လင်းနိုင်
ဟေမန္တ…ဆိုတဲ့ ဆောင်းဥတုရဲ့ အေးမြတဲ့အရသာကို တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက် ကာလအပြီးမှာ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူအများစု စတင်ခံစားကြရပြီ ဖြစ်ပါတယ်။ ဟေမန္တဆောင်းဥတုကာလကို တန်ဆောင်မုန်းလပြည့်နေ့ကနေ တပေါင်းလပြည့်နေ့အထိ လေးလတာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုကလည်း ဥတုသပ္ပာယမျှတကာ အခြားနိုင်ငံများနဲ့မတူ နေရထိုင်ရ သင့်လျော်လျောက်ပတ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
အေးစပြုနေပြီဖြစ်တဲ့ နေပြည်တော်ရဲ့
နံနက်ခင်းတွေဟာဆိုရင်လည်း မြူနှင်းမှုန်မှုန် လေနုအေးတွေနဲ့အတူ လမ်းမကျယ်ကြီးနဲ့
လမ်းသွယ်အသီးသီးတို့မှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
“သာပေါင်း ငယ်ထွေ၊ ခါဟေမန်ရာသီချိန်မို့၊ ဖန်ရှိန်ဝယ် မြူအပြိုင်နှင့်
နှင်းလေဆိုင်ဖျန်း...သင်းပျံ့တဲ့အင်၊ ပုလဲရုံ ကြိုင်လှိုင်ရွှင်သည့်၊ ခိုင်ငွေဇင်
ညှာတံညွတ်ကယ်မှ၊ ရွှေဝတ် ဆင့်ပန်း...”ဆိုတဲ့ ဒွေးချိုးလေး ညည်းရင်း ရေချိုးနေတဲ့
ကျွန်တော့်ကို “အစ်ကိုကြီး အဲဒါဘာသီချင်းလဲ”ဟု တစ်ဖက်ရေချိုးခန်းမှ
လှမ်းမေးလိုက်တဲ့ ညီငယ်ကို “ရေချိုး ရတာ အေးလွန်းလို့ ပြင်စည်မင်းသားရဲ့
ဆောင်းအဖွဲ့အနွဲ့ ဒွေးချိုးလေး ညည်းတာ ပါကွာ”ဟု ကပျာကယာဖြေကာ ရုံးသွားဖို့
ပြင်ဆင်ရင်း နယ်မြို့တွေကို တာဝန်နဲ့ ရောက်ခဲ့စဉ် ဆောင်းဥတုနဲ့ ကြုံကြိုက်ခဲ့တဲ့
အမှတ်တရတွေက ချက်ချင်းဆိုသလို လမ်းလျှောက်ချင်စိတ်ကို ဖြစ်ပေါ်စေမိပါ တယ်။
လမ်းလျှောက်ရတဲ့ စိတ်ခံစားမှု
နေပြည်တော်ရဲ့ ဖြောင့်ဖြူးကျယ်ဝန်းတဲ့၊ သန့်ရှင်းလှပတဲ့ လမ်းမကြီးတွေအထက်မှာ
လမ်းလျှောက်ရတဲ့ စိတ်ခံစားမှုက ရန်ကုန်၊ မန္တလေးအပြင် အခြားမြို့ကြီးတွေမှာ
လမ်းလျှောက်ရတာနဲ့ လုံးဝမျှမတူတာကို လျှောက်ဖူးသူတိုင်း ကြုံတွေ့ဖူးကြမှာ အသေအချာပါပဲ။
မိုးကာလနဲ့ နွေရာသီတွေမှာတော့ ရံဖန်ရံခါသာ လမ်းလျှောက်ထွက်ဖြစ်ပေမယ့် ဆောင်းဥတုရဲ့
အေးမြတဲ့ မြူနှင်းတွေနဲ့ ထိတွေ့ဖို့အတွက်ဆိုရင်တော့ နံနက်ခင်းတိုင်း
လမ်းလျှောက်ထွက်ဖို့ လိုပါတယ်။ လမ်းလျှောက်တဲ့အလုပ်က အပြောသာလွယ်ပြီး
ဝီရိယအားနည်းရင် နေ့ရွှေ့ညရွှေ့နဲ့ ဆောင်းရာသီသာ ကုန်ဆုံးသွားကာ
လမ်းမပေါ်ခြေတစ်ဖဝါးမှ မချဖြစ်လိုက်တာလည်း ကြုံဖူးကြသူတွေရှိကြမယ် ထင်ပါတယ်။
အခုလို ဆောင်းကာလအေးမြမြ မနက်ခင်းနဲ့ညနေခင်းတွေမှာ
လမ်းလျှောက်ထွက်ဖို့ကို အဖော်တစ်ဦးစနှစ်ဦးစ မိတ်ဖွဲ့ထားဖို့လိုပါတယ်။
အဖော်ကောင်းမရှိရင် တစ်ယောက်တည်း လမ်းလျှောက်ထွက်ရမှာပျင်းလာပြီး ရက်တွေသာအလီလီ ကုန်သွားကာ
လမ်းလျှောက်ဖို့ ဝယ်ထားတဲ့ ဖိနပ်ကိုတောင် စီးဖြစ်လိုက်မှာ မဟုတ်ဘူး။
လမ်းလျှောက်ထွက်ဖို့ အနီးအနားက မိတ်ဖွဲ့စရာ မရှိခဲ့ရင်လည်း အိမ်ထဲ၊ အခန်းထဲ၊
အဆောင်ထဲကသာ လမ်းမပေါ် ရဲရဲထွက်လိုက်ပါ။ ကျန်းမာရေးအရ လမ်းလျှောက်ထွက်သူ
အရွယ်စုံကိုလမ်းမပေါ်မှာ တွေ့မြင်လိုက်ရတာနဲ့ နှေးကွေးနေတဲ့ ခြေလှမ်းတွေက အားပါပါ လှမ်းလျှောက်မိသွားမှာ
အသေအချာပါပဲ။
နံနက်ခင်းကို လမ်းလျှောက်ထွက်မယ်ဆိုရင် အဓိကက ညဘက်အိပ်ရာ
စောစောဝင်ဖို့ လိုတာပါပဲ။ အိပ်ရေးဝဖို့အချိန် ၆ နာရီကနေ ၈ နာရီလောက်
ရှိနေရမှာဖြစ်ပြီး နံနက် ၆ နာရီ လမ်းလျှောက်ထွက်မယ်ဆိုရင် ၅ နာရီ ၄၅ မိနစ်ကို အိပ်ရာထနိုင်ဖို့
လိုပါတယ်။ နေထွက်ချိန်ကို မူတည်ပြီး လမ်းလျှောက်ထွက်မယ့် အချိန်က အတိုးအလျှော့
အပြောင်းအလဲ ပြုလုပ်နိုင်ပေမယ့် ကျွန်တော်တောင်ကြီးမှာ တာဝန်ကျခဲ့စဉ်တော့ နံနက် ၄
နာရီဆို လမ်းမကြီးတွေ၊ ပန်းခြံတွေမှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ၊ ပြေးသူတွေနဲ့
စည်ကားနေပြီ။
ကဗျာဆန်တဲ့ထိတွေ့မှု
နံနက်ခင်းတိုင်း လမ်းလျှောက်လို့ ရပေမယ့်လည်း
ကဗျာဆန်တဲ့ထိတွေ့မှုတွေကို ရချင်ရင်တော့ ဆောင်းနံနက်ခင်းမှာ လမ်းလျှောက်ဖြစ်အောင် လျှောက်ဖို့တိုက်တွန်းချင်ပါတယ်။
လမ်းလျှောက်ခြင်းကြောင့် ဆောင်းလေအေးလေးနဲ့ မျက်နှာအပြင် ကိုယ်ခန္ဓာပါ ထိတွေ့ခွင့်ရကာ
လူကိုပျော်ရွှင်လန်းဆန်းလာစေပြီး ကြည့်လိုက်သမျှ အရာတိုင်းဟာလည်း အလှအပတရားတွေနဲ့ ပြည့်စုံနေတယ်ဆိုတဲ့စိတ်
ခံစားမှုမျိုးကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးလို့
ပြောကြပေမယ့် ကျန်းမာစေမယ့် အမှုကိစ္စကို လုပ်ဖို့အရာမှာတော့ မေ့မေ့လျော့လျော့နေကြသူက
များပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ ရှင်သန်ချင်ရင် ရောဂါကင်းအောင် နေထိုင်စားသောက်ဖို့
ကိုယ်တိုင်ပဲ အသိ၊ သတိနဲ့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ တစ်နေ့တာလုံး စိတ်ရွှင်လန်း
တက်ကြွနေချင်ရင် နံနက်စောစောမှာ နာရီဝက် ဒါမှမဟုတ် တစ်နာရီခန့် လမ်းလျှောက်ပေးဖို့
အထူးလိုအပ်လှပါတယ်။
လမ်းလျှောက်တဲ့အခါမှာလည်း ကိုယ်ကိုမတ်မတ်ထားပြီး လျှောက်ဖို့လိုပါတယ်။
ခြေတွေ၊ လက်တွေကို ဆန့်ထုတ်ပြီး လက်ကိုလည်း စည်းချက်မှန်အောင် လွှဲပေးဖို့ လိုပါတယ်။
အသက်ရှူတဲ့ နေရာမှာလည်း နှေးနှေးနဲ့မှန်မှန်ရှူပေးရမှာဖြစ်ပြီး လမ်းလျှောက်တာ ၁၀
မိနစ်လောက် ကြာလာရင် ၃ မိနစ်၊ ၅ မိနစ်လောက် ခပ်ရွရွ ပြေးခြင်းဟာလည်း လိုက်ဖက်ညီတဲ့
လေ့ကျင့်ခန်းတစ်ခုပါပဲ။
သွေးလည်ပတ်မှုကို ပိုမိုကောင်းစေ
လမ်းလျှောက်ပြီးလို့ နေထိုင်ရာသို့ ပြန်ရောက်တဲ့အခါ အကြောလျှော့
လေ့ကျင့်ခန်းပြုလုပ်ပြီး ရေနွေးကြမ်းကို သောက်ပေးပါက ခန္ဓာကိုယ်တွင်း
သွေးလည်ပတ်မှုကို ပိုမိုကောင်းစေပါတယ်။ ရေနွေးကြမ်းကိုလည်း လမ်းလျှောက်မထွက်မီ ပြင်ဆင်ထားခဲ့ပါက
ပြန်ရောက်တဲ့အခါ အဆင်သင့်သောက်သုံးနိုင်မှာလည်း ဖြစ်ပါတယ်။ နံနက်စောစော လမ်းလျှောက်ထွက်ခြင်းရဲ့
အကျိုးရလဒ်ကို လေ့လာကြည့်ပါက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ရရှိစေနိုင်ခြင်း၊
ဆီးချို-နှလုံးရောဂါတို့ကို ဖြစ်နိုင်ခြေနည်းနိုင်ခြင်း၊ အစာချေစနစ်ကို
ကျန်းမာစေခြင်း၊ အကောင်းမြင်စိတ်များတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း၊
စိတ်ဖိစီးမှု လျော့ကျစေခြင်း၊ တစ်နေ့တာ လန်းဆန်းတက်ကြွမှုကြောင့် စိတ်ဓာတ်ကျမှု
ကင်းဝေးခြင်း၊ သွေးလည်ပတ်မှုကောင်း ခြင်းကြောင့် အသားအရည် ကြည်လင်စိုပြည်ခြင်း၊ အဆစ်မကောင်းတာ၊
အရိုးပွတာ၊ အဆစ်လွဲတာတွေကို အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးခြင်း စတဲ့
အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ ဆိုပါတယ်။
လမ်းလျှောက်ခြင်းကို အချိန်ရာသီမရွေး လုပ်နိုင်ပေမယ့် ဆောင်းရာသီလို
အချိန်ကာလမှာ နံနက်ခင်းလမ်းလျှောက်မှု ပြုလုပ်ပါက ချွေးထွက်နည်းစေပါတယ်။ ဒါ့အပြင် နံနက်စောစော
အိပ်ရာထစမှာ ကိုယ်ခန္ဓာကနေ steroid ဟော်မုန်းတွေ ထွက်တာကြောင့် လူကို လန်းဆန်းစေတဲ့အပြင်
အားအင်တွေလည်း ရှိစေပါတယ်။ ယာဉ်အသွားအလာ နည်းခြင်းကြောင့်
အငွေ့အမှုန်အန္တရာယ်တွေမှ ကင်းဝေးပြီး အသက်ဝဝ ရှူသွင်းရှူထုတ် လေ့ကျင့်ခန်း
လုပ်ရာမှာလည်း ပိုပြီးသင့်တော်စေပါတယ်။ ဒါကြောင့်လည်း ဆောင်းတွင်းကာလမှာ
နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ သက်ရှည် ကျန်းမာရေးအတွက် နံနက်ခင်းတွေမှာ
လမ်းလျှောက်ဖို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လှုံ့ဆော်စည်းရုံး ပညာပေးနေခြင်းလည်း
ဖြစ်ပါတယ်။
မကြာခင်ကာလတွေမှာလည်း စုပေါင်းလမ်းလျှောက်ပွဲတွေကို နေရာအနှံ့စည်ကားစွာ
ပြုလုပ်ကြတော့မှာဖြစ်ပြီး နေ့စဉ်အချိန်မပေးနိုင်ရင်တောင် တစ်ပတ်မှာတစ်ကြိမ် အများနဲ့အတူ
ပါဝင်လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ရောခန္ဓာ ကျန်းမာရွှင်လန်းစေမယ့် အခွင့်အရေးကို
လက်လွှတ်မခံဘဲ ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းလိုပါတယ်။
ငယ်စဉ်ကတည်းကနေ အခုချိန်ထိ ကြားနေသိမြင်နေရတဲ့ “စောစောအိပ်လို့
စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူတစ်ဦးချင်း တစ်ယောက်ချင်းစီက
ကျန်းမာရေးအသိနဲ့ နံနက်ခင်းတိုင်း လမ်းလျှောက်ပေးခြင်းဖြင့် မိမိကိုယ်တိုင်လည်း
ကျန်းမာကာ မိသားစုတာဝန်အပြင် တိုင်းကားပြည် ရွာအကျိုးကိုပါ ထမ်းဆောင်နိုင်တဲ့
ကျန်းမာသန်စွမ်း သက်ရှည်သော နိုင်ငံ့သားကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြု
ရေးသားလိုက်ရပါသည်။ ။



No comments:
Post a Comment