ပြေအေးသက်
မကြာမီ မြန်မာနိုင်ငံ၏ ဒီဇင်ဘာအားကစားလပင် ရောက်ရှိတော့မည်ဖြစ်သည်။ အမှန်ကတော့ အားကစားလတွင်သာမက ကျန်သည့်လများတွင်လည်း အားကစားလှုပ်ရှားသင့်ပေသည်။ ထိုအချက်ကို သိနေသောတာဝန်ရှိသူများသည် ရေဒီယိုခေတ်ကတွင်ပင်မက ယခု တီဗွီခေတ်ထိတိုင်အောင် နံနက်ချိန်ခါ အားကစားလှုပ်ရှားမှုလေ့ကျင့်ခန်းများ ထုတ်လွှင့်ပြသတိုက်တွန်းလျက်ရှိနေသည်။ အချို့နိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဝင်ချိန်မတိုင်မီ ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်ပြီးမှသာ လုပ်ငန်းခွင်သို့ဝင်ကြသည်။ ထိုအခါ လုပ်ငန်းခွင်ဝင်မည့်သူများ၏ ကိုယ်စိတ်ကျန်းမာရေးသာမက လုပ်ငန်းခွင်အတွက်လည်း အကျိုးကျေးဇူးများစွာရရှိပြီး ကုန်ထုတ်လုပ်မှုပါတိုးတက်စေကြောင်း အထောက်အထားများရှိပေသည်။
ကိုယ်လက်လှုပ်ရှားအားကစားသည် ကျန်းမာရေးနှင့်
တိုက်ရိုက်အချိုးကျနေသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ ကျန်းမာရေးအားနည်းလာပြီဆိုလျှင်
ကိုယ်လက်လှုပ်ရှားပြုမှုနည်းပါးလာပြီဖြစ်ကြောင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်လိုလာပြီဖြစ်ကြောင်း
ခန္ဓာကိုယ်က သတိပေးလာပြီဖြစ်သည်။ သတိပေးပုံအမျိုးမျိုးရှိနေသော်လည်း တချို့သတိပေးမှုများသည်
ခပ်ဖြည်းဖြည်း ခပ်လေးလေး သာလာနေသဖြင့် လူတို့သည် လုပ်ငန်းကိုင်ငန်းများနှင့် ရှုပ်ထွေးနေမှုများကြောင့်
မသိသာလှပါ။ သိသာလှသည့်အချို့အချက်များအနေဖြင့် ခါးများဝတုတ်လာခြင်းနှင့် လှုပ်ရှားမှုများနှေးကွေးလာခြင်းတို့သည်
ကနဦးအချက်များဟုဆိုလျှင် မှားနိုင်မည်မထင်ပါ။
ထိုသို့ဆိုလျှင် ကိုယ်လက်လှုပ်ရှားလုပ်ရတော့မည်ဖြစ်သည်။
ဤသို့ဆိုလျှင် ဘယ်လိုကိုယ်လက်လှုပ်ရှားမှုတွေလုပ်မလဲ။ ဘယ်လောက်လုပ်ရင်သင့်တော်မလဲ။
ကိုယ်လက်လှုပ်ရှားမှုနှင့်အညီ အစားအသောက်ကလည်း သင့်တင့်မျှတဖို့ရာ လိုအပ်လာသည်ဆိုသည်ကိုတော့
ဆွေးနွေးရန်လိုအပ်မည်ဟုထင်ပါသည်။ လူတို့သည်အစား အသောက်ကို အာဟာရဖြစ်ဖို့ထက် ဗိုက်ဝရန်
စားကောင်းရန် ခံတွင်းတွေ့ရန်ကိုသာ ဦးစားပေးလျက်ရှိနေကြတော့သည်။ စားသောက်ဆိုင်များ မှိုလိုပေါက်နေသည့်အပြင်
ညနေစာစားပွဲယဉ်ကျေးမှုကလည်း ထွန်းကားနေပေရာ စားသောက်ခြင်းအမှုကို လက်ခုပ်တီးအားပေးနေသလိုဖြစ်နေသည်။
ထို့ပြင် ဟော့ပေါ့အဝစားဆိုင်များကလည်း လူအများကိုပိုမိုစားသုံးစေဖို့ လက်ယပ်ခေါ်နေသလိုပါ။
အဝစားမှပေးရမည့်ငွေကြေးနှင့် လိုက်လျောညီထွေဖြစ်စေရန် လူများအစားပိုစားရန် ဖြစ်လာကြဟန်တူသည်။
