Saturday, November 26, 2022

သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ပါ

 


တင်ထက်ထက်ဇော်

မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ်ဖြစ်ကြောင်း သိရသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေ များကောင်းမွန်လည်ပတ်အောင် နေ့စဉ်လမ်းမှန်မှန်လျှောက်ခြင်းကလည်း အဓိကကျပါသည်။ WHO မှ ထုတ်ပြန်ကြေညာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ချို့တဲ့ခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ နှစ်သန်းခန့်ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာမသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

ကျန်းမာကြံ့ခိုင်နေသူတစ်ဦးသည် အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ လူတိုင်းတွင် မွေးရာပါစွမ်းဆောင်ရည်များပါလာကြသည်။ သို့သော် ကျန်းမာနေမှသာလျှင် ထိုစွမ်းဆောင်ရည်များကို အပြည့်အဝအသုံးချ နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းအတွက် ကျန်းမာရေးသည် ပထမ၊ ကျန်းမာရေးသည် ဒုတိယ၊ ကျန်းမာရေးသည် တတိယဖြစ်နေခြင်းဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်ရေးအတွက် ငွေကုန်ကြေးကျသက်သာသည့် အလွယ်ကူဆုံးလေ့ကျင့်ခန်းသည် လမ်းလျှောက်ခြင်းဖြစ်ပါသည်။

ကမ္ဘာ့အိုလံပစ်ပွဲတော် စတင်ပေါက်ဖွားရာ ဂရိနိုင်ငံ၏ ကမ်းခြေကျောက်သား ကမ်းပါးတစ်ခုပေါ်မှာ -

သင်ကျန်းမာချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်ဉာဏ်ကောင်းချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

သင်လှချင်ပါသလား။

သင် - လမ်းလျှောက်ပါ။

ဟူသော ကမ္ပည်းရေးထိုးထားသည်မှာလူသားအားလုံးအတွက် မှတ်သားနာယူဖွယ်ဖြစ်ပေသည်။

အားကစားလေ့ကျင့်နည်းအမျိုးမျိုးရှိကြရာ ၎င်းတို့အနက် “လမ်းလျှောက်ခြင်း”က အရွယ်သုံးပါးမရွေး အထူးသင့်တော်သည့် လေ့ကျင့်ခန်းဖြစ်ပါသည်။ ထို့ကြောင့် အင်္ဂလိပ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ William Cubitt ဆိုသူက ရာသီအချိန်အခါမရွေး လမ်းလျှောက်နိုင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ၁၈၁၈ ခုနှစ်မှာ Treadmills (ခေါ်) ဆုံလည်ဒေါင်လိုက် ဘီးတပ်ထားသည့် လှေကားထစ်ပုံစံ လမ်းလျှောက်စက်ကို စတင်တီထွင်ပေးခဲ့ပါသည်။ ယနေ့ အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ခေတ်မီနေသော ကမ္ဘာ့နိုင်ငံကြီးများ၏ဆေးရုံကြီးများတွင် လမ်းလျှောက်စက်များထားရှိကာ နာတာရှည်ဆီးချိုရောဂါ၊ နှလုံးနှင့် အဆုတ်ဝေဒနာသည်များကို လမ်းလျှောက်စေသည့် လေ့ကျင့်ခန်းကုထုံးအဖြစ် အောင်မြင်စွာ ကုသလျက်ရှိနေကြပါသည်။

“လမ်းလျှောက်ခြင်း” သည် လူတိုင်းလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းဖြစ်သလို ငွေကြေးကုန်ကျမှုမရှိ၊ ကရိကထလည်း မများသည့်ပြင် အလွယ်ကူဆုံးဖြစ်သောကြောင့် မိမိတစ်ဦး တည်းဖြစ်စေ၊ မိသားစု (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများနှင့် အုပ်စုလိုက်ဖြစ်စေ၊ အိမ်မွေးခွေးလေးများနှင့်ဖြစ်စေ လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်နိုင်ပါသည်။ ကျန်းမာခြင်းဟူသော ဆုလာဘ်သည် ငွေကြေးဖြင့်ဝယ်ယူ၍ရသော ပစ္စည်းမဟုတ်ပေ။

လူတိုင်းလူတိုင်း မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာနေမှလည်း စိတ်ချမ်းသာနိုင်မည် ဖြစ်ပေသည်။

လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းသည် ရောဂါကင်းဝေးကျန်းမာစေပြီး အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ပေရာ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို အောက်ပါအတိုင်း အသိပေးမျှဝေလိုပါသည်။

နှလုံးအားကောင်းစေပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော HDL ကိုလက်စထရောများကို သဘာဝအလျောက်မြှင့်တင်ပေးပြီး မကောင်းသော LDL ကိုလက်စထရောများကို လျှော့ချပေးပါသည်။ နှလုံးသွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် နှလုံးကိုကျန်းမာစေပါသည်။

ပျမ်းမျှ တစ်နေ့လျှင် ဘတ်စ်ကား ခုနစ်မှတ်တိုင်အကွာအဝေး (သို့မဟုတ်) ၎င်းထက်ပို၍ လမ်းလျှောက်သူများသည် သီတင်းတစ်ပတ်လျှင် ပျမ်းမျှ ဘတ်စ်ကားငါးမှတ်တိုင် အကွာအဝေးခန့်သာ လျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင် သည့်အန္တရာယ် ၃၆ ရာခိုင်နှုန်း လျော့နည်းပြီး လေဖြတ်နိုင်သည့်အန္တရာယ်မှလည်း ၅၄ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။ ထို့ပြင် လမ်းလျှောက် သည့် အမြန်နှုန်း(သို့မဟုတ်)အကွာအဝေးပိုများသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်လျော့နည်းကြောင်း၊ ရက်သတ္တတစ်ပတ်လျှင် မိနစ် ၃၀ ကြာ လမ်းလျှောက်နိုင်မည်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း နည်းပါးသွားကြောင်း လေ့လာမှတ်သားရပါသည်။

လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကျဆင်းသွားစေပြီး ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ရုံမျှဖြင့် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ကာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုလည်း အားကောင်းလာစေပါသည်။ သွေးတိုးနှင့်လေဖြတ်ခြင်းမှကာကွယ်စေပါသည်။ တစ်နေ့လျှင် နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းက သွေးတိုးရောဂါမဖြစ်စေတော့ပေ။ ထို့ပြင် သွေးတိုးရောဂါနှင့် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။

လမ်းလျှောက်နေချိန်တွင် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် များများလိုအပ်ခြင်းကြောင့် အသက်ပိုရှူရသဖြင့် အဆုတ်၏ လုပ်ဆောင်ချက်များ ပိုကောင်းလာပါသည်။ ရောဂါဝေဒနာဆိုးများမှ တားဆီးပေးနိုင်ပါသည်။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေ အလားအလာကို ၆၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးသည့် အပြင် ရက်သတ္တပတ်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိဆဲလ်များကို အားကောင်းစေပြီး အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စသည့် ကုသရန်ခက်ခဲသောရောဂါ ဆိုးကြီးများဖြစ်နိုင်ခြေအလားအလာကိုပါ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း The British Medical Journal (ခေါ်) ဗြိတိန်ကျန်းမာရေးဂျာနယ်တွင် ဖော်ပြထားပါသည်။

ကြွက်သားများ ကျစ်လျစ်လာစေပါသည်။ လမ်းလျှောက်ခြင်းက ပြင်းထန်သော လေ့ကျင့်ခန်းမဟုတ်သဖြင့် ကြွက်သားနာကျင်မှုမဖြစ်စေနိုင်ပေ။ ထို့ကြောင့် အနာတရဖြစ်ပေါ်ခြင်း၊ နောက်တစ်နေ့ လမ်းထလျှောက်ဖို့အတွက် ကြွက်သားနာ၍မလျှောက်နိုင်ခြင်းမျိုးလည်း မဖြစ်စေနိုင်ပေ။

တစ်နေ့ ခြေလှမ်းရေ ၁၀၀၀၀ ခန့် လမ်း လျှောက်ပေးရုံမျှဖြင့် ရနိုင်ပါသည်။ ၎င်းထက်ပိုပြီး ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ချင်သူဖြစ်ပါက တောင်တက်လမ်းလျှောက်ခြင်း ပြုလုပ်ပါ။ ထို့ပြင် စက္ကန့် ၃၀ မှ တစ်မိနစ်၊ နှစ်မိနစ်အထိ ခပ်မြန်မြန် လမ်းလျှောက်ပြီး တစ်ဖန်ပုံမှန်လမ်းလျှောက်ခြင်း၊ ထို့နောက် ခပ်မြန်မြန် ပြန်လည်လမ်းလျှောက်ခြင်းကလည်း ကြွက်သားများကို ထိထိရောက်ရောက်သန်မာစေပါသည်။ ဦးနှောက်ကို ကောင်းကျိုးပြုပါသည်။ အင်္ဂလန်နိုင်ငံတွင် အသက် (၆၅) နှစ်နှင့်အထက် အမျိုးသား အမျိုးသမီးကြီးများကို ရက်သတ္တပတ်လျှင် ခြောက်မိုင်ကျော်မျှ လမ်းလျှောက်စေခဲ့ရာ စိတ်ဖိစီးမှုများ မရှိတော့ဘဲ ယခင်အခြေအနေထက် မှတ်ဉာဏ်စွမ်းရည်ပမာဏ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်လာကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ လမ်းလျှောက်နေစဉ်တွင် ကြွက်သားများက အရိုး များကိုဆွဲတင်ပေးပြီး ရွေ့လျားမှုဖြစ်ပေါ်စေသဖြင့်အရိုးများကို ပိုမိုသန်မာစေပါသည်။ စိတ်ဖိစီးမှု ဖြစ်စေသော ကော်တီဇောဟော်မုန်းသည် အရိုးများ၏သိပ်သည်းဆကို လျော့ကျစေပြီး အရိုးပွရောဂါကို ဖြစ်စေတတ်သည်။ လမ်းများများလျှောက်ခြင်းဖြင့် ကော်တီဇောပမာဏ လျော့ကျသွားစေနိုင်သဖြင့် အရိုးပွခြင်းကို သက်သာလာစေသည်။ အထူးသဖြင့် သွေးမဆုံးခင်နှင့် သွေးဆုံးပြီးစအမျိုးသမီးများ အရိုးပွရောဂါမဖြစ်ရလေအောင် လမ်းမှန်မှန်လျှောက်ပေးဖို့ အထူးလိုအပ်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းက အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေသဖြင့် အဆစ်အမျက်ရောင်ဝေဒနာသည် များလည်း လမ်းလျှောက်လေ့ကျင့်ခန်းမှန်မှန် လုပ်သင့်ပါသည်။

ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပါသည်။ လမ်းလျှောက်သည့်အခါ ခန္ဓာကိုယ်ကိုမတ်မတ်ထား၍ ရင်ကိုဖွင့်ကာ သက်သောင့်သက်သာအနေအထားဖြင့် ပခုံးနှစ်ဖက်ကိုဖြေလျှော့ပြီး လက်နှစ်ဖက်ကို ဟန်ချက်ညီညီ အားရပါးရလွှဲလျှောက်ပေးရပါမည်။ ထိုကဲ့သို့ နည်းစနစ်မှန်မှန် လမ်းလျှောက်ခြင်းက ရင်ဘတ်ကြွက်သားများကို ကျစ်လျစ်လာစေသလို ခါးတစ်ဝိုက်ရှိ အဆီပိုများကိုပါ ဖယ်ရှားပေးနိုင်သဖြင့် ခန္ဓာကိုယ်အချိုးအစား ကိုပြေပြစ်သွားစေပါသည်။ ဗီတာမင်ဒီရရှိစေပါသည်။ အရိုးကျန်းမာရေးအတွက် ဗီတာမင်ဒီဓာတ်ကို မရှိမဖြစ်လိုအပ်ပါသည်။ နံနက်ပိုင်း နေရောင်ခြည်နုနုအောက်တွင် နေပူစာလှုံရင်း လမ်းလျှောက်ခြင်းက ဗီတာမင်ဒီဓာတ် အပြည့်အဝရရှိစေမည်ဖြစ်ပါသည်။ ခွန်အားရရှိစေပါသည်။ ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှု အားကောင်းစေကာ ခန္ဓာကိုယ်အနှံ့အပြားရှိ ဆဲလ် များဆီသို့ အောက်ဆီဂျင်ရောက်ရှိသွားစေ၍လူကို လန်းဆန်းပေါ့ပါးသွားသည်။

နေ့စဉ် ပုံမှန်လမ်းသွက်သွက်လျှောက်ခြင်းကြောင့် ကျန်းမာပျော်ရွှင်မှုကိုဖြစ်စေသည့် အန်ဒေါ်ဖင်ဟော်မုန်းများလည်း ပိုမိုထွက်ရှိလာပါသည်။ လေကိုတစ်ဝကြီးရှူရှိုက်၍ ခပ်သွက်သွက် လမ်းလျှောက်ခြင်းက စိတ်၏ထွက်ပေါက်ဖြစ်စေနိုင်သောကြောင့် အချိန်တိုအတွင်းမှာပင် စိတ်ဖိစီးမှုများကို ပြေပျောက်သွားစေပါသည်။ မျက်စိတိမ်အားကို လျော့ကျသွားစေသဖြင့် မျက်စိတိမ်စွဲခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာနုပျိုစေပါသည်။ အရေပြားသို့ သွေးစီးဆင်းမှုအားတိုးသွားစေပြီး အရေပြားဆဲလ်များကို အာဟာရဖြစ်စေကာ ကျန်းမာနုပျိုသောအသွင်ကို မလွဲမသွေဖြစ်ပေါ်လာ စေပါသည်။ အကျိုးရလဒ်အဖြစ် ကျန်းမာနုပျိုခြင်းကို ပိုင်ဆိုင်နိုင်ပါမည်။

သတိပြုရန်

နံနက်ခင်းစောစော လမ်းထလျှောက်သည့်အခါတစ်ဦးတည်းလျှောက်ခြင်းထက် အနည်းဆုံး လမ်းလျှောက်ဖော်တစ်ယောက်ပါလျှင် ပို၍ကောင်းပါသည်။ သက်သောင့်သက်သာရှိစေသော ဖိနပ်ကိုဝတ်ဆင်ခြင်းက ခြေထောက်နာ၊ ခြေထောက်ကွဲအက်ခြင်းကို မဖြစ်စေတော့ပေ။ ချွေးစုပ်နိုင်သော ချည်သားစစ်စစ် အဝတ်အထည်များဝတ်ဆင်ပါ။ လမ်းလျှောက်ပြီးနောက် ရေများများသောက်ပါ (သို့မဟုတ်) ရေဘူးဆောင်ထားပါ။

ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် နံနက်စောစောထ လမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ် ဆောင်းရာသီတွင် ကျင်းပလျက်ရှိပါသည်။ ထို့ပြင် အခြားသောစုပေါင်း အားကစားလှုပ်ရှားမှုများကိုလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာစေရန်၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် နိုင်ငံတော်အစိုးရ၏  ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့အတွက်ကိုလည်း ပြည်သူ့ကျန်းမာရေး ဗဟိုပြုဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်မှုများစွာတို့ကို ဘက်ပေါင်းစုံမှနေ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါသည်။ ထိုမျှမက “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”အသိဖြင့်ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲတို့ကိုလည်း အခါအားလျော်စွာ ကျင်းပပေးလျက်ရှိပါသည်။

အမှန်စင်စစ် လမ်းလျှောက်သည်ဆိုရာဝယ် ဆောင်းရာသီတစ်ခုတည်းသာမက နွေရောမိုးပါ ဥတုရာသီချိန်ခါမရွေး လမ်းမှန်မှန်လျှောက်သော အလေ့အထကောင်းကို မွေးမြူသင့်ပါသည်။ မည်သို့ ပင်ဆိုစေကာမူ မိမိကိုယ်တိုင် တကယ်ကျန်းမာချင်ပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်ချင်စိတ်ရှိပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်တတ်ပါမှ၊ ကျန်းမာရေးအသိသတိဖြင့် ဇွဲလုံ့လရှိပါမှ ရောဂါဘယကင်းဝေး၍ တကယ် ကျန်းမာနိုင်မည် ဖြစ်ပေသည်။

ယခုအခါတွင် ကိုဗစ်-၁၉ ကူးစက်မှုကိုရှောင်ရှားနိုင်ရန် လူခြေတိတ်သည့် အချိန်များဖြစ်သည့် နံနက်စောစော သို့မဟုတ် ညစာစားပြီး နောက်ပိုင်းအချိန်များတွင် မိမိရပ်ကွက်၊ လမ်းသွယ်များအတွင်း လမ်းလျှောက်လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါသည်။ သွားလာရန်အခက်အခဲရှိသူများအနေဖြင့် အိမ်ခြံဝင်းအတွင်းလှည့်ပတ်၍ လျှောက်နိုင်ပါသည်။ အိမ်ထဲမှာပင် အိမ်ရှေ့အိမ်နောက်ဖေး လမ်း လျှောက်နိုင်သလို အပေါ်ထပ်အောက်ထပ် လှေကား အတက်အဆင်းများလည်းပြုလုပ်နိုင်ပါသည်။

သို့ပါ၍ ဆောင်းရာသီကာလ တစ်ခုတည်းမဟုတ် နေ့စဉ်ဘဝမှာ မိမိအဆင်ပြေနိုင်သည့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လမ်းလျှောက်ခြင်းကို ဖန်တီးလုပ်ယူကာ သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။

No comments:

Post a Comment