Saturday, October 22, 2022

ဒုံးယိမ်းမြေက သဘာဝအခြေခံ ခရီးစဉ်ဒေသများ

 


မင်းသီဟ

ခရီးသွားခြင်းသည် အကောင်းဆုံးသော သင်ကြားမှုဟုဆိုကြသည်။ ခရီးသွားခြင်းသည် ကောင်းသောအလေ့အထတစ်ခုအဖြစ် ခံယူလာကြသည်။ သို့အတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသည့် လူမှုပတ်ဝန်းကျင်မှ ခေတ္တဖယ်ခွာပြီး ခရီးသွားခြင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေခြင်းအလေ့သည် ထင်ရှားလာသည်။ ထိုသို့ ခရီးသွားလာရာတွင်လည်း မွန်းကျပ်သည့်လူနေမှုစနစ်နှင့် နီးစပ်ရာနေရာဒေသများကို ရှောင်ရှားပြီး အေးချမ်းသည့်၊ သာယာသည့် သဘာဝရေမြေတောတောင်များဆီ ခရီးသွားမှုများလာသည်။ သဘာဝရေမြေတောတောင်များနှင့် နီးစပ်ရာဒေသသို့ ခရီးသွားမည်ဆိုပါက သဘာဝကိုအခြေခံထားသည့် ခရီးစဉ်ဒေသများစွာတည်ရှိရာ ဒုံးယိမ်းမြေခေါ် ကရင်ပြည်နယ်ကို ညွှန်းဆိုရမည်သာ။

ဇွဲကပင်တောင်နှင့် ကန်ပတ်လည်သဘာဝရှုခင်း

ကရင်ပြည်နယ်အတွင်းရှိ သဘာဝအခြေခံ လည်ပတ်စရာနေရာတစ်ခုကား ပြည်နယ်မြို့တော် ဘားအံမြို့လယ် ကန်သာယာကန်သာပင်။ မြို့၏အလယ်တွင် ကန်ကြီးတည်ရှိပြီး ကန်ဖြတ်ကူး တံတားပေါ်တွင် အပန်းဖြေလမ်းလျှောက်ရင်း ဇွဲကပင်တောင်နှင့် ကန်ပတ်လည်သဘာဝရှုခင်းကို ငေးမောခံစားနိုင်သည့် အရသာသည် ပြည်တွင်းပြည်ပခရီးသွားများကို တစ်ခေါက်ပြီး နောက်တစ်ခါ လာလည်ချင်အောင် ဆွဲဆောင်ထားနိုင်သည်။ မြို့တော်ဘားအံမြို့ရှိ ကန်သာယာသည် ပြည်တွင်း ပြည်ပခရီးသွားများ နှစ်သက်စွာလည်ပတ်လေ့ရှိသည့် အထင်ကရနေရာတစ်ခုဖြစ်သည်။

ကန်သာယာကဲ့သို့ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ထူးခြားဆန်းပြားသည့်ဂူများ၊ ထုံးကျောက် တောင်များ၊ ရေတံခွန်များ စသည့်သဘာဝအလှအပ များစွာတည်ရှိနေသည်။ သဘာဝအလှအပများ သာမက ချစ်စရာရိုးရာဓလေ့များ၊ ရိုးရာပွဲတော်များပေါများသည့် ပြည်နယ်လည်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ကော့ကသောင်ဂူ၊ ရသေ့ပျံဂူ စသည့် သဘာဝလိုဏ်ဂူများသည် ခရီးသွားများအကြားထင်ရှားပြီး လည်ပတ်မှုများသည့်နေရာများဖြစ်သည်။ အဆိုပါသဘာဝဂူများထဲမှ ဆဒ္ဒန်ဂူသည် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်းများ ကြွယ်ဝသောဂူကြီးဖြစ်သည်။ ဂူအတွင်းသို့ဝင်လျှင်ဝင်ချင်း ဉာဏ်တော်အတောင် ၃၀ ခန့်ရှိသော လျောင်းတော်မူတစ်ဆူကို ဖူးတွေ့နိုင်ပြီး ဆင်းတုတော်များ၊ စေတီငယ်များကိုလည်း ဂူအတွင်း နေရာအနှံ့အပြား တည်ထားသည်ကို ဖူးတွေ့နိုင်သည်။

တိုးလျှိုပေါက်ကျောက်ဂူဖြစ်ပြီး ဂူပေါက်ဝအကျယ်ဆုံးနှင့် ဂူအတွင်းဂူအနောက်ဘက် ထွက်ပေါက်မှတစ်ဆင့် ဂူအရှေ့ထိ ဆဒ္ဒန်ရေကန်ငယ်ဖြင့် ဝန်းရံထားပြီး အပျော်စီးလှေငယ်များ စီးကာသဘာဝအလှကို ခံစားနိုင်သည့်နေရာတစ်ခုဖြစ်သည်။

ဆဒ္ဒန်ဂူကဲ့သို့ ရသေ့ပျံဂူသည်ဂူအတွင်း ဘုရားစေတီတည်ရှိသည့် သဘာဝဂူတစ်ခုဖြစ်သည်။ ရသေ့ပျံဂူသည် ဘားအံမြို့မှ ကိုးမိုင်အကွာတွင်တည်ရှိပြီး နှစ်ဖက်ပွင့် သဘာဝထုံးကျောက်ဂူအမျိုးအစားဖြစ်သည်။ မြေစေး၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော ပုဂံ၊ အင်းဝ၊ တောင်ငူနှင့် ကုန်းဘောင်ခေတ်ပြိုင်ကာလ ရှေးဟောင်းလက်ရာများကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ပြင် လာရောက်လည်ပတ်သူများအနေဖြင့် ဂူ၏အနောက်ဘက် သဘာဝအလှအပကို ခံစားကြည့်ရှုနိုင်ရန် ရှုခင်းသာတံတားကိုပါ တည်ဆောက်ပေး ထားသည်။

ကော့ဂွန်းဂူဘုရားပွဲတော်

ပြည်နယ်အတွင်းရှိ သဘာဝလိုဏ်ဂူများတွင် ကော့ဂွန်းဂူသည် ရှေးအကျဆုံးလိုဏ်ဂူကြီးဖြစ်သည်။ ကော့ဂွန်းဂူ၏ လိုဏ်ဂူအမိုးနှင့် ဆေးရေးနံရံကျောက်ခက်ကျောက်စွယ်များသည် သဘာဝကျကျ လှပစွာ တည်ရှိနေပြီးဗုဒ္ဓဆိုင်ရာကျောက်ဆစ် ရုပ်ပွားတော်များကို ဂူနံရံပြည့်ထွင်းထုထားသည်။ ဂူအတွင်း မင်စာ၊ ကျောက်စာနှင့် ရှေးမွန်စာတို့ကိုလည်း လေ့လာနိုင်သည်။ ကော့ဂွန်းဂူဘုရားပွဲတော်ကို ဧပြီလအတွင်း နှစ်စဉ်ကျင်းပလေ့ရှိသည်။

ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များဖြင့် လှပသည့်တစ်ဖက်ပွင့်ဂူအမျိုးအစား ကော့ကသောင်ဂူသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်သည်။ ကော့ကသောင်ဂူသည် ဘားအံမြို့မှ တောင်ဘက်ခုနစ်မိုင်အကွာ ဇွဲကပင်တောင်၏ အရှေ့ဘက်နှစ်မိုင် အကွာတွင် တည်ရှိသည်။ ဂူအတွင်း ဘယ်၊ ညာနှစ်ဖက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဖူးမြော်နိုင်ပြီး အခြားဂူငယ်များလည်း တစ်ဆက်တည်း တည်ရှိနေသည့်နေရာဖြစ်သည်။

ဂူမျက်နှာစာတွင် တည်ရှိနေသည့်သဘာဝရေပူ၊ ရေအေးစိမ့်စမ်းအိုင်များ၌ ရေချိုးအပန်းဖြေရင်း ရှေးဟောင်းလက်လုပ်မြေအုတ်၊ ဂဝံကျောက်အုတ်များဖြင့် ထုလုပ်ပူဇော်ထားသော ဘုရားများစွာ တည်ရှိနေသည့် ဘုရင့်ညီဂူ၊ ဂူအတွင်း လင်းနို့များစွာ ရှင်သန်နေထိုင်ပြီးလင်းနို့ထွက်သည့် နေဝင်ချိန်ကို စောင့်ကြည့်ခြင်းဖြင့် စည်ကားနေသည့် လင်းနို့ဂူ၊ ကမ္ဘာ့အသေးဆုံး လင်းနို့မျိုးစိတ်သစ်များကို လေ့လာနိုင်သည့် ကျွဲမင်းဂူတို့ကို ခရီးသွားများ သွားရောက်လေ့ရှိသည်။

ခရီးသွားများနှင့် ထိတွေ့မှုနည်းသော်လည်း သဘာဝကျကျလှပသည့် ဘားအံမြို့ နောင်ပလိန် ကျေးရွာအနီးရှိ နှစ်ဖက်ပွင့်ထုံးကျောက်ဂူ ဣစ္ဆာသယဂူကိုလည်း ခရီးသွားများ အဆင်ပြေစွာလည်ပတ် နိုင်မည့် နေရာတစ်ခုဖြစ်လာစေရန် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများက ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသည်။

တောင်တက်ခြင်းနှစ်သက်သူများ

ကရင်ပြည်နယ်သည် သဘာဝလိုဏ်ဂူများစွာ တည်ရှိနေသကဲ့သို့ တောင်များပေါများသည့် ပြည်နယ်လည်းဖြစ်သည်။ ပြည်နယ်အတွင်းရှိ ဇွဲကပင်တောင်သည် ပြည်နယ်အထိမ်းအမှတ် လည်ပတ် စရာနေရာတစ်ခုဖြစ်ပြီး ခရီးသွားများအကြား လူသိများထင်ရှားပြီးဖြစ်သည်။ ဇွဲကပင်တောင်ကဲ့သို့ တောင်ဝိုင်းတောင်သည် ပွင့်လင်းရာသီတွင် ခရီးသွားလည်ပတ်မှုများသည့် ခရီးစဉ်နေရာတစ်ခုဖြစ်သည်။ တောင်ပေါ်ရှိ စတီးလှေကားမှတစ်ဆင့် ရှုမျှော်တွေ့မြင်ရသော သဘာဝဝန်းကျင်သည် တောင်တက်ခြင်းနှစ် သက်သူများကို ထပ်မံလာလည်ချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။

ကရင်ပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် မုလအိတောင်တက်ရင်း ဆုတောင်းပြည့်မုလအိစေတီတော်သို့ သွားရောက်ဖူးမြော်ကြသည့် ခရီးသွားပြည်သူများလည်းရှိသည်။ မုလအိတောင်သည် ဘားအံမြို့၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၁၀၀ ကျော်၊ မြဝတီမြို့မှ မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသည်။ မုလအိ စေတီတော်သို့ ဘားအံ- မြဝတီ- တနော်ထာ့လမ်းကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် တက်ရောက်နိုင်သကဲ့သို့ ဘားအံ-ကော့ကရိတ်-ကျိုက်ဒုံလမ်းခွဲမှတစ်ဆင့် ကျိတ်-တဒဲ့ခိုကျေးရွာ လမ်းကြောင်းအတိုင်း ခြေကျင်ခရီးဖြင့် သွားရောက်မှုလည်းရှိသည်။

ထို့အတူ ဘားအံမြို့မှ ၁၆ မိုင်ခန့်အကွာ ဘားအံ-မြဝတီကားလမ်းပေါ်ရှိ သမိုင်းဝင်လွန်းည စေတီအနီး၌ တည်ရှိသည့် လွန်းညတောင်နှင့်လွန်းညရေပြာအိုင်သည် ခရီးသွားလာရောက်မှု ရှိသည့်နေရာတစ်ခုဖြစ်သည်။ တောင်ပတ်ဝန်းကျင်ရှိ ရေပြင်၊ လယ်ကွင်းများနှင့် လွန်းညတောင်တို့ကို လှပစွာတွဲဖက်ထားသကဲ့သို့ပင်။ တောင်စဉ်တောင်တန်းများပေါ်မှ စီးဆင်းလာသောရေသည် အိုင်အတွင်းရောက်သည့်အခါ ပြာလဲ့လဲ့ အရောင်ဖြင့် ခရီးသွားများကို ဆွဲဆောင်ထားသည်။ လွန်းညရေပြာအိုင်သည် ဗျိုင်းနှစ်ကောင်ဘုန်းကြီး ကျောင်းအတွင်းတည်ရှိနေသည့်အတွက် ဗျိုင်းနှစ်ကောင်ကျောင်းရေပြာအိုင်ဟု ဒေသခံများကခေါ်ဆိုကြသည်။

ထုံးကျောက်ဖြင့် ဖြစ်တည်နေသော သဘာဝတောင်ထွတ်ကြောင့် ကံလာဘ်စေတီကိုလည်း ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားဧည့်သည်များပါ သွားရောက်မှုရှိသည်။ ထို့ကြောင့် ကံလာဘ်စေတီသို့ လာရောက်သည့် ခရီးသွားဧည့်သည်များကို သက်သတ်လွတ်ထမင်းနှင့် ဟင်းလျာများ တည်ခင်းဧည့်ခံကျွေးမွေးလျက်ရှိသည်။ ခရီးသွားဧည့်သည်များအနေဖြင့် တောင်ပေါ်မှ ဘားအံမြို့ရှုခင်း၊ ဇွဲကပင်တောင်ရှုခင်းကို ရှုမျှော်ခံစားနိုင်သည့် ကံလာဘ်စေတီသည် ဘားအံမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။

ပြည်နယ်အတွင်းရှိ တောင်များကို ခရီးစဉ်ဒေသများအဖြစ် လည်ပတ်မှုရှိသကဲ့သို့ ပြည်နယ်အတွင်းရှိ ရေတံခွန်များသည် လာရောက်လည်ပတ်သူများ စိတ်ကျေနပ်နှစ်သက်မှုပေးစွမ်းနိုင်၍ အများပြည်သူ အားလပ်ရက်များတွင် အပန်းဖြေလာရောက်မှုရှိသည်။

ပြည်နယ်အတွင်းမှ ကျုံထော်ရေတံခွန်သည် မိုးရာသီတွင် သွားလာရန်ခက်ခဲသည့်အတွက် ခရီးသွားဝင်ရောက်မှု နည်းပါးသော်လည်း ပွင့်လင်းရာသီရောက်သည့်အခါ ပြည်တွင်းခရီးသွားအများအပြား လာရောက် လည်ပတ်ကြသည်။

ပရေကြေတိုရေတံခွန်

ထို့အတူ ခရီးသွားများလည်ပတ်မှုနည်းသော်လည်း လှပစွာ အဆင့်ဆင့်စီးဆင်းနေသည့် ပရေကြေတို ရေတံခွန်ကို ခရီးစဉ်တစ်ခုအဖြစ် ခရီးသွားများ အဆင်ပြေပြေလည်ပတ်နိုင်စေရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပရေကြေတိုရေတံခွန်သည် လှိုင်းဘွဲ့မြို့နယ် ရှမ်းရွာသစ်အနီးတွင်တည်ရှိသည်။ ပရေကြေတိုရေတံခွန်သည် အဆင့် ၁၀ ဆင့်ခန့်ရှိပြီး ကျောက်ကြားမှ ရေလွှာသည် အဆင့်ဆင့်စီးဆင်းလျက်ရှိသည်။

ရေတံခွန်သို့ လာရောက်လည်ပတ်သူများသည် ပြေပြစ်သောကျောက်လွှာများတွင် ရေလွှာလျှောစီး၍ အပန်းဖြေရေချိုးလေ့ရှိကြသည်။

ကော့ကရိတ်မြို့နယ်အတွင်းတည်ရှိသည့် ရေလွှာအဆင့်သုံးဆင့်ပါရှိသော တောနော်ရေတံခွန်ကိုလည်း ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန်ပြည်နယ်အစိုးရအနေဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး ရေတံခွန်သို့ လာရောက်လည်ပတ်သူများ အဆင်ပြေမှုရှိစေရန်အတွက် အပန်းဖြေဘန်ဂလိုများ၊ စျေးဆိုင်တန်းများကို ဆောက်လုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်သို့ လည်ပတ်မည့် ခရီးသွားပြည်သူများသည် မက္ကသာ(ထီလောင်ယှူး) ရေတံခွန်သို့ သွားရောက်၍ အပျော်တမ်းလှေစီးခြင်း၊ ရေကူးခြင်းတို့ဖြင့် အပန်းဖြေအနားယူနိုင်သည့်အတွက် ခရီး သွားပြည်သူအကြိုက် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ မက္ကသာ (ထီလောင်ယှူး) ရေတံခွန်သည်ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာ ဘေးမဲ့သစ်တောဧရိယာအတွင်း တည်ရှိသည်။

ကရင်ရိုးရာအစားအစာများကို မြည်းစမ်းနိုင်

အလားတူ ဘားမဲတောင်ရုက္ခဗေဒသဘာဝ အပန်းဖြေဥယျာဉ်ကို ခရီးသွားပြည်သူများ လာရောက်သည့်အခါ ပိုမိုအဆင်ပြေစွာလည်ပတ်နိုင်စေရန် ပြည်နယ်အစိုးရအနေဖြင့် ဥယျာဉ်အတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ တောင်တက်လမ်း၊ တောင်ပတ်လျှောက် လမ်း၊ View Point Decking၊ ရေပန်း၊ ကျောက်ရေတံခွန်၊ ကလေးကစားကွင်းနေရာ၊ ကျန်းမာရေးလေ့ကျင့် ခန်းပြုလုပ်ရန်နေရာ၊ ရေကူးကန်နှင့် ရေလွှာလျှောစီးနေရာ စသည့်အပန်းဖြေလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်စီမံထားရှိသည်။ ထို့အတူ ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သူများအနေဖြင့် ဥယျာဉ်အတွင်း လည်ပတ်ရင်းကရင်ရိုးရာ အစားအစာများကို မြည်းစမ်းနိုင်မည့် ရိုးရာအစားအစာ ရောင်းချသည့်ဆိုင်များ၊ ပြည်နယ်အမှတ်တရ ပစ္စည်းဆိုင်များလည်း ဖွင့်လှစ်ထားသည်။ သဘာဝအပန်း ဖြေဥယျာဉ်ဖြစ်သည့်အားလျော်စွာ ဥယျာဉ်အတွင်းရှိ သစ်ပင်ပန်းမန်များကို ရှုချင်သဖွယ်ဖြစ်အောင်၊ သဘာဝဝန်းကျင်ကို လေ့လာလည်ပတ်ရင်း အပန်းဖြေနိုင် အောင် စီမံထားရှိကြောင်း သိရသည်။

သဘာဝအတိုင်း နေထိုင်ကျက်စားမှုကို လေ့လာနိုင်သည့် ငှက်ကြည့်ခရီးစဉ်

ပြည်နယ်အတွင်း သဘာဝရေတံခွန်များသို့ သွားရောက်လည်ပတ်သကဲ့သို့ ဘားအံမြို့မှ ၁၅ မိုင်ခန့်အကွာ ဘားအံ-မော်လမြိုင်ကားလမ်းဘေး ကော့ဒီကျေးရွာ၌ ခရုစုပ်ငှက်အကောင်ရေ ၁၀၀၀၀၀ ခန့် သဘာဝအတိုင်း နေထိုင်ကျက်စားမှုကို လေ့လာနိုင်သည့် ငှက်ကြည့်ခရီးစဉ်ကို ပြည်နယ်၏ ခရီးသွားဆွဲဆောင်မှု ခရီးစဉ်ဒေသအသစ်တစ်ခု ဖြစ်ပေါ်လာရေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း သံတောင်ကြီးဒေသသည် ခရီးသွားခြင်းကို နှစ်သက်သည့် ခရီးသွားပြည် သူများအကြား ထင်ရှားလာသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သံတောင်ကြီးဒေသ ဘောဂလိမြို့နယ်အတွင်းရှိ ပလက်ဝဆည်အတွင်း ငါးမျှားခြင်း၊ လှေစီးခြင်း စသည်တို့ဖြင့် အပန်းဖြေအနားယူနိုင်သော Ecotourism ခရီးစဉ်ဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ကရင်ပြည်နယ်အတွင်း တည်ရှိနေသည့် သဘာဝရေမြေတောတောင်များကို အခြေခံ၍ လေ့လာလည်ပတ်နိုင်သည့် ခရီးစဉ်များသည် ခရီးသွားပြည်သူအကြိုက် နေရာဒေသများဖြစ်သည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် သဘာဝတောတောင်ရှုခင်းများကို လည်ပတ်ခံစားရင်း အပန်းဖြေနိုင်စေရန် အတွက် ကရင်ပြည်နယ်သို့ တစ်ခေါက်တစ်ခါ အလည်အပတ်သွားနိုင်စေရန်အလို့ငှာ ရေးသားတင်ပြလိုက် ရပါသည်။ ။

No comments:

Post a Comment