ကိုယ်လက်လှုပ်ရှားအားကစားပုံရိပ်များ
ရှေးမြန်မာဘုရင်များလက်ထက်တွင် ဆင်ခင်း၊
မြင်းခင်း၊ လှေခင်းတို့နှင့်အတူ ဆင်ရေး၊ မြင်းရေး၊ လှေထိုးလှေလှော်များသာမက လက်လှဲ၊
နပန်း၊ လက်ဝှေ့၊ ဓားခုတ်၊ မြားရေး၊ လှံရေးတို့အပြင် ပြည်သူအကြားတွင် လှေလှော်၊ ခြင်းလုံး၊
လွန်ဆွဲ စသည့် အားကစားတို့သာမက ကလေးသူငယ်များကြားတွင် ကစားခုန်စားရိုးရာအားကစားနည်းများ
ထွန်းကားခဲ့ကြသည်။ ဇာတိမာန်ဇာတိသွေးတို့ဖြင့် စိတ်ဓာတ်တက်ကြွဖွယ်ရာ လှုပ်ရှားမှုများအားလုံးတို့သည်
ကိုလိုနီခေတ်နှင့်အတူ ကွယ်ပျောက်ခဲ့ကြရသည်။ အားကစားသည်လည်းအခြားအရေးများ နည်းတူစွာမျက်နှာငယ်ခဲ့ရပေသည်။
လွတ်လပ်ရေးမရခင်က မြန်မာလူမျိုးထဲမှ ပထမဦးဆုံးသော
အိုလံပစ်ပြိုင်ပွဲဝင်ခဲ့သူ အလေးမအားကစားသမား ဦးဇော်ဝိတ်နှင့် နည်းပြကာယဗလဦးရှိန်တို့သည်
၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း အိန္ဒိယအားကစားသမား
အဖွဲ့ဝင်အဖြစ်သာ သွားရောက်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ဦးဇော်ဝိတ်သည် ကိုလိုနီခေတ်သခင်နိုင်ငံရေးသမားများနှင့်အတူ
ကာယဗလအားကစားကို မြန်မာလူငယ်များလိုက်စားအောင် လှုံ့ဆော်ခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်တွင်မှ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လန်ဒန်အိုလံပစ်ကို မြန်မာအားကစားသမားများသွားရောက်
ယှဉ်ပြိုင်နိုင်ခဲ့သည်။
ထို့နောက်တွင်တော့ ၁၉၆၂ ခုနှစ်တွင် ဒုတိယအကြိမ်
အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပြီး နိုင်ငံအလိုက်တွင်
ပထမနေရာရရှိအောင်မြင်ခဲ့သည်။ ၎င်းနောက် ၁၉၆၉ ခုနှစ်တွင် ပဉ္စမအကြိမ် အရှေ့တောင်အာရှ
ကျွန်းဆွယ်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။
နိုင်ငံအလိုက်အဆင့်တွင် ပထမနေရာအား ထိုက်တန်စွာထပ်မံရယူနိုင်ခဲ့သည်။ ထပ်မံ၍ ၂၀၁၃ ခုနှစ်တွင်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို တတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ်
လက်ခံကျင်းပနိုင်ခဲ့ပြီး နိုင်ငံအလိုက်အဆင့်တွင် ဒုတိယရရှိခဲ့သည်။
အဆိုပါအားကစားပွဲတွင် နိုင်ငံပေါင်း ၁၁
နိုင်ငံမှ အားကစားသမား ပေါင်း ၄၇၃၀ ခန့်က အားကစားနည်း ၃၃ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အားကစားသမား ၉၉၀ ဖြင့် နိုင်ငံ ၁၁ နိုင်ငံတွင် အင်အားအများဆုံးဖြင့်
ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။ မီးရှူးတိုင်ကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ
(၁) ရှေ့မှစတင်ထွန်းညှိခဲ့ပြီး ဖွင့်ပွဲကျင်းပရာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိရာ
ပင်မမီးရှူးတိုင်အထိ ကီလိုမီတာ ၃၂၀ သယ်ဆောင်ခဲ့သည်။ ပင်မမီးရှူးတိုင်ကို မြားပစ်အားကစားနည်းဖြင့်ပစ်လွှတ်၍
ထွန်းညှိခဲ့ကြသည်မှာ ရှေးအခါက ဆင်ရေး၊ မြင်းရေး၊ လှံရေး၊ မြားရေးတို့ကို သတိရဖွယ်ဖြစ်ခဲ့ရပေသည်။
တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု
တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှုသည် မိမိကိုယ်ကို
ကျန်းမာရေး တည်ဆောက်ခြင်းပင်ဖြစ်သည်။ သည်ထက်ထူးချွန်သူများကတော့ အဆင့်ဆင့်တက်၍ နိုင်ငံတော်အဆင့်အထိ
တက်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည်ဖြစ်သည်။ တစ်ကိုယ်ရေကျန်းမာရေးသည်ပင်
နိုင်ငံတည်ဆောက်ရေးဟု အဓိပ္ပာယ်ယူ၍ရသဖြင့် ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်နေခြင်းသည်ပင်
နိုင်ငံကိုအထောက်အကူပြုသော လုပ်ဆောင်မှုဟုဆိုရမည်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော
နိုင်ငံသားတိုင်း ကိုယ်လက်လှုပ်ရှားမှုများပြု၍ မိမိကိုယ်ကိုကျန်းမာအောင်နေထိုင်ခြင်းသည်
တစ်နည်းအားဖြင့် နိုင်ငံကိုကျန်းမာသောစိတ်၊ လန်းဖြာသောကိုယ်တို့ဖြင့် နိုင်ငံ့တာဝန်ကို
ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြခြင်းဟုဆိုရလျှင် မှားမည်မထင်ပါ။
ကျန်းမာသောသူတစ်ယောက်အဖို့ ကာယသုခ၊ စိတ္တသုခ၊
လူမှုရေး သုခဆိုသည့် သုခကြီးသုံးပါးနှင့်ပြည့်စုံကြရာ နိုင်ငံသည်လည်း သုခအပေါင်းနှင့်
ပြည့်စုံသောဘုံဗိမာန်ဟု ဆိုရချေမည်။ ထို့အတွက်ကြောင့် တစ်ကိုယ်ရေတစ်ကာယကျန်းမာကြံ့ခိုင်ရေး
ဂရုစိုက်ကြရခြင်းပင်ဖြစ်သည်။ လူတိုင်းပင် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ထင်ပေါ်ကျော်ကြား
ခြင်းတို့လိုချင်ကြပေသော်လည်း မကျန်းမာခဲ့ပါက ကျန်သည့်အရာနှစ်ခုတို့ အလကားဖြစ်ရချေသည်။
ကျန်းမာရေးချို့တဲ့လာပါက စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲသာမက လုပ်ငန်းလစ်ဟင်းမှု၊ ငွေကြေးကုန်ကျမှု၊
လူမှုရေး ဝန်တာများပါမကျေပွန်မှုတို့ ဖြစ်ပေါ်လာနိုင်ပေရာ စိတ်နှင့်ကိုယ်ကျန်းမာရေးမှာ
အထူးဂရုထားရပေမည်။ အာရောဂျံ ပရမံလာဘံ ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပင်ဖြစ်ချေတော့သည်။
ကျန်းမာခြင်းသည်လာဘ်တစ်ပါး
လူတွင် ကျန်းမာရေးမကောင်းက အသက်မရှည်နိုင်ပါ။
အသက်ထက် အရေးကြီးသောအရာမရှိသဖြင့် အသက်ကိုထိခိုက်နိုင်သော ကျန်းမာရေး၏ရေသောက်မြစ်ဖျားခံရာတွင်
ရောဂါဘယများရှိသလို ထိုရောဂါဘယများမမှီခိုနိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားမှုသည်လည်း
အဓိကနေရာမှ ပါဝင်ကြောင်းတွေ့ရှိရသည်။ ကိုယ်၏လက်ဝယ် ပိုင်ပိုင်နိုင်နိုင်ရရှိထားသည့်
ကျန်းမာခြင်းဆိုသည့်လာဘ်တစ်ခုကို အခြားမည်သည့်အရာနှင့်မျှ လဲလှယ်ရန်မှာ မပြုလုပ်သင့်ဟု
ယုံကြည်ရသော်လည်း ကိုယ်အပါအဝင်လူအများသည်လောဘ၊ဒေါသ၊ မောဟနောက်ကိုလိုက်ကြရင်းနှင့် မိမိတွင်ရှိနေသောလာဘ်ကို
မေ့နေကြသည်။
ကမ္ဘာကြီးကလည်း ခေတ်အလိုက် လူများကို
လက်ဆောင်သဖွယ်ကပ်ဆိုးရောဂါများကို ပေးဝေငှလျက်ရှိရာ ကာလဝမ်းရောဂါ၊ အဆုတ်နာတီဘီရောဂါ၊
ကျောက်ရောဂါ၊ အနာကြီးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ပိုလီယိုရောဂါ၊
အေအိုင်ဒီအက်စ် ရောဂါ၊ ကိုဗစ်-၁၉ရောဂါ စသည်ဖြင့် လူများကိုဒုက္ခအမျိုးမျိုးပေးလျက်ရှိသည်။
ထိုရောဂါအမွေဆိုးများသည် လူသားများ၏နဂိုရှိပြီးသားရောဂါများအပြင် အဆစ်ထည့်ပေးသည့်ရောဂါများအဖြစ်
ထပ်ပေါင်းပေးနေသဖြင့် လူသားများကို ရှိပြီးဒုက္ခများအပြင် ထပ်ပိုးဒုက္ခများဖြင့် အရောင်ဆိုးလျက်ရှိသည်။
လူသားတို့အနေဖြင့် ထပ်ပိုးရောဂါများကြောင့် အသက်ဆုံးရှုံးရမှုများ ပိုမိုများပြားနေသဖြင့်
သတိကိုနှစ်ထပ် ကွမ်း၊ သုံးထပ်ကွမ်းထားပါမှသာ ရောဂါဘယဖြစ်ပွားခြင်းမှ လွန်မြောက်ဖြတ်သန်းနိုင်မည်ဖြစ်သည်။
အားမှကစားပါ
အားမှကစားပါဆိုပြီး နောက်ပြောပြောနေသော
စကားတစ်ရပ်သည် လူမှုလောကတွင် အတော်တွင်ကျယ်ခဲ့ပြီး ထိုစဉ်က နှုတ်ဆက်ပဋိသံသာရစကားတွင်
“လှလို့ဝလို့ပါလား” ဆိုပြီး ခေတ်စားခဲ့သေးသည်။ မိမိကိုယ်နှိုက်ကိုယ်က ပုံ့တုံ့တုံ့ဖြစ်နေသောဗိုက်ကလေးကို
ဂုဏ်ယူဝင့်ကြွားစွာနှင့် ရှေ့သို့ပစ်၍လမ်းလျှောက်ခြင်းကို ဂုဏ်ယူခဲ့ဖူးသည်။ မိမိနှင့်အတော်အတန်ခင်သော
ကျောင်းနေဖက်သူငယ်ချင်း ခပ်ဝဝတစ်ယောက်ကလည်း “ဟေ့ကောင်စားနိုင်လို့ဝတာကွ။ မစားနိုင်တဲ့မောင်တွေမဝဘူး”
ဟု ဗိုက်ဋီကာဖွင့်ခဲ့ရာ မိမိမှာအားရရွှင်လန်းမိခဲ့ဖူးသည်။ ယခုအခါများတွင် အချိန်အခါများပြောင်းလဲကုန်ပြီဖြစ်၍
ပူနေသောဗိုက်ကိုလက်ဖြင့်အသာဖုံးရင်း ဖြတ်သန်းရသောနေ့ရက်များ များပြားလာသောအခါနှင့်
ရောဂါဆိုးတို့ကပ်ငြိမှုကိုခံယူလာရသောအခါ ဝိတ်လျှော့ခြင်း၊ ကျန်းမာရေးကို ဂရုစိုက်လာရခြင်းတို့
ဖြစ်လာရပေသည်။
အားမှကစားခြင်းမျိုးမဟုတ်ပါဘဲ တကယ်ကြီးကိုအစားအသောက်မျှတစွာနှင့်
နိုင်သလောက်အားကစားလေးတို့ကို တွဲလုပ်ဖြစ်လာသည်။ ထိုအခါ မိမိကိုယ်တွင် အခါကာလများစွာ
အကျအနနေရာယူခဲ့သော ကိုရွှေဗိုက်သည် တဖြည်းဖြည်းနှင့် နေရာပျောက်ရ ချေပြီ။ ယခင်က မတော်တော့သောအင်္ကျီနှင့်
ဘောင်းဘီတို့သည် မိမိထံတွင်နေရာပြန်ယူလာပြီး လှုပ်ရှားမှုများဖျတ်ဖျတ်လတ်လတ်ဖြစ်ကာနေလို့
ထိုင်လို့စားလို့သောက်လို့ကောင်းသည့်အနေသို့ ပြန်လည်ရောက်ရှိလာနေပြီဖြစ်သည်။ ကာကွယ်ခြင်းသည်
ကုသခြင်းထက်ပိုမိုကောင်းမွန်သည်မဟုတ်ပါလော။ ကိုယ်လက်လှုပ်ရှား အားကစားကို ဘယ်အချိန်မှာစလုပ်ရပါ့မလဲဟုမေးလျှင်
သင်ယခုအားကစားလုပ်ရန် သတိရသောအချိန်မှ စလုပ်ပါဟုဆိုရပါချေမည်။ မည်သည့်အားကစားမျိုး
“စ” ကစားရမလဲမေးသော် အကုန်အကျနည်းစရိတ်စက မထူသောလမ်းလျှောက်ခြင်းအားကစားဟု ဆိုရပေမည်။
အချိန်နှင့်နေရာဟုထပ်၍အမေးရှိသော် အိမ်တွင်း/ အိမ်ပြင်ဟုဆိုရပါမည်။ လျှောက်နိုင်သလောက်မှစပြီး
ကိုယ့်အချိန်အဆနှင့်ကိုယ်ဟုဆိုရပါမည်။ လုပ်နေရန်ကအဓိကပင် ဖြစ်မည်ထင်သည်။
အစားအစာဝါးစားပါ
ငယ်ငယ်ကသင်ခန်းစာပါ စကားလေးကို သတိရမိပြန်ပါသည်။
အလုပ်တာဝန်အရသော်လည်းကောင်း၊ အခြားကိစ္စများအရသော်လည်းကောင်း ထမင်းကိုညက်အောင်မဝါးစားမိသည့်အကြိမ်များ၊
အနပ်များများစွာရှိခဲ့ပါမည်။ အစာစားရာမှာအစာကို ကြေညက်အောင်ဝါးပြီးမျိုချမှသာ ဝမ်းဗိုက်ထဲမှ
အစာချေဖျက်မှုအင်္ဂါ များကို အထောက်အကူပြုရာရောက်မှာပါ။ ထို့ကြောင့် ရှေးဆိုရိုးတွင်
အစားအစာကို “ဆာမှစား ညက်အောင်ဝါး” ဟု ဆိုခဲ့သည်ကို သတိရမိသည်။ အူလမ်းကြောင်းသည် ၁၅
မိုက်ခရိုမီတာ (၁ မီလီမီတာကို ၁၀၀၀ စိတ်-၁၅ စိတ်စာ) အောက်အရွယ်မှသာ ကောင်းစွာစုပ်ယူနိုင်သည်။
သည့်ထက်အရွယ်ကြီးမားသောအစာများကို အူမှစုပ်ယူနိုင်ခြင်းမရှိသည့်အတွက် ခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ရမည်။
အစာကိုကြေညက်အောင်မဝါးလျှင် စားလိုက်သောအစာ၏ ၁၀ ပုံတွင် သုံးပုံလောက်သာ ခန္ဓာကိုယ်မှစုပ်ယူနိုင်မည်။
ထိုအခါ စားသမျှအာဟာရမဖြစ်ဟု ဆိုရချေမည်။
အစာကိုကြေညက်စွာဝါးစားခြင်းဖြင့် အရသာခြောက်ပါးခွဲစိတ်၍
အာရုံကြောများမှတစ်ဆင့် ဝမ်းတွင်းအစာအိမ်သို့မရောက်မီ သြဇာဓာတ်အစွမ်းများကို ပျံ့နှံ့စေသည်။
သြဇာဓာတ်ကို “ သြဇောတိ တိက္ခစဏ သဘာဝေါ” ဟု ဆိုရိုးရှိရာ အစားအစာကိုကြာကြာဝါးမှ သြဇာပွားမည်။
သြဇာပွားမှ ထက်မြက်မှုအကျိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသြဇာဓာတ်များသည် ခန္ဓာကိုယ်အတွက်လွန်စွာသန့်ရှင်းခြင်း၊
အလွန်အမင်းအစွမ်းထက်ခြင်း၊ လျင်မြန်စွာပျံ့နှံ့ခြင်း၊ လျင်မြန်စွာခွန်အားရှိခြင်း စသည့်ကောင်းကျိုးများကိုပေးသည်။
အစာတော့စားပါရဲ့ နည်းလမ်းမမှန်ဘူးဆိုလျှင်လည်း ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရများကို
ပေးစွမ်းနိုင်မည်မဟုတ်ပါ။ ကျန်းမာအသက်ရှည်ရန် အစာစားနည်းကလည်း အရေးကြီးလှပေသည်။
အသက်
၁၂၀ ရှည်စေသော်ဝ်
အသက်ရှည်စွာအနာမဲ့ခြင်း၏အချက်များမှာ
ကိုယ်လက်လှုပ်ရှားမှုအားကစားနှင့်အတူ အစားအသောက်များကို ရွေးချယ်စားသောက်မှုနှင့် နည်းလမ်းတကျစားသောက်နေထိုင်မှုစနစ်တို့ကလည်း
အထောက်အကူပြုနေပြီး ကျန်းမာသောခန္ဓာကိုယ်က လန်းရွှင်သောစိတ်ကို ဖြစ်စေနိုင်သည်မို့
မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် မျှော်မှန်းသက်တမ်း ၆၇ ဒသမ ၈ ကို ကျော်လွှားသွားနိုင်မှာပါ။
နိုင်ငံတစ်နိုင်ငံ၏လူသား ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းကို တိုင်းတာသည့်နေရာတွင်
အကြောင်းအရာသုံးခုကိုအခြေခံပြီး တိုင်းတာရာမှာနိုင်ငံသားများ၏ သက်ရှည်ကျန်းမာမှုအခြေအနေ
Long and Healthy Life ကလည်း ရှေ့တန်းမှပါဝင်နေပါသည်။ မျှော်မှန်းသက်တမ်းမြင့်မားစေရေးအတွက်
လွှမ်းမိုး နေသည့်အချက်များကို တာဝန်ရှိသူများနှင့် ကိုယ်တိုင်ကပါပါဝင်လှုပ်ရှားကြရန်
လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးနေမှုက သိသာထင်ရှားနေပြီဖြစ်ပါ၍ လက်တွဲညီညီရှေ့သို့ချီကြရမည်ဖြစ်ပါသည်။
ဒီဇင်ဘာအားကစားလနှင့် နီးကပ်လာချိန်ဖြစ်၍
စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုသည့် လူထုလှုံ့ဆော်တေးသံလေးကို
အထူးသတိရမိသည်။ ထိုတီးလုံးလေးကို ငယ်စဉ်ကပင်စွဲမြဲခဲ့သည်မှာ ခုနေကာလထိပင် အမှတ်ရနေမိသည်။
လမ်းလျှောက်ခြင်းကို ဒီဇင်ဘာလသာမက ကျန်လများတွင်ပါ လိုက်နာကျင့်သုံးမည်ဆိုပါက ဆေးရုံ၊
ဆေးခန်းနှင့် ခပ်ဝေးဝေးတွင်နေနိုင်မည်ဖြစ်သည်။ မိမိသည်လည်း အထိုင်များသောအလုပ်မို့
အနှီကိစ္စကိုတော့ ထိပ်တန်း အရေးကြီးကိစ္စပမာဆောင်ရွက်သွားရန် ရင်ထဲတွင်ကိုယ့်ဘာသာကိုယ်အဓိဋ္ဌာန်ပြုနေမိသည်။
“နောက်မကျသေးပါ၊ အခုစလျှင်ပင် ပထမ” ဟု မိမိ၏အသက် ၁၂၀ ရှည်စေသော်ဝ်ဆိုသည့်ဇာတာပါအတိုင်း
အသက်ရှည်စွာ အနာမဲ့စေကြောင်းကို အထောက်အကူပြုမည့် “ကိုယ်လက်လှုပ်ရှားအားကစားတို့များပီပြင်
ပါဝင်စေချင်” ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment