Monday, November 21, 2022

ကမ္ဘောဇသာဒီနန်းတော်နေရာမှ တူးဖော်ရရှိသော တန်ဖိုးကြီးမား သမိုင်းအထောက်အထားများ

 


မောင်ယဉ်ညွန့်

ကမ္ဘောဇသာဒီနန်းတော်သမိုင်း

ကမ္ဘောဇသာဒီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းလက်ထက်က တည်ဆောက်ခဲ့သောနန်းတော်ဖြစ်သည်။ ကမ္ဘောဇသာဒီနန်းတော်ကို မြန်မာသက္ကရာဇ် ၉၁၅ (ခရစ်နှစ် ၁၅၅၃ ခုနှစ်) တွင် တည်ဆောက်ခဲ့ကြောင်း၊ နန်းတော်တည်ဆောက်ရာမြေကို ကမ္ဘောဇသာဒီဟုသမုတ်ခဲ့ကြောင်း၊ နန်းတော်ဝန်းကျင်တွင် မင်းမိဖုရားအိမ်တော်၊ ကိုယ်လုပ်မောင်းမတို့အိမ်၊ ရွှေတိုက်၊ ငွေတိုက်၊ ကြေးတိုက်၊ ပုဆိုးတိုက်တို့ကို ဆောက်လုပ်ကြောင်း မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။ ကမ္ဘောဇသာဒီဟု အမည်သမုတ်ခဲ့ရခြင်း၏အကြောင်းရင်းမှာ ကမ္ဘောဇ-ရှမ်းပြည်တစ်ခွင် အေးချမ်းစေခြင်းဟူသော အဓိပ္ပာယ်ဖြင့် အမည်သမုတ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင်အချို့က ဆိုသည်။

 






ကမ္ဘောဇသာဒီနန်းတော်တွင် ဘုရင့်နောင်မင်းတရားသည် ၂၈ နှစ်၊ သားတော်နန္ဒဘုရင်သည် ၁၇ နှစ် နန်းစံခဲ့ကြပြီးနောက် မြန်မာသက္ကရာဇ် ၉၆၁(ခရစ်နှစ် ၁၅၉၉ ခုနှစ်)တွင် တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်တပ်များ ပူးပေါင်းတိုက်ခိုက်ကြပြီး နန်းတော်ဆောင်များကို မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်းရှိ မြေနန်းပြာသာဒ်ဆောင်၊ ဘမရာသနဆောင်၊ မိဖုရား၊ မောင်းမတို့၏ အိမ်တော်စသည့်နန်းဆောင်များအားလုံး မီးလောင်ပျက်စီးသဖြင့် မီးလောင်ကျွမ်းထားသော ကျွန်းတိုင်ငုတ်တိုများသာ ကျန်ရစ်လေတော့သည်။ နှစ်ပေါင်းရာနှင့်ချီ၍ ကြာမြင့်လာသောအခါ ကျန်ရစ် သော ကျွန်းတိုင်ငုတ်တိုများကို မြေကြီးများဖုံးအုပ်ကုန်ကာ မြေကုန်းကြီးများ ဖြစ်လာသည်။ နောင်အခါတွင် နန်းတော်ရာဝင်း အတွင်းရှိ မြေနေရာများတွင်လည်းကောင်း၊ ရှေးဟောင်းကုန်းများပေါ်တွင်လည်းကောင်း၊ နေအိမ်များဆောက်လုပ်နေထိုင်ကြကာ ပဲခူးမြို့နန်းတော်ကုန်းရပ်ကွက်ဟူ၍ဖြစ်လာသည်။

နန်းတော်ရာပြန်လည်တူးဖော်ခြင်း

၁၉၉ဝ ပြည့်နှစ်တွင် ထိုစဉ်က အစိုးရအဖွဲ့အကြီးအကဲက ပဲခူးမြို့ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ဆောင်များကို အထောက်အထားခိုင်မာစွာရရှိလျှင် ရှေးမူမပျက်နန်းဆောင်များ ပြန်လည်တည်ဆောက်ရန်အတွက် အထောက်အထားများ တူးဖော်ရှာဖွေပေးရန် ရှေးဟောင်းသုတေသနဌာနကို ညွှန်ကြားလာပါသည်။ သုတေသနပြုတူးဖော်နိုင်ရန်အတွက် နန်းတော်ရာဝင်းအတွင်းမှ နေအိမ်များကိုဖယ်ရှားစေ၍ ဥဿာမြို့သစ်၌နေရာချထားပေးခဲ့သည်။

ဤသို့ဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနက နန်းတော်ရာဝင်းအတွင်းရှိ ကုန်းဟောင်းများကို ၁၉၉ဝ ပြည့်နှစ်တွင် ကုန်းအမှတ်(၁)မှစတင်၍ ကုန်းနံပါတ်များတပ်ကာ ဂရစ်ကွက်စနစ်ဖြင့် တူးဖော် သုတေသနပြုခဲ့ကြသည်။ ရှေးဟောင်းကုန်းတစ်ကုန်းပြီးတစ်ကုန်း တူးဖော်သုတေသနပြုခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ကုန်းအမှတ်(၇)ကို တူးဖော်ရာ၌ ထူးခြားသောသမိုင်းအထောက်အထားများ ဖော်ထုတ် တွေ့ရှိရသည်။ ထိုကုန်းကို တူးဖော်ရာတွင် မီးလောင်ကျွမ်းထားပြီး နေရာမပျက်တည်ရှိနေသည့် ကျွန်းတိုင်ပေါင်း ၁၇၆ တိုင်ကို တွေ့ရှိကြ ရသည်။ တွေ့ရှိရသော ကျွန်းတိုင်များကို ပန္နက်ပုံထုတ်ရေးဆွဲ ကြည့်သောအခါ ဘေးဝဲယာတွင် လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်၊ အလယ်တွင်စနုဆောင်နှင့် မြေနန်းပြာသာဒ်ဆောင်တို့၏ ပန္နက်ပုံကိုရရှိလေသည်။ ထိုပန္နက်ပုံများအပေါ်အခြေခံကာ ယနေ့ မြင်တွေ့နေရသော လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့်အလယ်တွင် စနုဆောင်နှင့် မြေနန်းပြာသာဒ်တော်ကြီးတို့ကို ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သစ်ထွင်းပန်းပုကျွန်းချပ်နှင့် ကျွန်းတိုင်များ

ထိုကုန်းအမှတ် (၇)မှာ သမိုင်းတန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းများရရှိခဲ့သည့် နန်းတော်ကုန်းဟုဆိုလည်း မမှားပါ၊ ထိုကုန်းကိုတူးဖော်ရာတွင် လက်ဝဲဝင်းဆောင်နေရာရှိ နန်းတော်ကျွန်းတိုင် တစ်တိုင်၏အောက်တွင် အလျားလိုက်ခံထားသော အလျား ၁၇ ပေ၊ အနံ ၁၉ ဒသမ ၂ လက်မနှင့် ထု ၃ ဒသမ ၈လက်မရှိသော ကျွန်းချပ်ကြီး တစ်ခုဖော်ထုတ်တွေ့ရှိရသည်။

အဆိုပါကျွန်းချပ်ကြီး၏ မျက်နှာတစ်ဖက်တည်းမှ အစွန်းတစ်ဖက်စီပေါ်၌ သစ်ထွင်းပန်းပုရုပ်ပုံ တစ်ပုံစီပါရှိသည်။ အစွန်းတစ်ဖက်ရှိ သစ်ထွင်းရုပ်ပုံမှာ နန်းပြာသာဒ်မှ စုလစ်မွမ်းချွန်ဟု ယူဆရသော အချွန်အတက်များပုံဖြစ်သည်။ အခြားအစွန်းတစ်ဖက်တွင် ပလ္လင်ပေါ်၌ထိုင်နေသော မင်းတစ်ပါးပုံ၊ ဘေးဝဲယာတွင် ထီးဖြူကိုကိုင်လျက်ထိုင်နေသော လူရုပ်ပုံနှစ်ပုံ၊ ထိုလူပုံတို့၏ အောက်ဖက်တွင် ကနုတ်ပန်းပုံများ ထွင်းလုပ်ပါရှိသည်။ ထိုသစ်ထွင်းပန်းပုရုပ်ပုံများသည် ဘုရင့်နောင်ခေတ်၏ ရှားပါးသော သစ်ထွင်းပန်းပုလက်ရာများဖြစ်သည်။

မြေနန်းပြာသာဒ်နေရာကို တူးဖော်ရာမှ အဆိုပါသစ်ထွင်းပန်းပုရုပ်များပါရှိသော ကျွန်းချပ်ကြီးအပြင် မြေကြီးထဲတွင် မူလနေရာအတိုင်းတည်ရှိနေသည့် မီးလောင်ကျွမ်းထားသော ကျွန်းတိုင် ၁၇၆ တိုင် ဖော်ထုတ်ရရှိခဲ့သည်။ အဆိုပါ ကျွန်းတိုင်တို့အနက် ကျွန်းတိုင် ၁၃၆ တိုင်တွင် စာများရေးထွင်းပါရှိသည်ကို တွေ့ရသည်။ ကျွန်းတိုင်ပေါ်မှစာများကို ဖတ်ရှုလေ့လာကြည့်သောအခါ ကျွန်းတိုင်များကိုပေးပို့သော မြို့ရွာအမည်များ ဥပမာ-ပြည်၊ သာယာဝတီ၊ လှိုင် (ဘောလယ်)၊ ဓနုဖြူ၊ ကောလင်း၊ တောင်သာ၊ မိုးကောင်း၊ ကသာ စသည်တို့ပါရှိသည်။ ကမ္ဘောဇသာဒီနန်းတော် ဆောက်လုပ်ရာတွင် မြို့ဝန်၊ မြို့စားစော်ဘွားများက ကျွန်းသစ်လုံးများ ဆက်သပေးပို့ကြရကြောင်း သမိုင်းအထောက်အထားဖြစ်သည်။ အချို့ကျွန်းတိုင်များ ပေါ်တွင်မှူးမတ်အမည်များ ဥပမာ-နေမျိုး ကျော်ထင်၊ လက်ယာ ရန္တသူ၊ ဗညားဒလ၊ အနန္တသူရိယ စသောအမည်များ ရေးထွင်းပါရှိသည်ကို တွေ့ရသည်။ အဆိုပါမှူးမတ်တို့က ကျွန်းတိုင်များပေးပို့ရာတွင် ကြီးကြပ်ကွပ်ကဲရသော ဘုရင့်နောင်၏ မှူးကြီးမတ်ကြီးများ ဖြစ်မည်ဟု ယူဆရသည်။

ဖော်ပြပါ (၁)သစ်သားပန်းပုရေးထွင်းပါရှိသော ကျွန်းချပ်ကြီးနှင့် (၂)ကမ္ပည်းစာများပါရှိသော ကျွန်းတိုင်တို့မှာ ထူးခြားသည့် သမိုင်းတန်ဖိုးရှိသော ရှေးဟောင်းမှတ်တမ်းအမွေအနှစ် (Documentary Heritage) များဖြစ်ပေသည်။

(၁) သစ်သားပန်းပုပုံများရေးထွင်းပါရှိသော ကျွန်းချပ်ကြီးသည်တူးဖော်ရာမှ ပေါ်ထွက်တွေ့ရှိသည့် မူရင်းလက်ရာဖြစ်၍ (Authenticity) အရတန်ဖိုးရှိခြင်း၊ ၁၆ ရာစု ဘုရင့်နောင်ခေတ်၏ ပန်းပုလက်ရာဖြစ်၍ ထူးခြားသော အနုပညာလက်ရာပစ္စည်း (Artistic significance)ဖြစ်ခြင်း၊ အနုပညာဆိုင်ရာရှားပါးသော ရှေးဟောင်းပစ္စည်း(Rare artistic antique object)ဖြစ်ခြင်း စသည်တို့ကြောင့် သမိုင်းတန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။

(၂) ကမ္ပည်းစာများရေးထွင်းပါရှိသော ကျွန်းတိုင်များမှာလည်းတူးဖော်ရာမှ ပေါ်ထွက်တွေ့ရှိရသော မူရင်းဘုရင့်နောင်ခေတ် လက်ရေးစာနှင့်လက်ရေးစာများဖြစ်ပေါ် တိုးတက်လာပုံကိုလေ့လာရာတွင် တန်ဖိုးရှိသောလက်ရေးစာ(Significance for Palaeographical study) ဖြစ်ခြင်း၊ ကျွန်းတိုင်စာတွင် ပါရှိသောမှူးကြီး၊ မတ်ကြီးတို့၏အမည်များမှာ ဘုရင့်နောင်၏ အုပ်ချုပ်ရေးသမိုင်းပြုစုရေးသားရာတွင် ကိုးကားရမည့် သမိုင်းတန်ဖိုးရှိသော မှတ်တမ်းအထောက်အထား (evidence of historical significance) ဖြစ်ခြင်းတို့ကြောင့် စာပါကျွန်းတိုင်များမှာ သမိုင်းတန်ဖိုးကြီးမားသော ရှေးဟောင်းပစ္စည်းများဖြစ်ကြသည်။

ဖော်ပြပါ အကြောင်းအချက်တို့ကြောင့် ဘုရင့်နောင်ခေတ် ပန်းပုရုပ်ပုံများပါရှိသည့် ကျွန်းပြားချပ်နှင့် ကမ္ပည်းစာများရေးထွင်းပါရှိသော ကျွန်းတိုင်တို့မှာ UNESCO-Memory of The Worldယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ဖြစ်နိုင်သော ရှေးဟောင်းပစ္စည်းများဖြစ်၍ ရှေးဟောင်းသုတေသနဌာန ပဲခူးဌာနခွဲမှ ညွှန်ကြားရေးမှူး အဆက်ဆက်တို့လက်ထက်တွင် စနစ်တကျထိန်းသိမ်းပြသထားရှိသည်ကို တွေ့ရသည်။

ပန်းပုပုံများပါသော ကျွန်းပြားချပ်နှင့် ရှေးဟောင်းစာများပါသော ကျွန်းတိုင်များကို အများပြည်သူလေ့လာကြည့်နိုင်ရန် လက်ဝဲဝင်းဆောင်ခန်းမ၊ လက်ယာဝင်းဆောင်ခန်းမတို့တွင် ခင်းကျင်းပြသထားသည်။ လာရောက်လေ့လာသူများ ဗဟုသုတရစေရန် စီစဉ်ပြသထားပုံမှာ စနစ်ကျလှသည်။ ပြတိုက်များ၊ နန်းတော်များ၊ ရှေးမြို့ဟောင်းများသည် ယဉ်ကျေးမှုအမွေအနှစ် ပညာဗဟုသုတဖြန့်ဖြူးရာနေရာ ဌာနများဖြစ်သည်ဟူသော ကမ္ဘာကျော်ပြတိုက်ပညာရှင်များ၏ အဆို အမိန့်များနှင့်အညီ ကမ္ဘောဇသာဒီနန်းတော်ဝင်းရှိ တူးဖော်မှုကုန်းများနှင့် စာပါကျွန်းတိုင်များ ထိန်းသိမ်းပြသထားရာနေရာဌာနတို့တွင် စိုက်ထူထားရှိသည့် သတင်းအချက်အလက်များ ရေးသားထားသော ဆိုင်းဘုတ်(Information board) များနှင့် စာပါကျွန်းတိုင်များ၏ အချက်အလက်များကို ဓာတ်ပုံနှင့်တကွပြသထားသည့် Label ကတ်များက လာရောက်လေ့လာသူများကို သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်ဗဟုသုတများ ဖြန့်ဝေပေးလျက်ရှိကြသည်။

လာရောက်လေ့လာသူများအနေဖြင့် သမိုင်းတန်ဖိုးကြီးမားသော ရှေးဟောင်းပစ္စည်းများကို လေ့လာရင်း ရွှေရောင်တဝင်းဝင်းနှင့် နန်းဆောင်များကို လှည့်လည်ကြည့်ရှုပါက ဗဟုသုတလည်း တိုးပွား၊ စိတ်ကြည်နူးမှုကိုလည်း ခံစားကြရမည်ဖြစ်သည်။ အားလပ်ရက်တွင် ကမ္ဘောဇသာဒီနန်းတော်ဝင်းသို့ လာရောက်ပြီး ရွှေရောင်တောက်ပ နေသော မြေနန်းပြာသာဒ်တော်ကြီးအတွင်း ပြသထားရှိသော သမိုင်း တန်ဖိုးကြီးမားလှသည့် ရှေးဟောင်းသစ်ထွင်းပန်းပုရုပ်ချပ်နှင့် စာပါရှိသောကျွန်းတိုင်များကို လေ့လာကြည့်ရှုသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပေသည်။

ကိုးကား-

(၁) မှန်နန်းမဟာရာဇဝင်တော်ကြီး(ဒုတိယတွဲ)

(၂) မှန်နန်းမဟာရာဇဝင်တော်ကြီး(တတိယတွဲ)

(၃) UNESCO Criteria for Memory of the World

No comments:

Post a Comment