ထက်ဝေအောင်(စစ်ကိုင်း)
မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေသဘာဝအလှများက ချစ်စရာကောင်းလှ သည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသား ထဲ စွဲထင်သွားခြင်းသာဖြစ်သည်။
ပြည်တွင်း/ ပြည်ပခရီးသွားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့်
နယ်မြေဒေသလေ့လာ လိုစိတ်၊ စွန့်စားသွားလာလိုစိတ်ဖြင့် ခရီးထွက်ကြသည်။ ခရီးသွားလာသူများအတွက်
ခရီးစဉ်ချောမွေ့မှုမှာ လိုအင်ဆန္ဒတစ်ခုဖြစ်သည်။ တောတောင်အလှသဘာဝကို လေ့လာခြင်း၊ ရှုမျှော်ခင်းများကို
ဓာတ်ပုံရိုက်ခြင်း၊ လူနေမှုသဘာဝကိုမှတ်တမ်း ပြုစုခြင်းများသည် ခရီးသွားအများစု၏ အဓိကအာသီသဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ခရီးဦးကြိုဆိုဖိတ်ခေါ်မှုကို လိုလားနှစ်သက်ကြသည်။ လုံခြုံသောခရီးစဉ်၊
သန့်ရှင်းသော အစား အသောက်၊ နွေးထွေးသော တည်းခိုဝန်ဆောင်မှုများကို တမ်းတကြသည်။ စိတ်လုံခြုံမှု၊
စိတ်ကျေနပ် မှုသည် လူတိုင်းလိုချင်သော ဆန္ဒနှင့်စိတ်ခံစားချက်သာဖြစ်သည်။ စိတ်အပန်းပြေသော
ခရီးတစ်ခု ဖန်တီးပေးနိုင်လျှင် စီးပွားရေးကိုဗဟိုပြု၍ နှစ်ဦးနှစ်ဖက် မိတ်ကောင်း ဆွေကောင်းဖြစ်သွားနိုင်သည်။
မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း
ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းဟုဆိုရပေမည်။
နိုင်ငံတစ်ဝန်းရှိ ခရီးသွားလာလည်ပတ်နိုင်သည့် ထင်ရှားသောနေရာများတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊
ကားအငှားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဒေသထွက်လက်ဆောင်ပစ္စည်း အရောင်းဆိုင်များဖြင့်
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ထွက်လည်ပတ်ကြသဖြင့်
မြို့ပြများသာမက ကျေးလက်တောရွာအထိပင် စီးပွားရေးအခြေခံကောင်းများ ရရှိပိုင်ဆိုင်လာကြသည်။
အကျိုးရလဒ်အနေဖြင့် ဒေသတွင်း ယဉ်ကျေးမှုအမွေများကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ခြင်းနှင့်
ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေသည်။
ခရီးသွားလုပ်ငန်းသည် လူအများပါဝင် ပတ်သက်လုပ်ကိုင်ရသော ဝန်ဆောင်မှုကို
အခြေခံသည့် လုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ဒေသတစ်ခု ဖွံ့ဖြိုးသည်နှင့် ဟန်ချက်ညီညီပင်
ဒေသခံပြည်သူ အများစု အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရရှိစေသည်။ မြန်မာနိုင်ငံတွင်
မြန်မာ့ရေမြေ တောတောင်သဘာဝနှင့် ဓလေ့စရိုက်များကို ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုသိရှိနားလည်စေရန်
ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ဖွံ့ဖြိုးတိုးတက်ရေးကို
ကြိုးပမ်းအကောင်အထည်ဖော် ဆောင်လာခဲ့သည်။ ကျေးလက်နေပြည်သူများ၏ ဘဝကိုမြှင့်တင်ခြင်းသည်
နိုင်ငံ၏စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။ အလားတူ
လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အမူအကျင့်ကောင်းများ၊ ဗဟုသုတများတိုးပွားရရှိစေပြီး လူမှုအဖွဲ့အစည်းများအကြား
ကူးလူးဝင်ဆံ့နိုင်သည့် ရလဒ်ကောင်းကိုလည်း ရရှိစေသည်။
ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်းအားလုံးတွင်
ဧည့်သည်များ၏ စိတ်ကျေနပ်မှုသည် လွန်စွာအဓိကကျပေသည်။ သူတစ်ပါးစိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရသဖြင့်
သိမ်မွေ့သောအလုပ်လည်းဖြစ်သည်။ တစ်ဖက်လူ၏စိတ်ကို အကဲခတ်လေ့လာပြီး စိတ်ကျေနပ်မှုရရှိအောင်
မိမိဘက်မှဖြည့်ဆည်းဆောင်ရွက်ပေးရသည်။ အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှုတွင် အလုပ်ကိုတန်ဖိုးထားသည့်
ဝန်ထမ်းများအပေါ် များစွာ တည်မှီနေပေသည်။ ခရီးသွားလုပ်ငန်းနှင့် နှီးနွှယ်ဆက်စပ်သည့်
ဧည့်လမ်းညွှန်များ မွေးထုတ်ခြင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်းပေးခြင်း၊ မိတ်ဖက်လုပ်ငန်းရှင်အချင်းချင်း
အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း၊ ခရီးသွားများ၏လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ
အစီအမံများ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများသည်
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးပါလှသည်။
မြန်မာ့ရေမြေ၊ တောတောင်သဘာဝအလှ အထင်ကရနေရာတစ်ခုအဖြစ် အမွှမ်းတင်ကျန်ရစ်အောင်
ဝိုင်းဝန်းကြိုးစားရမည်။ ရိုးသားရမည်။ ယဉ်ကျေးဖော်ရွေရမည်။ အစဉ်သဖြင့် နာမည်ရှင်သန်နေရမည်
ဖြစ်ပါသည်။ ခရီးသွားများအတွက် ချောမွေ့သောခရီးစဉ်များကို လိုလားတောင့်တစမြဲ ဖြစ်သည်။
ခရီးစဉ်တွင်မဖြစ်မနေ ထိတွေ့ဆက်ဆံရသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ယာဉ်များ၏ နွေးထွေးပျူငှာသော ဆက်ဆံရေးတစ်ရပ်ကို
မျှော်လင့်ကြသည်။ ခရီးသွားလိုသူများအတွက် ခရီးသွားအိပ်မက်များက ရိုးစင်းသည်။ ရေစိမ်းမြေစိမ်းဒေသ၏
အငွေ့အသက်ကိုခံစားလိုကြသည်။ မထိတွေ့ဖူးသော ရေမြေပေါ်ခြေချ၍ ကိုယ်စိတ်နှစ်ပါး အပန်းဖြေလိုကြသည်။
အများအားဖြင့် မြန်မာလူမျိုးအများစုသည် ခရီးသွားရာတွင် ထင်ရှားသော နေရာဒေသများကို ရွေးချယ်သွားလာကြသည်။
ခရီးသွားရာတွင် ကုသိုလ်လည်းရ၊ စိတ်အပန်းပြေရသော ဘုရားဖူးခရီးစဉ်များကို အများဆုံးရွေးချယ်ကြသည်။
ရှေးခေတ်အသုံးအဆောင် ယဉ်ကျေးမှုအနုပညာရသများ
မြန်မာနိုင်ငံတွင် အထင်ကရသွားလာ လည်ပတ်စရာဒေသများ၊ သမိုင်းဝင်နေရာများ၊
ဘာသာတရား၏ အရိပ်လက္ခဏာ တန်ခိုးကြီးဘုရားများဖြင့် ပြည့်နှက်နေပေသည်။ ပြည်တွင်း/ပြည်ပ ခရီးသွားများ ရန်ကုန်ရောက်လျှင်
ရွှေတိဂုံဘုရားကို ဖူးမြော်ကြသည်။ ထို့အတူ မြန်မာတို့၏ နှလုံးသားစုဆုံရာ ပုဂံဒေသရှိ
စေတီပုထိုးများစွာနှင့် ရှေးခေတ်အသုံးအဆောင်၊ ယဉ်ကျေးမှု အနုပညာရသများစွာကိုလည်း လေ့လာကြသည်။
ထိုမှတစ်ဆင့် ခရီးဆန့်လာလျှင် နေပြည်တော်ကို ဝင်ရောက်လည်ပတ်နိုင်ပြန်သည်။ နေပြည်တော်သည်
အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနများ ရုံးစိုက်ရာ မြို့တော်ဖြစ်သည်။ ကျယ်ဝန်းသော လမ်းမကြီးများနှင့် အဝိုင်းပတ်များက နေပြည်တော်၏ အလှပမာဖြစ်သည်။ တောရိပ်၊
တောင်ရိပ် အမှီပြုထားသည့် နေပြည်တော်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ပုံစံတူဥပ္ပါတသန္တိစေတီတော်၊
လက်လုပ်တောင်ဘုရား၊ ရွှေလွှမ်းတောင်ဘုရား၊ လှေခွင်းတောင်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊
နေပြည်တော် ဗုဒ္ဓဂယာ၊ နေပြည်တော်ပုဂံဘုရား၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ စမတောင်၊ နဂါးဘုရားများကို
လှည့်လည်ဖူးမြော်နိုင်ပေသည်။ အလားတူ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တပ်မတော် စစ်သမိုင်းပြတိုက်၊
ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ငလိုက်ဆည် ဆင်စခန်းများကိုလည်း အပန်းဖြေသွားရောက် လည်ပတ်နိုင်သည်။
နိုင်ငံ့ခရီးသွားလုပ်ငန်းများမှတစ်ဆင့် နိုင်ငံအချင်းချင်း၊
ဒေသအချင်းချင်း လူ့တန်ဖိုး၊ စီးပွားရေးအတွေးအမြင်၊ သမိုင်းအမွေအနှစ်ထိန်းသိမ်းခြင်း၊
တောတောင်သဘာဝဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ရိုင်းပင်းကူညီခြင်းဆိုင်ရာ လိုက်နာသင့်သည့်
ကျင့်ဝတ်များသည် နိုင်ငံဖွံ့ဖြိုးမှုနှင့်အတူ တစ်ပါတည်း ရှင်သန်ဖွံ့ဖြိုးလာနိုင်သည်။
သို့ဖြစ်၍ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရန် စဉ်ဆက်မပြတ် လေ့လာအားထုတ်ရမည်ဖြစ်သည်။
ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အချက်အလက်များကို သဘောပေါက်နားလည်ပြီး ဒေသထွက်ပစ္စည်းများ၏
အရည်အသွေးနှင့် တန်ဖိုးမျှတ အမှတ်တရပစ္စည်းများကို ဝယ်လိုအားမြှင့်တင်နိုင်သည်။ ခရီးသည်များအတွက်
ခရီးစဉ်ရောက် ဒေသထွက် အမှတ်တရ ပစ္စည်းများ ကြံ့ခိုင်ရေး၊ တာရှည်ခံရေး၊ မြတ်နိုးတန်ဖိုးထားစေရေး
မိမိဘက်က ပေးစွမ်းရမည်မှာ စေတနာသာဖြစ်ပါသည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးအခန်းကဏ္ဍအတွက်များစွာ
အထောက်အကူပြုပေသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိသည့်လုပ်ငန်းဖြစ်သဖြင့်
တိုင်းပြည်ဝင်ငွေတိုးတက်ရေး ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးဟု ညွှန်းဆိုရမည်ပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခရီးသွားလုပ်ငန်းကို သူ့နည်းသူ့ဟန်ဖြင့် မြှင့်တင်လျက်ရှိကြသည်။
ခရီးသွားလုပ်ငန်းကို လေ့လာဆန်းစစ်ကြည့်လျှင် ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ပြီး ဒေသခံများ၏ ကိုယ်တိုင်စီမံခန့်ခွဲမှု၊
ကိုယ်ရည်ကိုယ်သွေး၊ စီးပွားရေးအမြင်၊ မျှဝေခံစားနိုင်စွမ်းအားများ မြင့်တက်လာနိုင်သည်။
အလားတူ မိမိဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များစွာကို စနစ်တကျထိန်းသိမ်း
ကာကွယ်သွားနိုင် မည်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှု၊ မဖွံ့ဖြိုးမှုကို အဖြေညှိနိုင်သည့် ခရီးသွားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုဗဟိုပြု၍
နိုင်ငံဖွံ့ဖြိုးရေးအတွေးအမြင်ဖြင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်းများစွာ
ဖန်တီးနိုင်ခြင်းဖြင့် ပိုမိုတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်လိမ့်မည်ဟု
ယုံကြည်စွာဖြင့် ရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment