတစ်ခုကို တာဝန်ရှိစွာဆက်လက်ထိန်းသိမ်းသွားသည်ဟု ခံယူမိပါသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံခေါင်းဆောင်နှင့်တကွ
အကြီးအကဲများ၊ ခေတ်အဆက်ဆက်အကြီး အကဲပုဂ္ဂိုလ်များ၊ ဘွဲ့ထူးဂုဏ်ထူးရှင်ပုဂ္ဂိုလ်ကြီးများ၊
နယ်ပယ်အလိုက်ဌာနအကြီးအမှူးများ၊ နိုင်ငံဝန်ထမ်းများအားလုံး တစ်စုတစ်စည်းတည်း တွေ့မြင်ရသည်ပင်
အလွန်ပင်ကျက်သရေမင်္ဂလာနှင့် ပြည့်စုံလှပါသည်။
အားမာန်အပြည့်ဖြင့်ချီတက်မှု၊
စိတ်လှုပ်ရှားဖွယ်ပျံသန်းမှုများ
တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်ရေးပြစစ်ကြောင်းများ၏
ရဲစိတ်ရဲမာန်အပြည့်၊ ဝန်ကြီးဌာနကိုယ်စားပြုစစ်ကြောင်းများ၏ အားမာန်အပြည့်ဖြင့် စစ်ချီသီချင်းများသီဆို၍
တပ်ရင်းတပ်ခွဲအလိုက် ချီတက်အလေးပြုမှုများက ကြည့်ရှုသူအပေါင်းကို စိတ်အားတက်ကြွ သွားစေသည်မှာ
အမှန်ပင်ဖြစ်သည်။ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်များ ကိန်းအောင်းလာစေသည့်
တွန်းအားများပင်ဖြစ်သည်။
တပ်မတော်လေမှလေယာဉ်နှင့် ရဟတ်ယာဉ်များက
ဗိုလ်ရှုခံစင်မြင့် အနောက်ဘက်မှ အရှေ့ဘက်သို့ အုပ်ဖွဲ့ပုံစံအမျိုးမျိုးဖြင့် အလေးပြုဂုဏ်ပြု
ပျံသန်းပြသခဲ့ကြသည်မှာ အားရတက်ကြွစရာဖြစ်သည်။ တိုက်ခိုက်ရေး MI-35 P နှင့် Eurocopter
ရဟတ်ယာဉ်များ၊ H-125 လေယာဉ်များ၊ Y-12 ( IV) ၊ ATR -72 နှင့် BEECH Craft ၊ Fokker
70 သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ MIG-29 ဘက်စုံသုံးတိုက်လေယာဉ်များ၊ K- 8 W ဂျက်တိုက်လေယာဉ်၊
A-5 ဗုံးကြဲလေယာဉ်၊ Yak-130 ၊ F-7 ၊ FTC-2000 G ဂျက် တိုက်လေယာဉ်များသည် နိုင်ငံတော်အလံချိတ်ဆွဲ၍လည်းကောင်း၊
နိုင်ငံတော်အလံအရောင် smoke trail ထုတ်လွှတ်၍လည်းကောင်း အုပ်ဖွဲ့အလေးပြုပျံသန်းပြသခဲ့မှုများသည်
အလွန်ပင်စိတ်ဓာတ်တက်ကြွဖွယ် မြင်ကွင်းများဖြစ်ခဲ့ပါသည်။
အထူးသဖြင့် တပ်မတော်လေထီးအလွတ်ခုန်အဖွဲ့မှ
လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး ၇၅ ဦးက တပ်မတော်(ကြည်း
၊ ရေ ၊ လေ) အလံ၊ နေပြည်တော်ကောင်စီအလံ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဝန်ကြီးဌာနအလံများ
ချိတ်ဆွဲ၍ အမြင့်ပေ ၇၅၀၀ တွင်ပျံသန်းနေသော ရဟတ်ယာဉ်များပေါ်မှ ရဲဝံ့စွာဖြင့် လေထီးအလွတ်ခုန်
(Free fall) ဆင်းသက်ပြီး အမြင့်ပေ ၄၅၀၀ မှ လေထီးဖွင့်၍ တိကျသေချာစွာ ဆင်းသက် ပြသခဲ့မှုကလည်း
ကြည့်ရှုသူအပေါင်းကို ရင်သပ်ရှုမောဖွယ်ရာဖြစ်စေခဲ့သည်။ တပ်မတော်အနာဂတ်မျိုးဆက်များ၏
စွမ်းရည်နှင့်သတ္တိ၊ စိတ်ဓာတ်၊ ကျန်းမာကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ တိကျသေချာမှု၊
အမြဲသတိရှိမှုများကို ဂုဏ်ယူစွာပြသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ အခမ်းအနားပြီးခါနီးတွင်
တပ်မတော်(လေ)၏ စွမ်းရည်မြင့်ပြကွက်တစ်ခုကိုလည်း ကြည့်ရှုခွင့်ရခဲ့သေးသည်။ SU 30 ဘက်စုံ
သုံးအကြီးစားတိုက်လေယာဉ်တစ်စင်း၏ အဆင့်မြင့်လှုပ်ရှားစစ်ကစားသည့် ပြကွက်များပင်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment